backup og meta

ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင်

    ကလေးငယ်လေးတွေရဲ့ ကိုယ်ခံအားစနစ်က ငယ်ရွယ်စဉ်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် အချို့ရောဂါတွေကို ခုခံနိုင်စွမ်းသိပ်မရှိသေးပါဘူး။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အနေအထားကြောင့်ဖြစ်ဖြစ် ကလေးတွေမှာ နှာစေး ချောင်းဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင် ဘာတွေကို ဂရုစိုက်ရမလဲဆိုတာနဲ့ ဘယ်လိုအခြေအနေတွေက ကလေးကိုချောင်းဆိုးစေနိုင်လဲဆိုတာတွေကို နည်းနည်းလောက်ပြောပြချင်ပါတယ်။

    ချောင်းဆိုးခြင်း

    ချောင်းဆိုးတယ်ဆိုတာက ခန္ဓါကိုယ်က အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်ရဲ့ အထက်ပိုင်းမှာရောက်ရှိနေတဲ့ ချွဲနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ဖို့ တုံ့ပြန်မှုတစ်ရပ် (သို့မဟုတ်)လေပြွန်မှာ ဓါတ်မတည့်မှုတစ်ခုခုခံစားရတဲ့ခန္ဓါကိုယ်က တုံ့ပြန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ချောင်းဆိုတာကရောဂါတစ်ခုခုကြောင့် ဆိုးတာမျိုးဖြစ်နိုင်သလို တစ်ခါတလေမှာ ခန္ဓါကိုယ်တွင်းကဖြစ်ပျက်နေတဲ့အနေအထားတစ်ရပ်ရပ်ကိုဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတဲ့အခါ ဘာကြောင့်ဆိုးရတာလဲဆိုတာကို အကြောင်းအရင်းသိအောင်လုပ်ဖို့ကတော်တော်လေးအရေးကြီးပါတယ်။

    ကလေးတွေချောင်းဆိုးရတဲ့အကြောင်းအရင်းတွေကဘာတွေလဲ

    အပေါ်မှာပြောခဲ့သလိုပဲချောင်းဆိုးတာက ခန္ဓါကိုယ်ထဲမှာဖြစ်နေတဲ့ ဓါတ်မတည့်မှုတစ်ခုခု ဒါမှမဟုတ် ချွဲတွေနဲ့ပြင်ပအရာဝတ္ထုတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ပစ်ဖို့ တုံ့ပြန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။

  • အအေးမိတာ၊တုပ်ကွေးဖြစ်တာနဲ့ croup (ကလေးလေပြွန်ပိုးဝင်၊ရောင်ရမ်း၊ချောင်းဆိုး၊ အသက်ရှုရခက်သော croupရောဂါ)တွေကြောင့်လည်းကလေးတွေမှာချောင်းဆိုးနိုင်ပါတယ်။ တုပ်ကွေးက တစ်ခါတလေပြင်းထန်တဲ့အခါမျိုးမှာချောင်းခြောက်ဆိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်။
  • စားချဉ့်ရည်ပြန်ဆန်တက်ခြင်းကြောင့်လည်း ကလေးငယ်တွေမှာချောင်းဆိုးနိုင်ပါတယ်။ မကြာခဏအော့အန်တာ၊ ရင်ပူတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။
  • ပန်းနာရင်ကျပ်ဝေဒနာကြောင့်လည်း ကလေးငယ်တွေမှာချောင်းဆိုးတာမျိုးဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါလက္ခဏာတွေက ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူဘဲကွဲပြားတတ်ပါတယ်။
  • ပတ်ဝန်းကျင်က အရာတစ်ခုခုနဲ့ ဓါတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးငယ်တွေအနေနဲ့ လည်ချောင်းယားပြီးချောင်းဆိုးတာ၊ နှာစေးတာတွေဖြစ်နိုင်ပါတယ်။
  • ကြက်ညှာချောင်းဆိုး (whooping cough)ရောဂါကြောင့်လည်း ကလေးငယ်တွေမှာချောင်းဆိုးတတ်ပါသေးတယ်။ ကလေးကနှာစေးမယ်၊ နှာချေမယ်၊ ကိုယ်လေးနွေးပြီး အဖျားငွေ့ငွေ့လေးရှိနေရင် ကြက်ညှာချောင်းဆိုးဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်။
  • နှာခေါင်းထဲကို အရုပ်သေးသေးလေးတွေဝင်တာ၊လေပြွန်ထဲအစားအသောက်တွေလိုမျိုးပြင်ပအရာဝတ္ထုတွေ ဝင်ရောက်တဲ့အခါမျိုးမှာလည်း ကလေးငယ်တွေမှာချောင်းဆိုးတာမျိုးဖြစ်နိုင်ပါတယ်။
  • အဆုတ်ပျက်စီးခြင်းကြောင့်လည်းကလေးငယ်တွေမှာချောင်းဆိုးတာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့ ကလေးက သီတင်းပတ် ၄ ပတ်လောက်ထိ ချောင်းဆိုးတာရှည်နေမယ်ဆိုရင် အဆုတ်ထိခိုက်ပျက်စီးတာကြောင့်ဖြစ်နိုင်သလို အဆုတ်မှာ အနာဖြစ်နေတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။
  • ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။ ကလေးငယ်တွေအနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့ခံရတာကြောင့်ချောင်းဆိုးတာမျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့်ကလေးငယ်ကို ထားရှိမယ့် ပတ်ဝန်းကျင်ကိုဆေးလိပ်ငွေ့ကင်းမဲ့ဇုန်အဖြစ်ဖန်တီးတာကအကောင်းဆုံးဖြစ်မှာပါ။
  • ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင်

    ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင်

    • ကလေးကိုအနားယူခိုင်းပြီး အရည်များများတိုက်ပေးပါ။
    • ကလေးလည်ချောင်းနာသက်သာစေဖို့ ပျားရည်တိုက်ပေးလို့ရပါတယ်။ တစ်နှစ်အောက်ဆိုရင်တော့ မတိုက်သင့်ပါဘူး။
    • ကလေးကိုရေနွေးငွေ့ခံပေးပါ။ ၃လအောက်ဆိုရင်တော့ မသင့်တော်ပါဘူး။
    • ပတ်ဝန်းကျင်ကို အစိုဓါတ်ပေးတဲ့ရေငွေ့စက်ပစ္စည်းလေးကိုအသုံးပြုပါ။
    • ရေချိုးခန်းထဲမှာ ရေပူကိုဖွင့်ထားပြီး အခန်းတစ်ခုလုံးကို ရေနွေးငွေ့တွေနဲ့ ပြည့်နေပါစေ။ ပြီးရင် သင့်ကလေးကို ရေချိုးခန်းထဲမှာ ထိုင်ခိုင်းပြီး စွတ်စိုတဲ့ လေနွေးနွေးလေးတွေကို ဆယ်မိနစ် ဆယ်ငါးမိနစ်လောက် ရှူပါစေ။ ကလေးတွေကို ရေနွေးတွေနဲ့ ဝေးရာမှာ နေစေဖို့ကိုတော့ သတိထားပါ။
    • ချောင်းဆိုးပျောက်အောင်နဲ့ အဖျားကျအောင် ထုတ်ထားတဲ့ဆေးတွေက သာမန်အဖျားကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာနဲ့ နှာစေးတာတွေကိုပဲ သက်သာစေနိုင်တာပါ။ ကူးစက်ရောဂါတွေကို မသက်သာစေနိုင်ပါဘူး။
    • ဆရာဝန် မညွှန်ကြားဘဲ ချောင်းဆိုးပျောက်ဆေးတွေကို အလွယ်တကူ ဝယ်တိုက်တာမျိုး မလုပ်ပါနဲ့။
    • အေးမြတဲ့ လေလေးတွေကလည်း အသက်ရှုရ ပိုလို့လွယ်ကူ အဆင်ပြေစေတာမို့ ကလေးကို အိမ်ထဲမှာ လှောင်မထားဘဲ အိမ်ပြင်ထွက်ပေးတာမျိုး လုပ်လို့ရပါတယ်။

    ချောင်းဆိုးနေတဲ့ကလေး ကို ဘယ်လိုအခြေအနေမှာ ဆရာဝန်ပြသဖို့ လိုမလဲ

    • ကလေးက အားအရမ်းနည်းနေတာမျိုး (သို့မဟုတ်)ကောင်းကောင်း မတုံ့ပြန်နိုင်တော့ တဲ့အခါ
    • ကလေးက သိပ်မဆော့ဘဲ ငြိမ်နေရင်
    • ကလေးကို ကြည့်ရတာ ရင်ဘတ်အောင့်သလိုမျိုး ဖြစ်နေရင် (သို့မဟုတ်) ရင်ဘတ်ထဲက ကျပ်နေသလိုမျိုး ဖြစ်နေရင်
    • ကလေးက အသက်ရှုရ အရမ်းခက်ခဲနေပုံ ပေါက်နေရင်
    • ကလေးက လုပ်နေကျ တုံ့ပြန်မှုတွေကိုတောင် လိုက်မလုပ်တော့ရင်
    • ကိုယ်ပူနေရင်
    • ကလေးကို ကြည့်ရတာ ရေဓာတ် ဆုံးရှုံးနေပုံ ပေါက်နေရင်
    • ကလေးရဲ့ ချွဲမှာ (သို့မဟုတ်) တံတွေးမှာ သွေးပါနေရင် ဆရာဝန်နဲ့ ချက်ချင်းသွားပြဖို့ လိုပါလိမ့်မယ်။

    ဒီအချက်လေးတွေက မေမေဖေဖေတို့အတွက် ရင်သွေးလေးတွေကို စောင့်ရှောက်ရာမှာ အသုံးဝင်နိုင်စေဖို့ ရည်ရွယ်ရင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement