backup og meta

မသန့်တာတွေစားမိတဲ့ကလေး ဘာတွေဖြစ်လာနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မသန့်တာတွေစားမိတဲ့ကလေး ဘာတွေဖြစ်လာနိုင်မလဲ

    ကိုယ်နေ့တိုင်း စားသောက်နေတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့ အရေးကြီးတဲ့အပြင် ဓာတုပစ္စည်းတွေကနေ ကင်းဝေးဖို့လည်း လိုပါတယ်။ လူကြီးတွေ အတွက်တောင် အစားအသောက်သန့်ရှင်းဖို့က အရေးကြီးသေးတာ ကလေးတွေ အတွက်ဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ကိုယ့်ရဲ့ ကလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ဆိုတာ မိဘတိုင်းရဲ့ အိပ်မက်မဟုတ်လား။ ဒီလို ကြီးပြင်းလာဖို့ဆို နေ့တိုင်းစားတဲ့ အစားအသောက်က အဓိကနေရာကနေ ပါဝင်နေတာမို့ ကလေးတွေစားတဲ့ အစားအသောက်တွေ စိတ်ချလုံခြုံမှုရှိဖို့ အရေးကြီးပါတယ်။ ဘာကြောင့် အစားသောက်တွေ သန့်ရှင်းဖို့က အရေးကြီးရသလဲဆိုတာ မေမေတို့ သိချင်ကြမယ်လို့ ထင်ပါတယ်။ ။

    အစားအသောက်တွေမသန့်ရင် ရောဂါတွေကူးစက်နိုင်ပါတယ်။

    ဒါဟာ အစားအသောက်တွေ သန့်ရှင်းဖို့ လိုအပ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ အစာအဆိပ်သင့်တယ်ဆိုတာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အတွက်ဆိုရင် အသက်ဆုံးနိုင်တဲ့ အထိတောင် ပြင်းထန်တဲ့ ဖြစ်စဉ်ကြီးတစ်ခုပါ။

    မသန့်တာတွေ စားမိတဲ့ ကလေးတွေမှာ ဘာတွေဖြစ်နိုင်လဲ။ ။

    • ဝမ်းလျှောမယ်။ ။ မသန့်တာတွေ စားမိရင် ဝမ်းလျှောတတ်တာ လူတိုင်းပါ။ အစားအသောက်တွေမှာပါတဲ့ မကောင်းတဲ့ဘက်တီးရီးယားတွေက အူကို ဒုက္ခပေးတာကြောင့် ဝမ်းလျှောရတာပါ။ တချို့ ဘက်တီးရီးယားတွေဆို ဝမ်းထဲသွေးပါတာတောင် ဖြစ်စေပါတယ်။
    • ပျို့အန်မယ်။ ။ ကိုယ်ထဲကို ဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကြောင့် အူနံရံတွေရောင်နေတဲ့အခါ နောက်ထပ်ဝင်လာသမျှ အစားအစာတွေကို လက်မခံတော့ဘဲ ပျို့အန်တာတွေ ဖြစ်လာပါတော့တယ်။
    • ကိုယ်ပူမယ်။ ။ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ခုခံအားက ပြန်တိုက်တဲ့ အခါ ဖြစ်လာတဲ့ ဆဲလ်သေတွေကြောင့် အပူချိန်မြင့်လာရတာပါ။
    • ဗိုက်အောင့်၊ ဗိုက်နာတာတွေဖြစ်မယ်။ ။ အူနံရံတွေရောင်နေတာကြောင့် ဗိုက်အောင့်တတ်ပြီး ဝမ်းသွားချင်လို့ ဗိုက်ရစ်နာတာတွေဖြစ်နိုင်ပါတယ်။
    • နောက်ဆုံး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဝမ်းလျှောတယ်ဆိုတာ ကုသနည်း မမှန်ရင် အသက်သေဆုံးတဲ့ အထိ ပြင်းထန်တဲ့အရာပါ။ ဝမ်းလျှောတာကနေ ရေဓာတ်ခမ်းခြောက်ပြီး သွေးဖိအားတွေကျကာ အသက်သေဆုံးတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။
    • ကျန်းမာရေးမကောင်းတဲ့ ကလေးတစ်ယောက်က တစ်ခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကြီးထွားမှု အပိုင်းရော ၊ ဉာဏ်ရည်ဖွံဖြုးမှု အပိုင်းမှာရော နောက်ကျသွားတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေသန့်ရှင်းဖို့ ဆိုတာ ကလေးတွေအတွက်တော့ အရမ်းအရေးကြီးတဲ့ အရာတစ်ခုပါ။

    အစားအသောက်တွေကို ဘယ်လိုသန့်ရှင်းအောင် ပြင်ဆင်ချက်ပြုတ်သင့်သလဲ။ ။

    • လတ်ဆတ်သန့်ရှင်းတဲ့ အစားအသောက်တွေကို သေချာရွေးဝယ်ပါ။ ကုန်ဆုံးရက်နီးနေတဲ့ သက်တမ်းကျော်နေတဲ့ အစားအသောက်တွေကို မဝယ်မိအောင် သေချာစစ်ဆေးပါ။
    • ဈေးကဝယ်လာတဲ့ အသား၊ငါး အသီးအရွက်တွေကို သေချာဆေးပါ။ အသားတွေကို ဝယ်လာပြီးပြီးချင်း မြန်မြန်ချက်လိုက်တာကောင်းပါတယ်။ အသားချက်နေတဲ့ အချိန်မှာ ပါလာတဲ့ ပိုးသတ်ဆေးတွေ ထွက်သွားအောင်လို့ ဟင်းသီးဟင်းရွက်ကို ရေ စိမ်ထားပါ။ အသားတွေကို နောက်ရက်မှ ချက်မယ်ဆိုရင် ဘက်တီးရီးယားတွေမပွားလာနိုင်အောင် သေချာဘူးထဲထည့်ပြီး ရေခဲသေတ္တာ အပေါ်ကန့်မှာ သိမ်းထားပါ။
    • အသားငါးတွေကို သေချာ ကျက်အောင် ချက်ပြုတ်ဖို့ အရမ်းအရေးကြီးပါတယ်။ မကျက်တကျက်ချက်ရင် ပါလာတဲ့ ပိုးတွေ မသေတော့ဘဲ စားတဲ့ လူတွေကို ဆက်ဒုက္ခပေးနိုင်ပါတယ်။
    • ထမင်းမစားခင် လက်ကို ဆပ်ပြာနဲ့ ဆေးဖို့အရေးကြီးသလို ထမင်း၊ဟင်းတွေ ပြင်ဆင်ချက်ပြုတ်တဲ့ လူရဲ့လက် သန့်ရှင်းဖို့ကလည်း အရေးကြီးပါတယ်။
    • ချက်ပြီးတဲ့ အစားအသောက်တွေကို ယင်နားမခံရအောင် သေချာ သိမ်းထား၊ ဖုံးထားသင့်ပါတယ်။
    • အစားအသောက်တွေ ချက်ပြုတ်ရတဲ့ မီးဖိုချောင်ကိုလည်း အမြဲသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
    • ကလေးကို လက်ဆေးတတ်တဲ့ အကျင့်ရအောင် သင်ထားပေးပါ။ အစားမစာခင်အချိန်၊ အိမ်သာတက်ပြီးချိန်၊ မသန့်တာတွေကိုင်ပြီးချိန်တွေမှာ လက်ဆေးရမယ်ဆိုတဲ့ အသိကို ကလေး ဦးနှောက်ထဲ ငယ်ငယ်ထဲက သွင်းပေးခဲ့ပါ။

    အဖိုးတန်ရတနာဖြစ်တဲ့ သားသမီးတွေကို အစားအစာမသန့်ရှင်းမှုကနေရလာတဲ့ ရောဂါတွေကနေ ကင်းဝေးအောင် ဘာတွေ ကျွေးရမှာလဲလို့ မေမေတို့ ခေါင်းစားနေပြီလား။ ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊ Omega-3 နဲ့ Omega-6 ပါတဲ့ အစားအသောက်တွေကိုလည်း ကလေးတွေကို ကျွေးသင့်ပါတယ်။ ခုနောက်ပိုင်းဆို ကလေးတွေ အတွက်ထုတ်ထားတဲ့ ကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာ DHA၊ Omega-3 ၊Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တို့ ကြွယ်ဝစွာ ပါဝင်လာပါတယ်။ ဒီတော့ ဘာကျွေးရမလဲဆိုတာ မေမေတို့ သိပ်တော့ ခေါင်းစားစရာမလိုတော့ဘူးနော်။ ကလေးအတွက် အစားအစာတွေကို အာဟာရပြည့်ဝမျှတအောင်လည်ကျွေးမယ်၊ သန့်သန့်ရှင်းရှင်းလည်း ပြင်ဆင်မယ်ဆိုရင် ရောဂါတွေကင်းဝေးပြီး သင့်ကလေးရဲ့ နေ့ရက်တိုင်းက လှပနေမှာပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement