backup og meta

ကလေးမှာ အူအတက်ရောင်နေတာများလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမှာ အူအတက်ရောင်နေတာများလား

    “မေမေရေ ဗိုက်အောင့်တယ်” ဆိုတဲ့အသံလေး ကြားလိုက်ရရင် မေမေတို့မှာ ပျာယာခတ်ရတော့တာပဲ။ စိတ်လှုပ်ရှားလို့အောင့်တာ၊ အစာမကြေလို့အောင့်တာ၊လေထိုးလေအောင့်ဖြစ်တာ ဒါမှမဟုတ်ကျောင်းမသွားချင်လို့ဘေဘီတို့ဉာဏ်ဆင်တာလည်းဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ အစာကြေဆေး၊လေဆေးလောက်နဲ့သက်သာတတ်ပေမယ့် တကယ်တမ်းအမြန်ကုသဖို့လိုတဲ့အခြေအနေသာဆို ဘယ်လိုလုပ်မလဲ။ အန္တရာယ်မရှိတဲ့ ဗိုက်အောင့်ခြင်းနဲ့ အူအတက်ရောင်တာလိုမျိုး ဗိုက်အောင့်တဲ့လက္ခဏာတွေကို ဘယ်လိုခွဲခြားမလဲ။

    အကောင်းဆုံးက ကလေးရဲ့နာကျင်မှုအခြေအနေကို ဆန်းစစ်ပါ။ကလေးက ဗိုက်အောင့်တယ်တော့ပြောတယ်၊ဆော့နိုင်သေးတယ်၊ ရယ်နိုင်သေးတယ်၊ အစားစားနိုင်သေးတယ်ဆိုရင် သိပ်စိုးရိမ်ဖို့မလိုပါဘူး။ ကလေးကအောင့်တယ်ပြောတယ်၊ ပုံမှန်လုပ်နေကျတွေ ဘာမှမလုပ်နိုင်တော့ဘူးဆိုရင် ဆရာဝန်အမြန်ပြသင့်ပါတယ်။ အူအတက်ရောင်တာဖြစ်ခဲ့ရင်နောက်ကျလို့ အန္တရာယ်ရှိပါတယ်။ အမြန်ခွဲစိတ်ကုသဖို့လိုတဲ့ဝေဒနာဖြစ်ပါတယ်။

    ကလေး ဗိုက်အောင့်တဲ့အခါ ဒီလက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပါ –

    • ချက်နားကနေ စပြီးအောင့်ရာက ဝမ်းဗိုက်ညာဘက်အောက်နားထိအောင့်လာတာမျိုး။ ဒီလက္ခဏာဆို အူအတက်ရောင်တာဖြစ်နိုင်လို့ အရေးပေါ်ကုသမှုခံယူသင့်တယ်။
    • အန်တဲ့အထဲ ဒါမှမဟုတ် ဝမ်းသွားတဲ့အထဲသွေးပါနေတာ။
    • အစိမ်းရောင်အရည်တွေအန်တာ။ သည်းခြေရည်ဖြစ်နိုင်တယ်။ အစာအိမ် သို့မဟုတ် အူမှာ ပိတ်ဆို့တာ၊ခေါက်တာကြောင့် ဒဏ်ဖြစ်တဲ့လက္ခဏာပါ။ အမြန်ကုသမှုခံယူသင့်ပါတယ်။
    • ဗိုက်က ပူဖောင်းနေတာ။ ပိတ်ဆို့မှု သို့မဟုတ် အူအတက်ရောင်ခြင်းလို တခြားပြဿနာတွေဖြစ်နေနိုင်တယ်။
    • ဗိုက်ကို ဖိလိုက်ရင် အထူးသဖြင့် ဖိပြီးပြန်လွှတ်လိုက်ရင် နာကျင်တာ။ အူအတက်ရောင်တာကြောင့် ဝမ်းတွင်းမြှေးကရောင်ရမ်းနေတာဖြစ်နိုင်ပါတယ်။
    • ဗိုက်အောင့်နေတဲ့ ကလေးကဘေးစောင်းပြီး ဒူးကွေးအိပ်နေတယ်ဆို အူအတက်ရောင်တာဖြစ်နိုင်ပါတယ်။
    • ဗိုက်အောင့်လို့ဆိုပြီး လမ်းလျှောက်ရင် ခါးလေးကိုင်းပြီးလျှောက်တယ် ဆိုရင်လည်း သတိထားပါ။
    • ချက်နားတဝိုက် ဒါမှမဟုတ် ဗိုက်ညာဘက်အောက်နားမှာ အဓိကအောင့်တာဖြစ်တယ်။ စစချင်းမှာ အောင့်ပြီးပြန်ပျောက်သွားမယ်၊နောက်မှ တဖြည်းဖြည်းဝေဒနာတိုးလာပြီး ပိုပြင်းထန်လာတတ်တယ်)
    • အဖျားနည်းနည်းရှိတတ်တယ်။
    • အစားသိပ်မစားတော့ဘူး။
    • မအီမသာဖြစ်ပြီး အန်တာ။
    • ဝမ်းပျက်တာ (နည်းနည်းလေးပဲ၊ အချွဲတွေပါတတ်တယ်)
    • ဗိုက်ဖောင်းလာတယ်။

    အူအတက်ရောင်တယ်ဆိုတာ အူမကြီးအစနား ဝမ်းဗိုက်ညာဘက်အောက်နားမှာရှိတဲ့ အူအတက် (appendix)ရောင်ရမ်းခြင်းဖြစ်ပါတယ်။ စစချင်းမှာ ချက်နားက စအောင့်ပေမယ့် နာရီအနည်းငယ်ကြာတဲ့အခါ နာကျင်မှုက ဝမ်းဗိုက်ညာဘက်အောက်နားကိုရွေ့လာပါတယ်။ နာကျင်မှုစတင်လာပြီးနောက်ဖြစ်လာမယ့်လက္ခဏာတွေထဲမှာ အစားပျက်ခြင်း၊အဖျားငွေ့ငွေ့ရှိခြင်း၊ မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်းတို့ပါဝင်ပါတယ်။ ၂ နှစ်အောက် ကလေးတွေမှာဆို အဓိကလက္ခဏာတွေက ပျို့အန်ခြင်းနဲ့ ဗိုက်အောင့်ခွေခေါက်နေခြင်းပဲဖြစ်ပါတယ်။ ပိုကြီးတဲ့ကလေးတွေမှာတော့ ဝမ်းပျက်တာနဲ့ ဝမ်းချုပ်တာတွေဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် ကလေးတွေမှာဖြစ်တဲ့လက္ခဏာက အစာအိမ်နဲ့အူလမ်းကြောင်းရောင်ရမ်းခြင်း(gastroenteritis) ၊အစာအဆိပ်သင့်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေနဲ့ ဆင်တူတတ်လို့ အူအတက်ရောင်တာ ဟုတ်မဟုတ် ခွဲခြားရခက်နိုင်ပါတယ်။

    အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်း ကလေးတွေမှာအဖြစ်များတဲ့gastroenteritis က အရေးပေါ်ကုသရတော့မလို ထင်ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဒီရောဂါက ချက်ချင်းကြီးဝေဒနာခံစားရတတ်ပေမယ့်မြန်မြန်ပဲသက်သာသွားလေ့ရှိပါတယ်။ အူအတက်လို ကြာနေမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘာကြောင့်ပဲဖြစ်ဖြစ် ကလေးမှာ ဒီလိုလက္ခဏာတွေတွေ့ရတာနဲ့ အမြန်ဆုံးဆရာဝန်ပြဖို့ အရေးကြီးပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement