backup og meta

အီလက်ထရောနစ်ပစ္စည်းတွေဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အီလက်ထရောနစ်ပစ္စည်းတွေဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ

    တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ဆယ်ကျော်သက်တွေသာမက ကလေးတွေရဲ့ လက်ထဲမှာပါ ဖုန်း၊ တက်ဘလက်၊ အိုင်ပတ် စတဲ့ လျှပ်စစ်ပစ္စည်းတွေကို တွေ့လာရပါတယ်။ ဖုန်းတွေ၊ ဂိမ်းတွေ မရှိဘဲ တစ်နာရီလေးတောင် မကုန်ဆုံးနိုင်ကြပါဘူး။ အရင်ခေတ်က ကလေးတွေနဲ့ အကွာကြီးကွာနေ ပါတယ်။

    ဒီလိုစက်ပစ္စည်းတွေကြောင့် အထိခိုက်ရဆုံးသူတွေဟာလည်း ကလေးတွေကိုယ်တိုင်ပါပဲ။ လျှပ်စစ်ပစ္စည်းတွေနဲ့ တစ်ချိန်လုံး မျက်နှာအပ်ထားသူ ကလေးတွေမှာ ဖွံ့ဖြိုးမှုပြဿနာကြီးမားစွာ ရှိနေပါတယ်။ အောက်မှာကြည့်လိုက်ကြရအောင်။

    ()    အသိဉာဏ်ဖွံ့ဖြိုးမှုနောက်ကျခြင်း

    သင့်ကလေးရဲ့ ဦးနှောက်ဟာမွေးခါစမှ စကာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတာပါ။ လျှပ်စစ်ပစ္စည်းတွေကို လွန်ကဲစွာ အသုံးပြုခြင်းဟာ ဦးနှောက်ဉာဏ်ရည်ဖွံဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့အပြင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ အကြားအာရုံကိုလည်း ထိခိုက်စေပါတယ်။ တီတီတာတာ စကားစပြောတတ်တဲ့အချိန်မှာ သူတို့လေးတွေကို သီချင်းဆိုပြတာမျိုး၊ ပုံပြင်ပြောပြတာမျိုးဟာ တီဗွီ၊ ဖုန်းစခရင်ပေါ်ကလူတွေမဟုတ်ဘဲ သင် ကိုယ်တိုင်ပဲဖြစ်သင့်တယ် ဆိုတာကို သတိထားပါ။

    ()    စိတ်တို၊ စိတ်ဆတ်လွယ်လာခြင်း

    မိဘတွေဟာ ကလေးတွေကို ငြိမ်နေအောင် လက်ထဲ ဖုန်းထည့်ပေးထားလေ့ရှိရာမှာ အကျင့်တဖြည်းဖြည်း ပါသွားကာ သူတို့စွဲလမ်းသွားမှ စိုးရိမ်လာပြီး ပြန်သိမ်းတတ်ကြပါတယ်။ ဒီအခါမှာ ကလေးဟာ ကြည်ကြည်ဖြူဖြူနဲ့ ပြန်ပေးလိမ့်မယ်လို့ လုံးဝမထင်လိုက်ပါနဲ့။ ပြန်မပေးပါဘူး။ အတင်းပြန်ယူလိုက်တဲ့အခါ စိတ်ဆိုးပြီး ပေါက်ကွဲ ငိုယိုပါတော့တယ်။ အလွယ်တကူစိတ်တိုတတ်တဲ့ ကလေးတစ်ယောက်ကို မလိုချင်ရင်တော့ လျှပ်စစ်ပစ္စည်းနဲ့ ကလေးတွေရဲ့ ထိတွေ့မှုအချိန်ကို ကန့်သတ်လိုက်ပါ။

    ()    ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျခြင်း

    ပြေးလွှားဆော့ကစားနေရမယ့်အစား၊ အရုပ်ကလေးတွေနဲ့ ဆော့နေရမယ့်အစား တီဗွီ၊ ဖုန်းတွေကိုပဲ ကပ်တွယ်နေရင်တော့ အကျိုးဆက်က ကိုယ်ကာယဖွံ့ဖြိုးမှုတွေ လျော့ကျလာမှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်နေပြီဆိုရင်တော့ ဒီကလေးဟာ လျှပ်စစ်ပစ္စည်းတွေပေါ်မှာပဲ အချိန်ကုန်နေပြီဆိုတာကို သတိပေးလိုက်သလိုပါ။ ထိတွေ့မှုလျှော့သင့်နေပြီလို့ အသိပေးတဲ့အချက် တစ်ချက်ပါပဲ။

    ()    လူမှုရေးပိုင်း မှာလည်း လစ်ဟာမှုရှိလာခြင်း

    ကလေးတွေဟာ ဖုန်းနဲ့ပဲ အချိန်ကုန်နေပြီဆိုရင်တော့ မိဘနဲ့ရော၊ မောင်နှမတွေနဲ့ပါ ခပ်ခွာခွာ ဖြစ်လာမှာပါ။ မရင်းနှီးတော့ပါဘူး။ ဒီအရွယ်ဟာ လျှပ်စစ်ကမ္ဘာထဲက အရုပ်လေးတွေနဲ့ သူငယ်ချင်းဖြစ်ရမယ့် အရွယ်မဟုတ်ပါဘူး။ အပြင်မှာရှိတဲ့ လူသားအစစ်တွေနဲ့ ပြေးလွှားဆော့ကစားရမယ့်အရွယ်ပါ။

    ()    အဝလွန်လာခြင်း

    အမေရိကန်နိုင်ငံမှာ ကလေး ၃ ပုံ ၁ ပုံဟာ အဝလွန်ပါတယ်။ တစ်နေ့ကို ခုနှစ်နာရီနဲ့အထက် တီဗွီကြည့်ခြင်းနဲ့ ဂိမ်းဆော့ခြင်းတွေ ပြုလုပ်လို့ပါပဲ။ ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့အခါ အဝလွန်ပြီး ကိုယ်အလေးချိန် တက်လာတာ မဆန်းပါဘူး။ ကလေးကြီးတွေမှာဆိုရင်တော့ တစ်နေကုန်ဂိမ်းဆော့နေ၊ အင်တာနက်သုံးနေတဲ့အတွက် အဟာရဖြစ်တဲ့ အစားအစာတွေကို အချိန်ပေးမစားတော့ဘဲ အသင့်စားခေါက်ဆွဲပြုတ်၊ ဟမ်ဘာဂါစတဲ့ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးကြတာကြောင့် အဝလွန်လာရတာပါ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာတွေကတော့ အများကြီးပါပဲ။

    ()    စာလုပ်ရာမှာ စိတ်မဝင်စားတော့ခြင်း

    ကလေးတွေဟာ ဖုန်း၊ ကွန်ပျူတာတွေအပေါ် အစွဲလမ်းကြီး စွဲလမ်းသွားရင်တော့ တခြားဘာကိုမှ သိပ်စိတ်မဝင်စားကြတော့ပါဘူး။ ကျောင်းသင်ခန်းစာနဲ့ ဗဟုသုတရစရာတွေဆိုရင်လည်း လှည့်တောင်မကြည့်ချင်ကြတော့ပါဘူး။ ကျောင်းစာတွေမှာ အာရုံမဝင်စားရင်တော့ ပညာရေးအတွက် ရင်ပူစရာပါ။

    ()   တစ်ဦးတစ်ယောက်ထဲ နေလိုခြင်း၊ လူဝင်မဆံ့တော့ခြင်း

    ဖုန်းကိုသုံးနေတဲ့ ကလေးတစ်ယောက်ဟာ ဖုန်းအပေါ်မှာပဲ စိတ်ဝင်စားမှုရှိပါတယ်။ ဖုန်းသုံးရင်းပဲ တစ်ယောက်တည်း အချိန်ကုန်တတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ၊ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာ လားလားမှ စိတ်မဝင်စားတော့ပါဘူး။ မယုံရင် ကလေးတစ်ယောက်ကို ဖုန်းလေးတစ်လုံး ပေးထားကြည့်ပါ။ အများနဲ့မသက်ဆိုင်တဲ့ သူလို တစ်ဦးတည်း ပြုမူနေထိုင်လာတာကို သင်မြင်ရပါလိမ့်မယ်။ ဒီလိုမျိုး သီးသန့်နေထိုင်ရင်းနဲ့ လူမှုဆက်ဆံရေးမှာ ပြဿနာရှိလာပါလိမ့်မယ်။ လူမဝင်ဆံ့တော့ဘဲ ပင်ကိုယ်အရည်အသွေးတွေကျဆင်းလာနိုင်ပါတယ်။

    ()    မျက်စိထိခိုက်ခြင်း

    ကလေးတွေမှာ မျက်လုံးကို ထိခိုက်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုက လျှပ်စစ်ပစ္စည်းတွေကို အကြည့်များခြင်းပါ။ မျက်ခမ်းခြောက်သွေ့လာမယ်။ မျက်လုံးထဲကို ပိုးအလွယ်တကူ ဝင်ရောက်လာ နိုင်မယ်။ ဒီလိုနဲ့အမြင်အာရုံပါ ထိခိုက်လာမှာပါ။ မျက်မှန်ပါဝါအထူကြီး တပ်ထားရတဲ့ ကလေးတွေကို တွေ့ဖူးကြပါလိမ့်မယ်။ ဖုန်းအလွန်ကြည့်ခြင်းရဲ့ အကျိုးဆက်ပါ။ ဒါ့အပြင် ဖုန်းစခရင်က ထွက်လာတဲ့အပြာရောင် အလင်းဟာ Melatonin ဟော်မုန်းထွက်လာမှုကို ကန့်သတ်လိုက်ပါတယ်။  Melatonin ဟာ နှစ်ခြိုက်စွာအိပ်ပျော်စေတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းမထွက်တော့တဲ့အခါ အိပ်စက် ခြင်းပြဿနာတွေရှိလာမှာပါ။

    ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို မလိုအပ်ဘဲ လုံးဝဖုန်းပေးမကိုင်ပါနဲ့။ အကွာအဝေး တစ်ခုကနေ တီဗွီကြည့်ခြင်းဟာ ဖုန်းကိုစိုက်ကြည့်နေတာထက်စာရင် အန္တရာယ်နည်းပါတယ်။

    ()    ဇက်ကြောတက်ခြင်း ခါးနာခြင်း

    ကလေးတွေဟာ ကိုယ်နေဟန်ထား မှန်မှန်ကန်ကန်နဲ့ ဖုန်းမကြည့်ကြပါဘူး။ ဖြစ်သလို အနေအထား (ဆိုဖာပေါ် ခွေခေါက်ထိုင်ခြင်း၊ ခုံပေါ်မှာ ခါးတည့်တည့်မတ်မတ် မထိုင်ဘဲ ကွေး၍ထိုင်ခြင်း)နဲ့ ဖုန်းသုံးကြတာပါ။ အကျိုးဆက်အနေနဲ့ ဇက်ကြောတက်ခြင်း၊ ခါးနာခြင်းစတဲ့ ကြွက်သားပြဿနာတွေ ခံစားရလာမှာပါ။

    (၁၀ဓာတ်ရောင်ခြည်ထိတွေ့ခြင်း

    စမတ်ဖုန်း၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေကနေ ဓာတ်ရောင်ခြည်တွေ ထုတ်လွှတ် ပါတယ်။ ဓာတ်ရောင်ခြည်တွေကို ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အရွယ်ရောက်ပြီးသူ တစ်ယောက်ထက်စာရင် ပိုပြီးစုပ်ယူနိုင်ပါတယ်။ ဒီလိုဓာတ်ရောင်ခြည်တွေဟာ ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်း သင်ကလေးကို ဖုန်း၊ ကွန်ပြူတာစတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ထိတွေ့မှုကို ကန့်သတ်လိုက်ပါ။ အရွယ်နဲ့မလိုက် မသုံးပါစေနဲ့။ ကလေးတွေလက်ထဲ ဒီလိုစက်ကိရိယာတွေ ဘာကြောင့်ပေးထားသလဲဆိုတာကို အသေအချာ ပြန်စဉ်းစားပါ။ ဖျော်ဖြေမှုအတွက်လား၊ ဆော့ကစားဖို့လား။ ဒီလိုဆိုရင်တော့ သူတို့တွေ ကလေး သဘာဝ ကစားဖို့ရန်အတွက် အရုပ်လေးတွေ၊ အားကစားနည်းလေးတွေ၊ ပစ္စည်းလေးတွေ၊ ပဟေဠိလေးတွေ ရှိပါတယ်။ အဲဒါလေးတွေနဲ့သာ ဆော့ကစားကြပါစေ။  သူတို့တွေ ကျန်းမာစွာ ကြီးပြင်းလာတဲ့အခါ သင့်ကို ကျေးဇူးတင်နေမှာ မလွဲဧကန်ပါပဲ။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement