backup og meta

ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 19/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ

    ကလေးတွေဟာ အရမ်းဆော့ပါတယ်။ တနေ့လုံးဆော့နေ၊ ပြေးနေဆိုလည်း သူတို့လုပ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာလည်း အင်မတန်မှ ရလွယ်ပါတယ်။ ဒီတော့ ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ ကို လေ့လာရှာဖွေကြရအောင်။ ဒါမှသာ သင့်အနေနဲ့ သင့်ကလေး ဘာဖြစ်တာလဲ သိမှာဖြစ်တဲ့အပြင် ဒီလိုတွေ မဖြစ်ရအောင်လည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ

    ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒဏ်ရာများ ကတော့

    • ကျောနဲ့ ပုခုံးပြဿနာတွေ

    သင့်ကလေး ကျောင်းသွားတဲ့အခါ လွယ်အိတ် ဒါမှမဟုတ် ကျောပိုးအိတ် လွယ်ရပါတယ်။ ဒီခေတ်ကလေးတွေရဲ့ ကျောပိုးအိတ်ထဲမှာ အစုံပါ ပါတယ်။ စာအုပ်တွေ၊ ဘောပင်ခဲတံ၊ ပေတံ၊ ထမင်းဗူး စသဖြင့်ပေါ့။

    တကယ်လို့ သင့်ကလေးဟာ အရမ်းလေးတဲ့ ကျောပိုးအိတ် ဒါမှမဟုတ် လွယ်အိတ်ကို လွယ်ရတယ်ဆိုရင် ကြာလာတဲ့အခါ လည်ပင်း၊ နောက်ကျောနဲ့ ပုခုံးတွေ နာလာပါလိမ့်မယ်။ ဒါတွေဟာ ကိုယ်နေဟန်ထားမမှန်တဲ့အတွက် ဖြစ်ရတာပါ။

    အဲ့ဒါကြောင့် သင့်ကလေးကို ပုခုံးနှစ်ဖက်လုံးမှာ လွယ်ရတဲ့ ကြိုးနှစ်ကြိုးပါ ကျောပိုးအိတ်ကိုပဲ ဝယ်ပေးပါ။ ကျောပိုးအိတ်ရဲ့ အလေးချိန်က ကလေးကိုယ်အလေးချိန်ရဲ့ ဆယ်ပုံတပုံကနေ ငါးပုံတပုံအတွင်းမှာပဲ ရှိသင့်ပါတယ်။

    ဥပမာ သင့်ကလေးက ကီလိုသုံးဆယ်ရှိတယ်ဆိုရင် သူလွယ်တဲ့ အိတ်ဟာ ၆ကီလိုထက် မပိုသင့်ပါဖူး။ ပေါ့လေ ကောင်းလေပဲပေါ့။

  • အရိုးကျိုးတာ
  • သင့်ကလေးဟာ လမ်းလျှောက်တာ၊ ပြေးတာနဲ့ ခုန်တာတွေကို အဆင့်ဆင့်သင်ယူခဲ့ရပါတယ်။ ဒါတွေကို တတ်မြောက်ပြီးသွားတဲ့ အချိန်မှာတော့ သူတို့ဟာ မြန်မြန်ပြေးချင်လာပါတယ်။ စကူတာစီးမယ်၊ စကိတ်စီးမယ် အစရှိသဖြင့် တတ်လာပါပြီ။ ဒါကြောင့် သင့်ကလေးဟာ ကုလားထိုင်အမြင့်က လိမ့်ကျနိုင်ပါတယ်။

    လှေကားပေါ်၊ ကုတင်ပေါ်၊ ပြတင်းပေါက်ကနေတဆင့် လိမ့်ကျပြုတ်ကျနိုင်သလို စကိတ်စီးရင်းလည်း ချော်လဲပြီး ကျိုးပဲ့သွားနိုင်ပါတယ်။ ယေဘုယျအနေနဲ့ အရိုးကျိုးသွားပြီဆိုရင် သင့်ကလေးအရမ်းနာပြီး ကျိုးတဲ့နေရာက လုံးဝ မလှုပ်နိုင်တော့ပါဖူး။

    ဒီလို အခြေအနေဖြစ်လာရင် ကလေးကို ဆေးရုံအမြန်ခေါ်သွားပါ။ ကျိုးနေတဲ့ အရိုးတွေကို မြင်နေရရင် ဆေးရုံကား အမြန်ခေါ်ပါ။ သင့်ကလေးတွေကို ကစားတဲ့အခါ သတိနဲ့ ကစားဖို့ မှာထားသင့်သလို တယောက်တည်းလည်း လွှတ်မထားပါနဲ့။

    • သွားကျိုးတာ

    ရန်ဖြစ်တာ၊ ချော်လဲတာ၊ ပြုတ်ကျတာ ဒါမှမဟုတ် တခြားမတော်တဆဖြစ်တာတွေကနေ သင့်ကလေး သွားကျိုးနိုင်ပါတယ်။ များသောအားဖြင့် ရှေ့သွားလေးတွေ ကျိုးတာများပါတယ်။ တကယ်လို့ ငယ်သွားကျိုးတာဆိုရင် ပြန်စိုက်ဖို့မလိုပေမယ့် ကြီးသွားကျိုးတာဆိုရင်တော့ သင့်ကလေးကို သွားဆရာဝန်ဆီ အမြန်ခေါ်သွားပါ။

    • ခြစ်ရာရှရာနဲ့ သွေးခြည်ဥတာတွေ

    သင့်ကလေး ပြေးရင်းလွှားရင်း၊ ကစားရင်းပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြုတ်ကျရင်ပဲဖြစ်ဖြစ် ခြစ်ရာရှရာနဲ့ သွေးခြည်ဥတာတွေ ဖြစ်လာနိုင်ပါတယ်။ လက်၊တံတောင်နဲ့ ဒူးတို့ဟာ အဖြစ်အများဆုံးနေရာတွေပဲ ဖြစ်ပါတယ်။

    ခြစ်ရာရှရာတွေအတွက် ဒဏ်ရာကို ရေသန့်သန့်နဲ့ ဂရုတစိုက် ဆေးပေးပါ။ ပြီးရင် ပတ်တီးစည်းပေးပါ ဒါမှမဟုတ် ဒဏ်ရာကို ပိုးသတ်ဆေးခရင်မ် လိမ်းပေးပါ။ ဒဏ်ရာကကြီးတဲ့အပြင် သွေးဆက်ထွက်နေသေးရင် ကလေးကို ဆရာဝန်ဆီ ခေါ်သွားပါ။

    သွေးခြည်ဥခြင်းအတွက် ဖြစ်တဲ့နေရာကို ရေခဲကပ်ပေးပါ။ ရေခဲဟာ သွေးကြောတွေကို ကျဉ်းစေတဲ့အတွက် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ပိုဆိုးလာရင်ပဲဖြစ်ဖြစ် တံတောင်၊ ဒူး၊ ခြေထောက်တို့ လှုပ်ရှားရခက်နေရင် ဖြစ်ဖြစ် ဆရာဝန်နဲ့ပြပါ။

    • ခြေထောက်ခေါက်တာ၊ လိမ်တာ

    သင့်ကလေးဟာ ဘောလုံးကန်တာလို အားကစားအလုပ်များတယ်ဆိုရင်လည်း ဒီလိုအားကစားလုပ်ရာကနေ ဒဏ်ရာအနာတရ ဖြစ်နိုင်ချေပိုများပါတယ်။ ဘောလုံးကန်တာ၊ ဘတ်စကတ်ဘောကစားတာတွေဟာ ကြွက်သား၊ အရွတ်၊ အရွတ်ကြော စတာတွေကို ထိခိုက်စုတ်ပြဲစေနိုင်ပါတယ်။ ခြေကျဉ်းဝတ်ကတော့ ခေါက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

    တကယ်လို့ သင့်ကလေးမှာ ဒီပြဿနာတွေ ရှိနေပြီဆိုရင် ရေခဲကပ်ထားပြီး အနားယူလိုက်ရင် သက်သာသွားမှာပါ။ ရေခဲက နာကျင်တာနဲ့ ရောင်ရမ်းတာတွေကို သက်သာစေလို့ပါ။ ဒါပေမယ့် နာတာက ပိုဆိုးလာပြီး အရောင်လည်း မကျဖူးဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့လိုလာပါပြီ။ သင့်ကလေးအနေနဲ့ ခြေစည်း စည်းဖို့လိုကောင်းလိုနိုင်သလို တခြားဆေးဝါးကုသမှုတွေကိုလည်း ခံယူရမှာပါ။

    အားကစားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့နဲ့ လုပ်ပြီးရင်လည်း cool down လေ့ကျင့်ခန်းလို့ခေါ်တဲ့ လေ့ကျင့်ခန်း အပျော့စားလေးတွေ လုပ်ပေးဖို့ သင်ပေးထားရမှာပါ။

    • တံတောင်ဆစ် အဆစ်လွဲတာ

    ကလေးတွေကို လက်တဖက်တည်းကနေ ဆွဲမလိုက်တာ ဒါမှမဟုတ် သူတို့လေးတွေရဲ့ လက်မောင်းကနေ ကိုင်ပြီး ပတ်ချာလှည့်တာမျိုးလုပ်ရင် အဆစ်လွဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ အရိုးနဲ့ ကြွက်သားတွေဟာ ပြီးပြည့်စုံစွာ ဖွံ့ဖြိုးခြင်း မရှိသေးလို့ပါပဲ။ ဒါကြောင့် အားနဲ့ဆွဲလိုက်မယ်ဆိုရင် အရိုးတွေ၊အဆစ်တွေဟာ နေရာလွဲသွားနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ရင် ကလေးကို ဆေးရုံခေါ်သွားပါ။ ဆရာဝန်က အရိုးအဆစ်တွေကို ပုံမှန်နေရာ ရောက်အောင် ပြန်တည့်ပေးပါလိမ့်မယ်။

    • ဦးခေါင်းထိခိုက်ခြင်း

    ပြုတ်ကျတာနဲ့ တခြားသော မတော်တဆမှုတွေကြောင့် ကလေးတွေ ဦးခေါင်းထိခိုက်နိုင်ပါတယ်။ သတိလစ်သွားတာ ဒါမှမဟုတ် အမြင်အာရုံဆုံးရှုံးသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ အခြေအနေကို ဆန်းစစ်ပြီး သင့်တော်တဲ့ ကုသမှုအမြန်ပေးနိုင်ဖို့အတွက် ဆေးရုံကို အမြန်ပြေးပါ။

    ဒီလို မဖြစ်ရအောင် သင့်ကလေးတွေကို အမြဲစောင့်ကြည့်နေပါ။ ခေါင်းကိုကာကွယ်တဲ့ ဦးထုပ် ဒါမှမဟုတ် အစွပ်မပါဘဲ အားကစား မလုပ်ခိုင်းပါနဲ့။

    သင်ဟာ အကြားအမြင် ရနေတာ မဟုတ်တဲ့အတွက် မတော်တဆမှုတွေ အားလုံးကို ကာကွယ်ပေးနိုင်မှာတော့ မဟုတ်ပါဖူး။ ဒါပေမယ့် မတော်တဆထိခိုက်ဒဏ်ရာ ရနိုင်တဲ့ အနေအထားလေးတွေကို သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်တာတွေကို တတ်နိုင်သမျှလုပ်ထားနိုင်မှာဖြစ်ပြီး သင့်ကလေးတွေ ထိခိုက်ဒဏ်ရာ ရမှာ ဒါမှမဟုတ် နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာမှာကို တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

    သင်ဟာ သူတို့ရဲ့ ကိုယ်ရံတော်ကာကွယ်သူဖြစ်တဲ့အတွက် သူတို့လေးတွေကို ဂရုတစိုက် ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 19/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement