backup og meta

နို့တိုက်မေမေတိုင်း လိုက်နာသင့်တဲ့ ရွှေရောင်စည်းမျဉ်းများ


Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်မေမေတိုင်း လိုက်နာသင့်တဲ့ ရွှေရောင်စည်းမျဉ်းများ

    နို့တိုက်နေရတဲ့ မေမေတစ်ယောက်အနေနဲ့ အခြားသူတွေထက် အနေအထိုင်အစားအသောက်ဂရုစိုက်ဖို့လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒီတစ်ခေါက်တော့ နို့တိုက်မေမေတို့အနေနဲ့ ဘေဘီလေးရော မေမေကိုယ်တိုင်ပါ ကျန်းမာစေဖို့အတွက် မဖြစ်မနေ သတိထားသင့်တဲ့ အကြောင်းလေးတွေကို ပြောပြပေးပါရစေနော်။

    နို့တိုက်မေမေတစ်ယောက် မဖြစ်မနေလိုက်နာသင့်တဲ့ ရွှေရောင်စည်းမျဉ်းတွေ

    မိခင်တစ်ယောက်ဖြစ်လာရင် စွန့်လွှတ်အနစ်နာခံရတာက အများကြီးပါ။ ကိုယ်ဝန်ဆောင်ချိန်ကနေစလို့ ဘေဘီလေး ၂ နှစ်လောက်အထိက မေမေတစ်ယောက်အဖို့ စားချင်တိုင်းမစားရတဲ့ ကာလပါပဲ။ ဒီကာလမှာ မေမေရဲ့ စားသောက်မှုပုံစံမှားယွင်းမှုက ကိုယ်တိုင်မှာရော ဘေဘီလေးမှာပါထိခိုက်နိုင်လို့ပါ။ ဒါကြောင့် နို့တိုက်နေရချိန်မှာ မေမေရော ဘေဘီလေးပါကျန်းမာဖို့ဆိုရင်တော့

    ရွှေရောင်စည်းမျဉ်း (၁) – အာဟာရပြည့်ဝအောင်စားသုံးပါ

    ကိုယ်ဝန်ဆောင်ကာလထက် အစားအစာတွေကို ပိုဆင်ခြင်ရတာ နို့တိုက်မေမေအဖြစ် ဘေဘီလေးကိုပျိုးထောင်ရချိန်ပါ။ ဒီအချိန်မှာ ဘေဘီလေးကျန်းမာဖို့အတွက် တာဝန်အရှိဆုံးသူက မေမေဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ဘေဘီလေးကို စပြီးနို့ချိုတိုက်ရချိန်မှာ တစ်နေ့ကို စားနေကြထက် ကယ်လိုရီ ၅၀၀ လောက် ပိုစားသုံးပေးဖို့လိုပါမယ်။

    ဒါကြောင့် တစ်နေ့တာမှာ လတ်ဆတ်တဲ့ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို ၂ ကြိမ်၊ ထမင်းကို အသား၊ ငါးတို့နဲ့ တစ်နေ့ကို ၂ ကြိမ်က နေ ၃ ကြိမ်အထိစားပေးဖို့လိုမယ်။ နေ့စဉ်စားသုံမှုမှာ အာဟာရပြည့်ဝစွာပါဝင်ဖို့ကလည်း သတိထားရမယ့်အချက်တစ်ချက်ပါ။ ဒါကြောင့် နေ့စဉ်စားသုံးမှုတိုင်းမှာ

    • ကယ်လ်ဆီယမ် – ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေကြံ့ခိုင်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ နေ့စဉ်စားသုံးမှုမှာ ချိစ်၊ ဒိန်ချဉ်၊ နွားနို့၊ ဟင်းနုနွယ်၊ ပဲပိစပ်တို့ကိုစားသုံးပေးပါ။
    • ဗီတာမင် D – ကယ်လ်ဆီယမ်စုပ်ယူမှုကို ကောင်းစေပြီး အရိုးတွေကို သန်မာစေနိုင်ပါတယ်။ ဗီတာမင် D ကြွယ်ဝစေဖို့ ထရောက်ငါး၊ ဥအမျိုးမျိုး၊ ပဲပြား တို့ကို စားပေးလို့ရပါတယ်။
    • သံဓာတ် နဲ့ DHA – ဘေဘီလေးရဲ့ ဦးနှောက်၊ အာရုံကြော နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးပါတယ်။ ဆယ်လ်မွန်၊ ဆာဒင်း နဲ့ တူနာ ငါးတို့ကနေ DHA ကိုရရှိပြီး အသည်း၊ အခွံမာသီး၊ ပဲအမျိုမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ သံဓာတ်ကိုရရှိနိုင်ပါတယ်။
    • ဖောလစ်အက်ဆစ် – စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုး၊ ပဲနီလေး၊ ထောပတ်သီး၊ မုန်လာဥနီ အချဉ်သီးတွေမှာ ဖောလစ်အက်ဆစ် ပါဝင်နေပါတယ်။
    • အကျိုးပြုဘက်တီးရီးယား (Probiotics) – အစာခြေစနစ်ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ကိုယ်ခံအားကိုကောင်းစေနိုင်တာကြောင့် မေမေရော ဘေဘီလေးပါ ကျန်းမာစေမှာပါ။ ဒိန်ချဉ်၊ မီဆို ဟင်းချို၊ ကီဖာတို့ကနေရရှိနိုင်ပါတယ်။

    နေ့စဉ်စားသုံးမှုမှာ ဒါတွေပါအောင်စားသုံးပေးပါ။ အဟာရမျှတအောင် စားသုံးမှုကမေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်မှာပါ။

    ရွှေရောင်စည်းမျဉ်း (၂) – ရေဓာတ်ပြည့်ဝအောင်နေပါ

    ရေဓာတ်ပြည့်ဝနေမှုက နို့ထွက်များစေမှာပါ။ ဒါကြောင့် တစ်နေ့ကို ရေ ၁ လီတာခွဲကနေ ၂ လီတာလောက်အထိသောက်ပေးပါ။ ရေပဲမသောက်ချင်ဘူးဆိုရင် စွပ်ပြုတ်၊ သစ်သီးဖျော်ရည်တွေကိုလည်း သောက်ပေးလို့ရပါတယ်။ တကယ်လို့ မေမေအနေနဲ့ ဝမ်းချုပ်နေမယ်။ ဆီးတွေအရောင်ပြောင်းနေမယ်ဆိုရင် ရေသေက်နည်းနေပြီဖြစ်တာကြောင့် သတိထားပြီး ရေများများသောက်ပေးပါ။

    ရွှေရောင်စည်းမျဉ်း (၃) – စားသမျှက ဘေဘီလေးကိုသက်ရောက်နိုင်ကြောင်း မမေ့ပါနဲ့

    နို့တိုက်နေရချိန်မှာ မေမေစားသမျှက မေမေအတွက်ရော ဘေဘီလေးအတွက်ရောဆိုတာကို မမေ့ပါနဲ့။ အကြောင်းကတော့ မေမေစားလိုက်သမျှတိုင်းဟာ မေမေနို့ကိုသာ အာဟာရအဖြစ်မှီခိုနေရတဲ့ ဘေဘီလေးဆီကို နို့ရည်ကနေတဆင့်ရောက်သွားနိုင်တာကြောင့်ပါ။ ဒါကြောင့် နို့တိုက်နေရတဲ့ မေမေတစ်ယောက်အနေနဲ့ ကဖင်း၊ အယ်လ်ကိုဟော၊ နီကိုတင်းပါတဲ့ သောက်စရာတွေကို မသောက်ပါနဲ့။ မလိုအပ်ဘဲ ဆေးတွေမသောက်ပါနဲ့။ သစ်သီးတွေကို အခွံနွှာစားပါ။ ဟင်းသီးဟင်းရွက်တွေကို ဆားရည်နဲ့စိမ်ပြီးဆေးပါ။ အချိုကဲတဲ့ သောက်စရာတွေကို မသောက်ပါနဲ့။ ကဖင်းများတဲ့သောက်စရာတွေက မေမေရော ဘေဘီလေးရဲ့ အိပ်စက်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ရွှေရောင်စည်းမျဉ်း (၄) – မနက်စာ မစားဘဲမနေပါနဲ့

    ပုံမှန်လူတစ်ယောက်ဆိုရင်တောင် တစ်နေ့တာရဲ့ လုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်နိုင်စေဖို့အတွက် မနက်စာကို မဖြစ်မနေစားသင့်တာပါ။ ဒါကြောင့် ဘေဘီလေးကို နို့တိုက်နေရချိန်မှာ ပင်ပန်းနွမ်းနယ်တာ၊ စိတ်ဓာတ်ကျတာတွေကိုမဖြစ်စေဖို့ သဘာဝအချိုနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာအစားတွေကို စားပေးပါ။ မနက်စာကို ပြည့်ပြည့်ဝဝ စားသုံးမှုက မေမေ့ကျန်းမာရေးရော ဘေဘီလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုကိုပါ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ရွှေရောင်စည်းမျဉ်း (၅) – ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို မွေးမြူပါ

    နို့တိုက်မေမေတစ်ယောက်အနေနဲ့ ဒီအချက်ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ အကြောင်းကတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်မှုက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တာကြောင့်ပါ။ နို့တိုက်မေမေတစ်ယောက်အနေနဲ့ အစားကိုအချိန်မှန်မှန်စားမယ်။ အာဟာရပြည့်ဝအောင်စားမယ်၊ ရေဓာတ်ပြည့်ဝအောင်နေမယ်၊ စိတ်ဖိစီးမှုတွေကိုဖြေလျှော့မယ်စသဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို မွေးမြူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement