backup og meta

Keto diet က အတက်ရောဂါကို သက်သာစေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Keto diet က အတက်ရောဂါကို သက်သာစေသလား

    Keto diet ဆိုတဲ့ စကားလုံးကိုခုခေတ်လူတွေ သိပ်မစိမ်းတော့ပါဘူး။ ဝိတ်ချတဲ့နေရာမှာ နာမည်ကြီး နည်းလမ်းဖြစ်တဲ့အတွက် လူတိုင်းက သိနေကြပါပြီ။ ဒါပေမယ့် ဒီ Keto dietကို ဝိတ်ချတဲ့နေရာမှာတင် မဟုတ်ဘဲ အတက်ရောဂါကုသတဲ့နေရာမှာပါ သုံးလို့ရတယ်လို့ ပြောရင် ယုံပါ့မလား မသိ။ ဒါက တကယ်ပြောတာပါ။ ပြီးတော့ ဒီနည်းလမ်းကို လွန်ခဲ့တဲ့ နှစ်၁၀၀ ၁၉၂၀လောက်တည်းက သုံးတယ်ဆိုရင် ပိုတောင် အံ့သြမယ်နဲ့တူပါတယ်။ တကယ်လည်း သုံးခဲ့ပြီး သက်သာလာတာတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။

    Keto diet ဆိုတာ ဘာလဲ။

    Keto dietဆိုတာ အလွယ်သိအောင်ပြောရရင် ကာဘိုဟိုက်ဒရိတ်ကိုဖြတ်ပြီး အဆီကို စားတာပေါ့။ အတိအကျပြောရမယ်ဆိုရင် အဆီများများ၊ ကာဘိုဟိုက်ဒရိတ်နည်းနည်း၊ ခန္ဓာကိုယ်ကြီးထွားဖို့ လိုအပ်တဲ့ ပရိုတိန်း စသဖြင့် စားပေးရတာပါ။ အချိုးအဆအရဆိုရင် အဆီ ၃၊ ၄ ဂရမ်စားတိုင်းမှာ ကာဘိုဟိုက်ဒရိတ် ၁ ဂရမ်၊ ပရိုတိန်း ၁ ဂရမ် စားပေးတာမျိုးပါ။ ဒါကြောင့် ခန္ဓာကိုယ်က သုံးဖို့လိုတဲ့ ကယ်လိုရီတွေရဲ့ ၉၀ရာခိုင်နှုန်းကို အဆီကနေ ရနေပါတယ်။

    ပုံမှန်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီရဖို့အတွက် ကာဘိုဟိုက်ဒရိတ်ကို ဖြိုပြီး သုံးရတာပါ။ ခုကာဘိုဟိုက်ဒရိတ် မရှိတော့ အဆီကို ဖြိုပြီး သုံးရတာပေါ့။ အဆီကို ဖြိုလိုက်တဲ့အခါ  ketoneဆိုတာ ထွက်လာပါတယ်။ ဒါကနေ စွမ်းအင်ကို ယူသုံးတာပါ။ ဒီဖြစ်စဉ်ကို ketosis လို့ ခေါ်ပါတယ်။

    ဘယ်လို အတက်ရောဂါကလေးတွေ အတွက် သင့်တော်လဲ။

    ဘယ်လို အတက်ရောဂါကလေးနဲ့မဆို သင့်တော်ပါတယ်။ အထူးသဖြင့် အတက်ကျဆေးတွေ အများကြီးသောက်နေရတဲ့ ကလေးတွေ၊ ဆေးမတိုးတော့တဲ့ ကလေးတွေ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးခံနေရတဲ့ ကလေးတွေမှာ အသုံးများပါတယ်။ ကလေးတွေ၊ လူငယ်တွေကို ဒီနည်းနဲ့ ကုနိုင်ပါတယ်။ ကလေးက အသက်ငယ်ရင်တော့ ပိုပြီး ဂရုစိုက်ပေးရမှာပေါ့။ Keto dietစားတဲ့ ကလေးတိုင်း အတက်ရောဂါ သက်သာမယ်လို့ ယတိပြတ်မပြောနိုင်ပေမယ့် ဘယ်လို အတက်ရောဂါမှာဖြစ်ဖြစ် Keto dietကို သုံးလို့ရပါတယ်။

    Keto dietရဲ့ ကောင်းကျိုးတွေ

    ကောင်းကျိုးကတော့ ကလေးက အတက်ရောဂါ သက်သာလာတာပါ။ အတက်ရောဂါရဲ့ သဘာဝက အပြီးမပျောက်ရင်တောင် တက်တဲ့ အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်ရပါမယ်။ ဂျွန်ဟော့ကင်း တက္ကသိုလ်က ပညာရှင်တွေက Keto dietစားနေတဲ့ ကလေး အယောက် ၁၅၀ကို လေ့လာခဲ့ပါတယ်။ တစ်နှစ်ကြာတဲ့အခါ ကလေးတွေရဲ့ တစ်ဝက်က တက်တဲ့ အကြိမ်ရေ ထက်ဝက်လောက် နည်းသွားတာ တွေ့ရပါတယ်။ ၄ပုံ ၁ပုံကတော့ ၉၀ရာခိုင်နှုန်းလောက် သက်သာသွားပါတယ်။ နှစ်အနည်းငယ်ထပ်ကြာတဲ့အခါမှာ ကလေးတော်တော်များများက ဆေးသောက်စရာ မလိုတော့ပါဘူး။

    ဒီလိုကောင်းကျိုးတွေ ရှိရဲ့နဲ့ ဘာလို့ ကလေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုတာလဲလို့ မေးစရာ ရှိပါတယ်။ အောက်က အချက်တွေ ကြောင့်ပါပဲ။

    Keto diet ကျွေးမယ်ဆိုရင် စဉ်းစားသင့်တဲ့ အချက်တွေ

    • အာဟာရကို အတိအကျတွက်ဖို့ လိုပါတယ်။

    ခုနက ပြောသလို အဆီက ဘယ်လောက်၊ ကာဘိုဟိုက်ဒရိတ်က ဘယ်လောက် အတိအကျဖြစ်ရမှာပါ။ ကလေး တစ်နေ့တာ စားသမျှ၊ သောက်သမျှ၊ နောက်ဆုံး သူသုံးတဲ့ သွားတိုက်ဆေးထဲမှာ ဘာပါလဲအထိ အသေးစိတ်လိုက်ကြည့်နိုင်ရမှာပါ။

    • ပညာရှင် အကူအညီလိုပါတယ်။

    တွက်ချက်ရမှာတွေ၊ ကလေးကို ကျွေးလို့ရတဲ့ အစားအစာတွေ၊ ဆေးအတိုးအလျှော့တွေ စတာတွေကို ကောင်းကောင်းစီမံနိုင်ဖို့ အာဟာရဆရာဝန်၊ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်တွေနဲ့ အမြဲမပြတ် တိုင်ပင်နေရမှာပါ။

    • ရေရှည်ကျွေးရမှာ ဖြစ်တယ်။

    တစ်လ နှစ်လ မဟုတ်ဘဲ ကလေး ရောဂါအခြေအနေပေါ် မူတည်ပြီး နှစ်နဲ့ ချီ ကြာသွားနိုင်ပါတယ်။

    • ကလေးကို ထိန်းချုပ်ဖို့ ခက်ပါမယ်။

    ဆိုလိုတာက ကလေးက အရွယ်ရောက်လာရင် စားချင် သောက်ချင်စိတ်တွေ ရှိနေမှာပါ။ ဒီအဆီအစိမ့်တွေကိုပဲ နေ့တိုင်း စားချင်မှာ မဟုတ်ပါဘူး။ နောက်ပြီး သူငယ်ချင်းက မုန့်ကျွေးလိုက်တာတို့၊  သူများအိမ် သွားလည်တုန်း ကျွေးလိုက်တာတုန်းဆို planလွဲသွားမှာပါ။ နောက်ပြီး စစစားချင်းမှာ ကလေးက ဗိုက်ဆာတတ်ပါတယ်။ ဒီတော့ အိမ်မှာ ရှိတာတွေ လျှောက်စားနိုင်ပါတယ်။ ဒါတွေကို စောင့်ကြည့်နေရမှာပါ။ ဒါကြောင့် အကောင်းဆုံးက ကလေး ကောင်းကောင်း အရသာ မသိသေးတဲ့ အရွယ်မှာဆိုရင် ပိုပြီး ရလဒ်ကောင်းတတ်ပါတယ်။ နောက်ပြီး ကလေးကို ဒီအကြောင်းတွေကို စကတည်းက သေချာ ရှင်းပြထားရမှာပါ။ ဒါမှ သူသေချာ လိုက်လုပ်နိုင်မှာပေါ့။

    • ကလေးတိုင်းအတွက် အဆင်ပြေချင်မှ ပြေမှာပါ။

    ခုနကပြောထားသလိုပဲ အတက်ရောဂါတိုင်းအတွက် သုံးနိုင်ပေမယ့် Keto dietစားတဲ့ ကလေးတိုင်း သက်သာချင်မှ သက်သာမှာပါ။ ဒါပေမယ့် ရွေးချယ်စရာမရှိရင်၊ လုပ်လည်း လုပ်နိုင်တယ်ဆိုရင် စမ်းကြည့်လို့ရပါတယ်။

    • အာဟာရချို့တဲ့တာနဲ့ သာမန် နေမကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။

    အဆီကို အဓိက ထားပြီး စားတာ ဖြစ်တဲ့အတွက် တချို့သော ဗီတာမင်တွေ ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီအတွက် ဆရာဝန်က အားဆေးတွေ ပေးထားမှာပါ။ နောက်ပြီး ဝမ်းချုပ်တာ၊ ရင်ပူတာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ဆီးကျောက်တည်တာ၊ ဂနာမငြိမ်တာမျိုး ဖြစ်နိုင်ပါတယ်။ ရေများများသောက်မယ်၊ ဆရာဝန်နဲ့ ရက်ချိန်းပုံမှန်ပြပြီး စစ်ဆေးမယ်ဆိုရင် စောစောသိပြီး သက်သာအောင် လုပ်လို့ရပါတယ်။

    Keto dietက အသေးစိတ် ဂရုစိုက်ရပေမယ့် သေချာ လုပ်နိုင်ရင် အတက်ရောဂါကလေးတွေအတွက် အကျိုးရှိတဲ့ နည်းလမ်း တစ်ခုပါ။ အထူးသဖြင့် ဆေးတိုးဖို့ ခက်တဲ့ကလေးတွေမှာပေါ့။ Keto diet စဖို့ စဉ်းစားနေပြီဆိုရင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆရာဝန်တွေနဲ့ သေချာ တိုင်ပင်ဖို့လည်း အကြံပေးလိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement