backup og meta

ကလေးမှာ ဖြစ်တဲ့ တီဘီရောဂါအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမှာ ဖြစ်တဲ့ တီဘီရောဂါအကြောင်း

    တီဘီ လို့ ပြောလိုက်ရင် လူကြီးမှာပဲ ဖြစ်တယ် ထင်မှာစိုးလို့။ တကယ်က မဟုတ်ပါဘူး။ ကလေးတီဘီရောဂါရှင်တွေမှ အများကြီးပါပဲ။ ၂၀၁၅ ဒေတာတွေ အရဆိုရင် တစ်ကမ္ဘာလုံးမှာ တီဘီရှိတဲ့ ကလေး၁သန်းရှိပြီး ၂သိန်းက တီဘီကြောင့် ဆုံးပါးသွားကြပါတယ်။ တီဘီက ဒီခေတ်ကြီးမှာ အရှင်းပျောက်အောင် ကုသလို့လည်း ရနေပါပြီ။ ကာကွယ်လို့လည်း ရနေပါပြီ။ တီဘီကြောင့် သေနှုန်းတွေ၊ ကူးစက်နှုန်းတွေ နည်းနေသင့်ပါပြီ။ မြန်မာနိုင်ငံမှာလည်း လူထုကျန်းမာရေးကို ထိခိုက်အောင် လုပ်တဲ့ထဲမှာ တီဘီက ရှေ့ဆုံးက ပါပါတယ်။ ကလေးမှာ ဖြစ်တဲ့ တီဘီရောဂါအကြောင်း သိထားသင့်တာလေးတွေ ရှိပါတယ်။

    ကလေးမှာ ဖြစ်တဲ့ တီဘီရောဂါအကြောင်း

    ကလေးတွေကို သူတို့အရွယ်နဲ့ မမျှတဲ့ တီဘီရောဂါ မခံစားရအောင် ဘာလုပ်ပေးကြမလဲ။ ကလေးတွေမှာ တီဘီဖြစ်မှန်း ဘယ်လိုသိနိုင်မလဲဆိုတာ နဲ့ ကလေးမှာ ဖြစ်တဲ့ တီဘီရောဂါအကြောင်း ဆက်ကြည့်ရအောင်။

    ဘယ်လိုကလေးတွေက တီဘီ ပိုဖြစ်နိုင်လဲ။

  • တီဘီရှိတဲ့သူနဲ့ အထိအတွေ့ များတဲ့ ကလေးတွေ (ဥပမာ မိသားစုဝင်၊ ဆွေမျိုး၊ အိမ်နီးချင်း)
  • အသက်၅နှစ်အောက် ကလေးတွေ
  • HIVပိုးရှိသူတွေ
  • အာဟာရချို့တဲ့သူ
  • ဝက်သက်ပေါက်သူ
  • ခုခံအားကျဆေးတွေ သောက်ရတဲ့ ကလေးတွေ
  • မွေးစက BCG လို့ ခေါ်တဲ့ ပြင်းထန်တီဘီကာကွယ်ဆေး မထိုးထားတဲ့သူတွေ
  • အသက်အလိုက် ကိုယ်အလေးချိန် မတက်တဲ့ ကလေးတွေ
  • ကလေးတစ်ယောက်ကို တီဘီ လို့ ဘယ်အခါ ယူဆလို့ရလဲ။

    အောက်က အချက် ၃ချက်ထဲက ၂ချက်ရှိရင် တီဘီလားလို့ စဉ်းစားပါတယ်။

    • ဘာကြောင့် ဖျားမှန်း မသိ (အပူချိန်≥38ºC ) ၂ပတ်ကျော်၊ ဘာကြောင့် ချောင်းဆိုးမှန်းမသိ ၂ပတ်ကျော်
    • ကိုယ်အလေးချိန်တက်မလာဘူး၊ ပိန်သွားတယ်
    • တီဘီရှိတဲ့သူ၊ ရှိတယ်လို့ ထင်ရတဲ့ သူနဲ့ အနီးကပ်နေတယ်

    နောက်ပြီး အဆုတ်တီဘီမဟုတ်ဘဲ တခြားတီဘီနဲ့ လာတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ

    • အဆုတ်ရေဖုံးတာ၊ နှလုံးအမြှေးပါး ရေဖုံးတာ၊ ဝမ်းဗိုက်ဖောတာ
    • အရိုးတီဘီ
    • ပြန်ရည်ကျိတ်တီဘီ
    • ဦးနှောက်အမြှေးရောင်တီဘီ

    တီဘီကို ဘယ်လို စစ်ဆေးကြမလဲ။

    ကလေးတွေအတွက် တီဘီရှိမရှိ စစ်ဆေးနည်းတွေကတော့

    • သလိပ်စစ်တာ
    • သလိပ်မဟပ်တတ်တဲ့ ကလေးဆို အစာအိမ်ထဲက အရည်ယူစစ်တာ (Gastric aspiration or lavage )
    • ဓာတ်မှန်ရိုက်တာ
    • အရေပြားမှာ စမ်းတာ (Tuberculin skin tests) စတာတွေ လုပ်လို့ရပါတယ်။

    အဆုတ်အပြင် တခြားဘယ်နေရာမှာ ဖြစ်နိုင်သေးလဲ။

    အဆုတ်အပြင် တစ်ကိုယ်လုံးမှာ တွေ့နိုင်ပါတယ်။ သိပ်ဆိုးတာတွေကတော့

    • ဦးနှောက်အမြှေးရောင်တီဘီ
    • ပြင်းထန်တီဘီ
    • နှလုံးအမြှေးပါးတီဘီ
    • အဆုတ်ရေဖုံးတီဘီ (၂ဖက်လုံး)
    • အရိုးတီဘီ
    • အူတီဘီ
    • ဆီးလမ်းကြောင်းတီဘီ

    သိပ်မဆိုးတာတွေကတော့

    • ပြန်ရည်ကျိတ် တီဘီ
    • အဆုတ်ရေဖုံးတီဘီ (၁ဖက်တည်း)
    • အယ်ဒရီနယ်တီဘီ
    • အရေပြားတီဘီ

    ဘယ်လိုကုကြမလဲ။

    တီဘီကို ကုရတဲ့ ရည်ရွယ်ချက်ကတော့

  • အရှင်းပျောက်ချင်လို့
  • တီဘီကြောင့် ဖြစ်ဖြစ် သူ့ရဲ့ နောက်ဆက်တွဲကြောင့် ဖြစ်ဖြစ် မသေစေချင်လို့
  • နောက်တစ်ခါ ထပ်မဖြစ်အောင်လို့
  • ဆေးယဉ်ပါး မဖြစ်အောင်လို့ (ဒါကြောင့် ဆေးတွေအများကြီး ပေးတာပါ။)
  • သူများကို ရောဂါမကူးအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုကြတာပါ။
  • ကုတဲ့ နေရာမှာလည်း အုပ်စု ၃စု ကွဲသွားပါတယ်။

    • ခုမှ စဖြစ်ဖူးတာ
    • အရင်က ဖြစ်ဖူးတဲ့ သူတွေ (နောက်တစ်ခါ ပြန်ဖြစ်တာ၊ ကုသမှု မအောင်မြင်တာ၊ ဆေးပုံမှန်မသောက်တာ)
    • ဆေးယဉ်ပါးတီဘီ

    အုပ်စုအလိုက် သောက်ရတဲ့ ဆေးနဲ့ ကြာချိန်တွေ မတူပါဘူး။ အနည်းဆုံးတော့ ၆လသောက်ရပါတယ်။ ဆေးယဉ်ပါးတီဘီဆို နှစ်နဲ့ ချီပြီး သောက်ရပါတယ်။ သောက်တဲ့နေရာမှာလည်း နှစ်ဆင့်ရှိပါတယ်။ Intensive phaseလို့ခေါ်တဲ့ ပွားနေတဲ့ ပိုးတွေကို သတ်တဲ့ အဆင့်ရယ်၊ Continuation phaseလို့ခေါ်တဲ့ အောင်းနေတဲ့ ပိုးတွေကို သတ်တဲ့ အဆင့်ရယ်ပါ။ နှစ်ဆင့်လုံးမှာ သေချာသောက်မှ ရောဂါအရှင်းပျောက်မှာပါ။ သောက်နေရင်းနဲ့ ကြားထဲမှာ လိုအပ်ရင် လိုအပ်သလို ဆေးစစ်ဖို့ လိုပါမယ်။

    တီဘီဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

    ဆေးတိုင်းမှာ ကောင်းကျိုး ဆိုးကျိုးဆိုတာတော့ ဒွန်တွဲနေတာပါပဲ။  သာမန်ဘေးထွက်ဆိုးကျိုးတွေကတော့

    • ပျို့တာ၊ အစားအသောက်ပျက်တာ၊ ဗိုက်အောင့်တာ
    • အဆစ်နာတာ
    • ခြေဖျားလေးတွေ ထုံတာ
    • ဆီးလိမ္မော်ရောင်သွားတာ (ဆေးအရောင်ကြောင့် ဖြစ်ပါတယ်။)

    ပြင်းထန်တဲ့ ဆိုးကျိုးတွေကတော့

    • အသားယားတာ၊ အနီစက်တွေ ထွက်တာတာ
    • အသားဝါတာ
    • သတိမကောင်းတာ
    • မျက်လုံးမမြင်ရတာ
    • သွေးလန့်တာ စတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေ ဖြစ်လာရင်တော့ ဆေးရုံကို အမြန်သွားပါ။

    တီဘီဆေးသောက်နေရင်းနဲ့ ဆိုးကျိုးတွေ ပေါ်လာနိုင်ပါတယ်။ ဒီအခါ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်မပစ်ဘဲ ဆရာဝန်နဲ့ ဆွေးနွေးပြီး ဆေးပြောင်းတာ လုပ်လို့ရပါတယ်။ ဆေးကို သောက်လိုက် မသောက်လိုက် လုပ်တာက တီဘီမပျောက်တဲ့ အပြင်၊ နောက်တစ်ခါပြန်ဖြစ်တာ၊ ဆေးယဉ်ပါးတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

    တီဘီမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ။

    • ကာကွယ်ဆေးထိုးပါ။ မွေးစမှာ BCGလို့ ခေါ်တဲ့ ပြင်းထန်တီဘီကာကွယ်ဆေးကို အစိုးရက ကလေးတိုင်းကို ထိုးပေးနေပါပြီ။ ဒီနေရာမှာ ပြောချင်တာက ဘီစီဂျီက ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ ဒီဆေးထိုးလိုက်တာနဲ့ တီဘီလုံးဝမဖြစ်တာမဟုတ်ပါဘူး။
    • ချောင်းဆိုး၊ နှာချေရင် အုပ်ဆိုးပါ။
    • ကလေးကို တီဘီရောဂါရှိနေသူနဲ့ နီးနီးကပ်ကပ်မှာ မထားပါနဲ့။
    • မကြာခဏလက်ဆေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement