backup og meta

ဆောင်းရာသီမှာ ကိုယ့်ကလေး ကျန်းမာပျော်ရွှင်နေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ ကိုယ့်ကလေး ကျန်းမာပျော်ရွှင်နေစေဖို့

    ကိုယ့်ရဲ့ ကလေးကို ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အခုဆိုရင် ဒီဇင်ဘာဆောင်းလထဲ ဝင်လာပြီ၊ အထူးသဖြင့် ညဘက်တွေမှာ ပိုပြီးအေးလာပြီဆိုတော့ ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို စိုးရိမ်နေကြတဲ့ မေမေ ဖေဖေတွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေ ဝေမျှပေးမယ်နော်။

    ၁။ အဝတ်အစားကို ဂရုစိုက်ပါ။

    အေးချမ်းတဲ့ ဆောင်းရာသီမှာ ကိုယ့်သားသား၊ မီးမီးတွေ အအေးမိနှာစေးမဖြစ်ရလေအောင် နဂိုအဝတ်အစားကို တစ်ထပ်ပိုပြီး ဝတ်ဆင်ပေးပါ။ အပြင်ထွက်တဲ့အချိန်မှာရော ညအိပ်တဲ့အချိန်မှာပါ လုံလုံခြုံခြုံနဲ့ နွေးနွေးထွေးထွေး ဖြစ်စေဖို့ ဂရုစိုက်ဖို့ လိုပါတယ်။ တအားကျပ်ထုတ်မနေပဲ လေဝင်လေထွက် ကောင်းရုံလောက်သာ အဝတ်အစားတွေကို ပြင်ဆင်ပေးရင် ရပါတယ်။

    ၂။ လက်ကို မကြာခဏဆေးကြောပါ။

    ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အအေးမိတုပ်ကွေးရောဂါဟာ ကလေးတွေ မတော်တဆ လက်ကို ပါးစပ်ထဲ ထည့်မိရင် ကူးစက်နိုင်ပါတယ်။ အပြင်သွားပြီး ပြန်လာတိုင်း လက်ကိုဆေးဖို့ အလေ့အကျင့်လုပ်ပေးပါ။ အရာဝတ္ထုတစ်ခုခုကိုင်ပြီးတိုင်း၊ သူစိမ်းလူတွေနဲ့ ထိတွေ့ဆက်ဆံပြီးတိုင်း ကိုယ့်ရဲ့ ကလေးကို လက်ဆေးခိုင်းပါ။ လက်မဆေးပဲ ပါးစပ်ထဲ ထည့်တာ၊ နှာခေါင်းကို ပွတ်သပ်တာမျိုးတွေ့ရင် မလုပ်ဖို့ ပြောပေးပါ။ လက်ဆေးတဲ့အခါမှာလည်း မှန်ကန်တဲ့ လက်ဆေးနည်းနဲ့ သေချာဆေးပေးဖို့ အရေးကြီးပါတယ်။

    ၃။ အပြင်ကို မလိုအပ်ဘဲ သိပ်မထွက်ပါစေနဲ့။

    ကလေးငယ်တွေမှာ ကိုယ်ခံအားနည်းတဲ့အတွက် ခန္ဓါကိုယ်ထဲ ရောဂါပိုး ကူးစက်နိုင်ခြေ ပိုမြင့်ပါတယ်။ အေးတဲ့ ရာသီဥတုမျိုးမှာဆိုရင် ပိုပြီးတောင် ဖျားနာလွယ်ပါတယ်။ အပြင်ထွက်တဲ့အခါ ပြင်ပကို ဖုန်မှုန့်တွေ၊ ရောဂါပိုးမွှားတွေက အသက်ရှူလမ်းကြောင်းတွေကို ဝင်နိုင်ပြီး ဖျားနာစေနိုင်လို့ပါ။ အိမ်ထဲမှာ လှောင်ပိတ်ထားသလို မဖြစ်ဖို့လည်း အရေးကြီးပါတယ်နော်။

    ၄။ တုပ်ကွေးကာကွယ်ဆေး ထိုးထားပါ။

    အသက် ၆လနဲ့ အထက် ကလေးတိုင်းကို နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး ထိုးပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေကို မဖျားနာစေဖို့၊ အအေးမိတုပ်ကွေး မဖြစ်စေဖို့ အထိရောက်ဆုံး တားဆီးပေးနိုင်တဲ့ နည်းလမ်းဆိုလည်း မမှားပါဘူး။ အသက် ၆လအောက် ကလေးတွေကိုတော့ ကာကွယ်ဆေးထိုးလို့ မရတဲ့အတွက် ကလေးကို ပြုစုစောင့်ရှောက်နေရတဲ့ လူကြီးတွေအနေနဲ့ ကာကွယ်ဆေးထိုးထားဖို့ လိုပါတယ်။

    ၅။ ထိခိုက်ဒဏ်ရာ မရအောင် ဂရုစိုက်ပါ။

    ဆောင်းရာသီမှာ ထိခိုက်ဒဏ်ရာ အလွယ်တကူဖြစ်နိုင်တဲ့အတွက် ကိုယ့်ရဲ့ ကလေးကို အမြဲဂရုစိုက်ကြည့်ရှုနေပေးဖို့ လိုပါတယ်။ အိမ်မှာ ကလေးကို ထိခိုက်စေမယ့် အချွန်အတက်တွေ၊ ပစ္စည်းတွေ ရှိရင် ဖယ်ထားပေးပါ။

    ၆။ လေ့ကျင့်ခန်းလုပ်ပါ။

    ဆောင်းရာသီရဲ့ မနက်ခင်း လေကောင်းလေသန့်ကို ရှူရှိုက်ရင်း ကိုယ့်ရဲ့ မိသားစု၊ ကလေးတွေနဲ့အတူ လမ်းလျှောက်တာ၊ ပြေးတာ အစရှိတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးလို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ သွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

    ၇။ အစာအာဟာရကို ဂရုစိုက်ချက်ပြုတ်ပေးပါ။

    ကလေးတွေအတွက် အာဟာရြဖစ်စေမယ့် အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး ကျွေးမွေးတာ အကောင်းဆုံးပါပဲ။ ဆီ၊ ဆား၊ သကြား လျှော့ထည့်ပြီး ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ဥ၊ အစေ့အဆန်၊ သစ်သီးဝလံ အစရှိသဖြင့် စုံလင်စွာ ကျွေးဖို့ လိုပါတယ်။ ပူပူနွေးနွေးဖြစ်အောင် ပြင်ဆင်ပြီး လတ်ဆတ်တဲ့ အစားအစာတွေကို ကျွေးပေးခြင်းဖြင့် ကလေးတွေကိုလည်း အာဟာရဖြစ်စေနိုင်တယ်၊ ကျန်းမာရေးကို ကောင်းစေတယ်၊ ခန္ဓါကိုယ်ထဲ ဝင်လာမယ့် ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement