backup og meta

အစာခြေစနစ်က ခုခံအားစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာခြေစနစ်က ခုခံအားစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

    အရာအားလုံးဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်သွယ်မှုတွေရှိနေတတ်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ကိုယ်တွင်းက ကလီစာတွေ၊ ခုခံအားစနစ်တွေကလည်း ဒီလိုပါပဲ။ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြပြီး ကိုယ့်တာဝန်ကိုယ်ယူကာ အပြန်အလှန်မှီခိုနေကြပါတယ်။ အဲ့ဒီထဲကမှ တစ်ခုခု ချွတ်ယွင်းသွားတာနဲ့ တခြား အရာတွေအားလုံး ဝန်ပိကုန်ပါတော့တယ်။ ကိုယ်တွင်းစစ်တပ်ကြီးကို ဦးဆောင်နေတာ ခုခံအား စနစ်ကြီးဆို အစာခြေစနစ်က စစ်တပ်ကြီးကို ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ အုပ်စုတစ်ခုပါ။ သူတို့နှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်သွယ်မှုဟာ လူကြီးတွေမှာပဲ အရေးပါတာ မဟုတ်ပါဘူး။ ခုခံအားနည်းတတ်တဲ့ ကလေးတွေမှာဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် အစာခြေစနစ်က ခုခံအားစနစ်အပေါ် ဘယ်လို သက်ရောက်မှုတွေရှိလဲဆိုတာ ကြည့်ရအောင်။ ။

    သင့် ကိုယ်ခန္ဓာဆိုတာ ဘက်တီးရီးယားပေါင်းများစွာ ရှင်သန်နေထိုင်နေတဲ့ နေရာပါ။

    ကိုယ်တွင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ ရှိသလို မကောင်းတဲ့ ဘက်တီးရီးယားတွေလည်း ရှိနေပါတယ်။ ခုခံအား စနစ်က ထိန်းချုပ်ထားလို့သာ သူတို့တွေ မကြွရဲကြတာပါ။ ခုခံအားစနစ် အားနည်းသွားပြီဆိုတာနဲ့ တစ်ခါမှ မဖြစ်ဖူးတဲ့ ရောဂါတွေ တန်းစီပေါ်လာပါတော့တယ်။ ဘက်တီးရီးယား အများစုကို အစာအိမ်နဲ့ အူလမ်းကြောင်းမှာ တွေ့ ရတာ ပိုများပါတယ်။ အပြင်ကနေ ကိုယ်ထဲကို အဲ့ဒီလမ်းကြောင်းပဲ အများဆုံးဝင်နိုင်တာကိုး။ မကောင်းတဲ့ ဘက်တီးရီးယားတွေက လက်နက်ကိုင်သောင်းကျန်းသူတွေ ဖြစ်ပြီး အကျိုးပြု ဘက်တီးရီးယားတွေကတော့ ကိုယ်တွင်းစစ်သားလေးတွေပါ။ သူတို့ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အတူတူ နေထိုင်နေကြပြီး တစ်ယောက်ကို တစ်ယောက် အရိပ်အခြေ မပြတ်ကြည့်နေကြတာပါ။

    ခုခံအားနဲ့ အစာအိမ်အူလမ်းကြောင်း ဘယ်လို ဆက်စပ်နေလဲ။ ။

    သောင်းကျန်းသူ ဘက်တီးရီးယားတွေ အများဆုံးရှိတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း နယ်မြေမှာ ခုခံအားစစ်တပ်ကြီးရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အချိန်ပြည့် တာဝန်ယူနေရပါတယ်။ စားလိုက်တဲ့ အစားအသောက်တွေထဲက အာဟာရေတွ ရအောင် အစာအိမ်နဲ့ အူလမ်းကြောင်းက စုပ်ယူပေးရတာဖြစ်လို့ ကိုယ်ခန္ဓာအတွက် သူတို့က အရေးကြီးတယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ သောင်းကျန်းသူ ဘက်တီးရီးယားတွေဟာ အခွင့်ရရင်ရသလို ဒုက္ခပေးတတ်ကြပါတယ်။ အဲ့ဒီ အခါကျရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာတစ်ခုခုဖြစ်ပြီး ကိုယ်တွင်းခုခံအား စနစ်ကြီး အလုပ်စရှုပ်ပါတော့တယ်။ ဒါကြောင့် ခုခံအားနဲ့ အစာအိမ်အူလမ်းကြောင်းဆိုတာ အမြဲ ဆက်စပ်နေတဲ့ အရာတစ်ခုပါ။

    အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ကောင်းတဲ့ ဘက်တီးရီးယားတွေကို ဘာတွေက ဒုက္ခပေးနိုင်တာလဲ။ ။

    အစားအသောက်ဆိုတာ စားတတ်ရင် ကောင်းတဲ့ အရာဖြစ်ပြီး အစားမတော်ရင်တော့ ဘေးဖြစ်နိုင်ပါတယ်။ အာဟာရတွေ ပြည့်ဝမျှတအောင် လိုအပ်တဲ့ ကလေးတွေ အတွက်ဆို မှန်ကန်တဲ့အစားအသောက် စားဖို့ ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် ခုပြောပြမယ့် အကျိုးပြု ဘက်တီးရီးယားတွေကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေကို ကလေးတွေ မစားမိဖို့ အရေးကြီးပါတယ်။ တာရှည်ခံအောင်လုပ်ထားတဲ့ စည်သွပ်ဘူး၊ အသားခြောက်တွေ၊ အရောင်ဆိုးထားတဲ့ အစားအစာတွေ၊ အချိုဓာတ်လွန်ကဲတဲ့ အစားအသောက်တွေ၊ ကလေးသောက်ရတဲ့ဆေးတွေ၊ စိတ်ဖိစီးမှုတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ထကြွစေပါတယ်။ ဒီလိုဆို ခုခံအားစနစ် အားနည်းသွားပြီး ကလေးတွေ နေမကောင်းဖြစ်ကြပါတော့တယ်။ နေမကောင်းလို့ဆိုပြီး ပဋိဇီဝ ပိုးသတ်ဆေးတွေကို လူကြီးတွေ သောက်သလို ကလေးတွေ လိုက်သောက်လို့ မရပါဘူး။ ဆေးတွေကို လိုအပ်တဲ့ ပမာဏထက် ပိုသောက်မိရင် ကောင်းတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ်တွင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ နည်းလာပါတော့တယ်။

    အစာအိမ်နဲ့ အူလမ်းကြောင်း မှာ အကျိုးပြု ဘက်တီးရီးယားနည်းလာရင် ခုခံအား စနစ်ဘယ်လိုထိခိုက်လာမှာလဲ။ ။

    အကျိုးပြု ဘက်တီးရီးယားတွေ မရှိတော့ဘူးဆိုတာနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ သောင်းကျန်းလာပြီး အစာမကြေတာ၊ လေပွတာ၊ ဝမ်းလျှောတာတွေ ဖြစ်လာပါတော့တယ်။ အဲလိုမျိုးဖြစ်လာပြီဆို ကိုယ်တွင်းခုခံအားက ပြင်ပကဝင်ရောက်လာတဲ့ အစာတွေကို ရောဂါပိုးတွေ အဖြစ် မှားသတ်မှတ်ပြီး immune antibodies တွေနဲ့ စတင်တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ လိုအပ်တဲ့ အာဟာရတွေလည်း မရတော့လို့ ခုခံအား စနစ်ကြီး ပိုပြီးအားနည်းလာပါတော့တယ်။

    အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ ပြန်များလာအောင် ဘယ်လိုလုပ်မလဲ။ ။

    အရေးအကြီးဆုံးကတော့ အစားစားတာပါ။ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းစေတဲ့ ၊ အစားအသောက်တွေ စားပေးခြင်းကသာ အကောင်းဆုံးပါ။ အကျိုးပြု ဘက်တီးရီးယားတွေကို အားကောင်းစေတဲ့ အစားသောက်တွေကတော့

  • ဒိန်ချဉ် ( ဒိန်ချဉ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အလွန်ကောင်းတဲ့ အရာတစ်ခုဆိုတာ လူတိုင်းသိပြီးကြမှာပါ)။
  • ပဲနို့ (ပဲနို့မှာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ခုခံအားစနစ်ကိုအားပေးတဲ့ အမိုင်နိုအက်ဆစ်တွေ အများကြီးပါဝင်ပါတယ်)
  • ကင်မ်ချီလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေက အကျိုးပြု ဘက်တီးရီးယားတွေကို ပိုပြီး အားကောင်းစေပါတယ်။ သန့်ရှင်းဖို့ကတော့ လိုတာပေ့ါ။
  • ငါးကြီးဆီက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်နေတဲ့ ရောင်ရမ်းတာတွေ အတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုပါ။
  • အမျှင်ဓာတ်ပါတဲ့အစားအသောက်တွေကလည်း အူလမ်းကြောင်းကို အားကောင်းစေတဲ့ အစားအစာတွေပါ။
  • အစာအိမ်နဲ့ အူလမ်းကြောင်း ဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူချေဖျက်ပေးနေတဲ့ အပြင် သူ့ထဲမှာ ရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေက တခြား ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း တာဆီးကာကွယ်ပေးပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာတစ်ခုဖြစ်ဖို့ အတွက် အဓိက တာဝန်ယူထားရတဲ့ စနစ်ကြီးတစ်ခုပါ။ ခုခံအားကောင်းစေဖို့ အတွက် လိုအပ်တဲ့ အရာတွေကို ထောက်ပံ့ပေးနေတဲ့ ပင်မအရင်းအမြစ်တစ်ခုဆိုလည်း မမှားပါဘူး။ အစာအိမ်ခြေစနစ်နဲ့ ခုခံအားစနစ် တက်ညီလက်ညီတွဲပြီး အလုပ်လုပ်မှသာ ကျန်းမာပျော်ရွင်ရတဲ့ နေ့ရက်တိုင်း ကို သင့်ကလေး ပိုင်ဆိုင်နိုင်မှာပါ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement