ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ကိုယ့်ရဲ့ ရင်သွေးလေးထမဆုံးခြေလှမ်းလေးကိုမြင်ရဖို့တော်တော်လေးမျှော်လင့်မိတယ်ဟုတ်။ ကလေးတစ်ယောက်လမ်းစလျှောက်တာက သူတို့လေးတွေဖွံ့ဖြိုးမှုရဲ့ အရေးပါဆုံးမှတ်တိုင်တွေထဲကတစ်ခုပေါ့။ ဒီအချိန်မှာ ကလေးလေးလမ်းလျှောက်တာကို ကြည့်မဝဖြစ်နေကြသလိုဖုန်းတွေနဲ့ မှတ်တမ်းတင်တာကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဦးဦး၊တီတီတွေရောပေါ့။ ကလေးဆီကနေ မျက်စိမခွာနိုင်တဲ့အခိုက်အတန့်လေးပဲနော်။ ပီတိတွေကလည်း အပြည့်ပဲ။ ကဲ ဒီအခိုက်အတန့်လေးအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ဒီဆောင်းပါးလေးကနေ ကူညီပေးပါရစေ။

ကလေးက ဘယ်အရွယ်မှာ လမ်းစလျှောက်တာလဲ

ကလေးကမွေးစမှာ သူ့ခန္ဓါကိုယ်အလေးချိန်ကို ထမ်းပိုးနိုင်လောက်တဲ့အထိ မဖွံ့ဖြိုးသေးပါဘူး။ တဖြည်းဖြည်းနဲ့မှ အချိန်ယူပြီး ဖွံ့ဖြိုးလာတာပါ။ ကလေးလေးတွေက များသောအားဖြင့် အသက် ၁ နှစ် ဝန်းကျင်လောက်မှာ လမ်းစလျှောက်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ အချို့ကလေးတွေက ၁ နှစ်နည်းနည်းကျော်လောက်မှ လမ်းစလျှောက်ကြတာပါ။

  • ကလေးတွေကမွေးပြီး ၃ လကနေ၆လအတွင်းမှာ ခန္ဓါကိုယ်အပေါ်ပိုင်းကြွက်သားတွေ ဖွံ့ဖြိုးသန်စွမ်းလာကြပါတယ်။
  • ၅ လကနေ ၇ လမှာခြေထောက်တွေမှာ တဖြည်းဖြည်းချင်း အားရှိလာပါပြီ။
  • ၆ လ ကနေ ၉ လအတွင်းမှာတော့ ဇက်က ကြွက်သားတွေသန်မာလာမယ်။ ဦးခေါင်းကို ထိန်းနိုင်လာမယ်။ ဟန်ချက်ထိန်းနိုင်လာမယ်။
  • ၉ လကနေ ၁ နှစ်ခွဲအတွင်းမှာ ခြေထောက်ကအရွတ်တွေသန်မာလာပြီး လမ်းစလျှောက်နိုင်တော့မှာပါ။

ကလေးလမ်းစလျှောက်တော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ

အခုပြောပြမယ့် အရိပ်အယောင်လေးတွေ သားသားမီးမီးတို့ဆီမှာတွေ့နေရပြီဆိုရင်တော့ သူတို့လေးတွေ မကြာခင်လမ်းလျှောက်တော့မယ်ဆိုတဲ့ သဘောပါ။

ပစ္စည်းတွေပေါ်ကုတ်ကပ်တွယ်တက်နေပြီ – ကလေးက ဝမ်းလျှားမှောက်တာကနေတဆင့်တက်လို့ ထိုင်ခုံတွေ၊ကုတင်နဲ့ စားပွဲပေါ်တွေလှေကားပေါ်တွေကို တွယ်တက်နေပြီဆိုရင် ကလေးက လမ်းစလျှောက်တော့မှာပါ။

မတ်တတ်ထဖို့ အားယူနေပြီ – ကလေးက သူ့တစ်ရပ်မီစာလောက်မှာရှိနေတဲ့ မိမိရရကိုင်လို့ရတဲ့ အရာတစ်ခုခုကို ကိုင်တွယ်ပြီး အားယူရင်း ထဖို့ ကြိုးစားနေတာကလည်း သူမတ်တတ်ရပ်တော့မယ်ဆိုတာကိုဖော်ပြနေတာပါ။

ပစ္စည်းတွေကိုလျှောက်ဆွဲနေပြီ – အမြင့်မှာရှိနေတဲ့ အရာတွေကို လက်နဲ့ဆုပ်ကိုင်ပြီး ဆွဲတတ်နေပြီဆိုရင် သူလမ်းလျှောက်တော့မှာပါ။ အားယူတဲ့သဘောပေါ့။ ဒီအချိန်မှာသေချာဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။ ဒါမှ ကလေး အပူလောင်တာမျိုး၊ ထိခိုက်မိတာမျိုးတွေမဖြစ်မှာပါ။

ဟန်ချက်ထိန်းဖို့ ကြိုးစားနေပြီ – ဒီတစ်ဆင့်က အရင်အဆင့်တွေထက်တိုးတက်လာတဲ့သဘောပါ။ အားယူပြီး မတ်တတ်ထတဲ့အဆင့်ကိုကျော်လွန်လာပါပြီ။ နံရံ၊လက်ရန်းလိုမျိုး လက်ထဲမှာ မိမိရဆုပ်ကိုင်လို့ရတဲ့ အရာကို အားပြုပြီး သူ့ကိုယ်သူ ဟန်ချက်ထိန်းရင်းခြေထောက်တွေကို စရွေ့ပါပြီ။ အထိန်းနဲ့ လမ်းစလျှောက်တဲ့ သဘောပေါ့။

မတ်တတ်ရပ်ပြီ -အောင်မြင်မှုတွေ အရောင်သန်းလာပါပြီ။ သူ့ကိုယ်သူ အားကိုးတဲ့အချိန်ရောက်လာပြီလေ။ လက်ကလေး ကမ်းပေးရင် လှမ်းဆွဲပြီးခြေတစ်လှမ်းချင်း စလှမ်းပြီလေ။ သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်တဲ့အချိန်ေပါ့။ ယုံကြည်မှုလေးပြည့်ဝလာချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ပထမဆုံးခြေလှမ်းကို စလှမ်းပြီလေ။

လမ်းစလျှောက်တဲ့ ကလေးကို ဒီလိုကူညီပေးပါ

ကလေးက လမ်းစလျှောက်ပြီဆိုရင်ဖေဖေမေမေတို့ဘက်ကလည်း ကလေးကို ဒီလိုလေးကုူညီပေးဖို့လိုပါမယ်။

ဟန်ချက်ထိန်းနိုင်အောင် ကူညီပေးပါ – ကလေးနဲ့အတူတူ ထိုင်ချလိုက်ပြီး ကလေးလက်ကလေးတွေကို ဆုပ်ကိုင်ပေးရင်းအမှတ်စဉ်ရေလို့ဖြည်းဖြည်းချင်း တူတူထပေးပါ။ အားပေးစကားလေးလည်းပြောပေးရင်းပေါ့။ ကလေးက ထနိုင်ပြီဆိုရင် ချီးကျူးစကားလေးပြောပေးတာ၊ လက်ခုပ်တီးအားပေးတာတွေ လုပ်ပေးဖို့မမေ့ပါနဲ့။

ခြေထောက်လှုပ်ရှားမှုလေးတွေလုပ်ဆောင်ပေးပါ – ကလေးကိုလှဲနေရင်းမှာဖြစ်ဖြစ် ထိုင်နေရင်းမှာဖြစ်ဖြစ်ခြေထောက်လေးစင်းခိုင်းပြီး နှိပ်နယ်ပေးတာ။ခြေထောက်အကြောတွေကိုပြေလျော့စေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးတာမျိုးလုပ်ပေးလိုက်ပါ။ ဒါလည်း လမ်းစလျှောက်မယ့် ကလေးတွအတွက် ထိရောက်တဲ့ ကူညီမှုဖြစ်မှာပါ။

ကလေးကို ကိုယ့်ဆီကိုလမ်းလျှောက်လာဖို့ခေါ်ပါ – ကလေးနဲ့ မလှမ်းမကမ်းမှာ ထိုင်ရင်းမေမေ့ဆီကိုလမ်းလျှောက်လာခဲ့ပါလား၊ လို့လှမ်းခေါ်တာမျိုးပေါ့။ ဒီလိုလှမ်းခေါ်ပေးတာက ကလေးကို လမ်းလျှောက်တာကောင်းလာအောင်လေ့ကျင့်ပေးရာကျပါတယ်။ ကလေးက မတော်တဆလဲကျတာမျိုးဖြစ်နိုင်ပေမယ့်ဘေးကနေအားပေးရင်း ကလေးကို အကူအညီမပါဘဲ လမ်းလျှောက်နိုင်ကြောင်းသိအောင် ဖေးမပေးပါ။

ကဲဘေဘီလေး လမ်းစလျှောက်မယ့် အချိန်ကိုစောင့်ရင်း အမှတ်ရစရာလေးတွေကို မှတ်တမ်းတင်လိုက်ပါနော်………

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဒီဇင်ဘာ 5, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 6, 2018

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။