backup og meta

G6PD နည်းပါးတဲ့ရောဂါ (G6PD deficiency) ဆိုတာ…..

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    G6PD နည်းပါးတဲ့ရောဂါ (G6PD deficiency) ဆိုတာ…..

    ဒီနေ့ခေတ်မှာ နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံမှာပါ လူထုကြားပိုပြီး သိလာ… သတိထားမိလာတဲ့ရောဂါတစ်ခု ရှိပါတယ်…။ ဒါကတော့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ မွေးရာပါ အခြေအနေတစ်ခုဖြစ်ပြီး တကယ်တမ်းတော့ သူ့ကို ရောဂါလို့တောင် ပြောဖို့ခက်ပါတယ်..။ Glucose 6 phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓါတ် နည်းပါးတဲ့အခြေအနေပါ..။

    ဘာကြောင့် ဒီနေ့ခေတ်မှာ ပိုလူပြောများလာသလဲဆိုရင် မွေးကင်းစကတည်းက ..အထူးသဖြင့် ယောက်ျားလေးတွေမှာ ပိုပြီး စစ်ဆေးမှု (screening) တွေပိုလုပ်လာနိုင်လို့ပါပဲ..။

    ဒီ G6PD လို့ခေါ်တဲ့ အင်ဇိုင်းဟာ ခန္ဓါကိုယ်မှာရှိတဲ့ သွေးနီဥတွေ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးပါတယ်..။ သွေးထဲမှာပါလာတဲ့ သွေးနီဥအတွက် အန္တရာယ်ရှိနိုင်တဲ့ အရာဝတ္ထုတွေကနေလည်း ကာကွယ်ပေးပါတယ်..။

    G6PD ဓါတ်နည်းပါးတဲ့လူတွေမှာတော့ သွေးနီဥတွေကို ကာကွယ်ပေးဖို့ မလုံလောက်တဲ့အခါ …သွေးနီဥတွေပြိုကွဲသွားနိုင်ပြီး… နောက်ဆက်တွဲအနေနဲ့ သွေးအားနည်းတာ.. အသား၊ ဆီးနဲ့ မျက်လုံးဝါတာ.. မောပမ်းတာ.. အားနည်းလွယ်တာ…ခေါင်းမူးတာအပြင် တခြားလက္ခဏာတွေဖြစ်နိုင်ပါတယ်..။

    G6PD ဓါတ်နည်းတဲ့ သွေးနီဥတွေဟာ ….. တချို့သော ဆေးတွေ..အစားအသောက်တွေနဲ့ရောဂါပိုးတွေကို ထိရှလွယ်ပြီး ခံနိုင်ရည်မရှိတတ်ကြပါဘူး..။ ဒီပစ္စည်းတွေနဲ့ ခန္ဓါကိုယ်က ထိတွေ့မိတဲ့အခါ … အချိန်တိုအတွင်းမှာ သွေးနီဥတွေ အများကြီးပြိုကွဲတဲ့အခါ အထက်ပါလက္ခဏာတွေဖြစ်တတ်ပါတယ်..။ ထိတွေ့မှုကိုရပ်လိုက်တဲ့အခါ ရောဂါလက္ခဏာတွေလဲ သက်သာသွားလေ့ရှိပါတယ်..။ အချို့သောရှားရှားပါးပါးအခြေအနေမျိုးမှာတော့ ဒီလိုပစ္စည်းတွေနဲ့ ခန္ဓါကိုယ်ကမထိတွေ့လည်းပဲ နာတာရှည်သွေးအားနည်းတာမျိုးရှိနိုင်ပါတယ်..။

    G6PD ချို့ယွင်းတဲ့ကလေးငယ်တွေမှာ သွေးနီဥတွေပေါက်ကွဲမှုကို စဖြစ်စေနိုင်တဲ့ အရာတွေကတော့….

    • ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်ပိုးအချို့
    • အကိုက်အခဲပျောက်ဆေးနဲ့ ကိုယ်ပူကျဆေးအချို့ ( Aspirin, Paracetamol)
    • အချို့သော ပိုးသတ်ဆေးများ ( sulf နဲ့စတဲ့ sulphur ခေါ် ကန့်ဓါတ်ပါတဲ့ ပိုးသတ်ဆေးများ… ဥပမာ septrin , streptomycin,Chloramphinicol, CS1, Quinolone အုပ်စုဝင်ဆေးများ ဥပမာ.. Ciprofloxaccin, Ofloxaccin, Norfloxaccin)
    • ငှက်ဖျားဆေးအချို့ ( Quinine, Quine အမည်ပါသောဆေးများ)
    • အချို့သော ကင်ဆာဆေးနှင့်အတက်ကျဆေးများ
    • တောင်ကြီးပဲ.. ပဲကြီး..ပဲကြားခေါ် ပဲအကြီးများ… ပဲပိစပ် (ပဲပုပ်)
    • ပရုတ်လုံးနှင့် ပရုတ်ပါဝင်သော လူအသုံးအဆောင်ပစ္စည်းများ.. ဆေးဝါးများ (ဥပမာ ခံတွင်းငုံဆေး… ချောင်းဆိုးပျောက်ဆေးအချို့…ပရုတ်ပါဝင်သော သကြားလုံး..အခန်းတွင်းသုံး အိမ်သာတွင်းသုံးအနံ့ပျောက်အမွှေးခဲများ…ပရုတ်ပါဝင်သော သွားတိုက်ဆေး..ခေါင်းလျှော်ရည်များ)

    အချို့သော ကလေးမိခင်တွေဟာ ကလေးအနှီးတွေကို ပရုတ်လုံးနံ့ရှိတဲ့ ဗီဒိုတွေထဲမှာ သိမ်းဆည်းထားတတ်တာဟာလည်း မလုပ်သင့်တဲ့ ကိစ္စတစ်ခုပါ..။ G6PD ချို့တဲ့ခြင်းဟာ အာရှတိုက်သားတွေမှာ အတွေ့များတဲ့ အခြေအနေတစ်ခုဖြစ်တဲ့အတွက် အထူးသဖြင့် ယောက်ျားလေးမွေးတဲ့မိခင်တွေဟာ မိမိတို့ကလေးတွေကို အနှီးထုပ်တဲ့အခါ ပရုတ်လုံးကိုမသုံးဘဲရှောင်ကြဉ်တာဟာ ကောင်းတဲ့အလေ့အထတစ်ခုဖြစ်ပါတယ်..။

    G6PD ချို့တဲ့ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ

    များသောအားဖြင့် ဘာလက္ခဏာမှမပြတတ်ပါဘူး..။ တချို့လူတွေဟာ မိမိတို့မှာ G6PD ချို့တဲ့လို့ ချို့တဲ့မှန်းတောင်မသိကြပါဘူး..။ ဒါပေမယ့် သွေးနီဥတွေပေါက်ကွဲခဲ့ရင်တော့ ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ်..။

  • အသားအရေဖြူဖျော့ခြင်း
  • (အသားညိုတဲ့ကလေးတွေမှာဆိုရင် ပါးစပ် နှုတ်ခမ်းနဲ့ လျှာတွေမှာ ဖြူဖျော့တာကိုတွေ့နိုင်ပါတယ်)
  • အလွန်အမင်းမောပမ်းခြင်း ခေါင်းမူးခြင်း
  • အသက်ရှူမြန်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • အသား မျက်လုံး ဆီးများဝါခြင်း
  • ဘေလုံးကြီးခြင်း
  • အမည်းရောင် သို့မဟုတ် အရောင်ရင့်သောဆီးများသွားခြင်း
  • ရောဂါလက္ခဏာ မပြင်းထန်ရင်တော့ ယေဘုယျအားဖြင့် ဆေးကုသဖို့မလိုအပ်ပါဘူး..။ ခန္ဓါကိုယ်က သွေးနီဥအသစ်တွေထပ်ထုတ်ပေးလာတာနဲ့အမျှ သွေးအားနည်းခြင်းက သက်သာလာမှာပါ..။ ရောဂါလက္ခဏာ ပြင်းထန်ရင်တော့ ကလေးငယ်အနေနဲ့ ဆေးရုံတက်ရောက်ကုသဖို့လိုပါလိမ့်မယ်..။

    ဘယ်လိုလူတွေမှာအဖြစ်များလဲ

    အာရှ ဒါမှမဟုတ် အာဖရိကန်တွေမှာအဖြစ်များပါတယ်..။ ယောက်ျားလေးတွေမှာသာ အဖြစ်များပြီး ငါးယောက်မှာ တစ်ယောက်နှုန်းလောက်တောင်ရှိနိုင်ပါတယ်..။

    ဘယ်လိုသိနိုင်မလဲ

    လက္ခဏာမပြသရွေ့ ကလေးတစ်ယောက်ကို G6PD ချို့တဲ့နေမှန်း မသိနိုင်ပါဘူး..။ ဆေးကုသသူ ဆရာဝန်က သံသယရှိတဲ့အခါ သွေးကိုစစ်ခြင်းအားဖြင့် သိနိုင်ပါတယ်..။ ယနေ့ခေတ်မှာတော့ မွေးကင်းစကလေးငယ်ယောက်ျားလေးတိုင်းကို G6PD ချို့တဲ့မှုရှိ၊ မရှိ စစ်ဆေးတာမျိုးတွေ တချို့ဆေးရုံတွေမှာ လုပ်နေကြပါပြီ..။

    ဘယ်လိုကုသမလဲ

    ရောဂါလက္ခဏာဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မှုကိုရှောင်ကြဉ်ရုံပါပဲ..။ တချို့ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်တော့ ဆေးရုံတက်ပြီး အောက်ဆီဂျင်ရှူဖို့ ..သွေးသွင်းဖို့ စတာတွေလိုနိုင်ပါတယ်..။

    မေတ္တာဖြင့်

    ဒေါက်တာစိမ်းမိုးစက်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement