backup og meta

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

    ကလေးတွေဟာ မွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံတဲ့ မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ပြင်ပလောကကို ရောက်ရှိလာပြီး အသက်ရှူဖို့၊ စားသောက်ဖို့၊ အိပ်စက်အနားယူဖို့ အစရှိတဲ့အရာတွေကို စတင်သင်ယူရပါတယ်။

    ပြင်ပလောကနဲ့ အသားကျဖို့အတွက် ပြင်ဆင်နေရတဲ့ ဒီပထမတစ်နှစ်ကာလကတော့ ကလေးတွေအတွက် ကျန်းမာရေးပြဿနာများ ထူပြောတဲ့ ကာလမို့ မကြာခင်မှာ မိဘလောင်းဖြစ်တော့မယ့်သူတွေရော၊ အခုမှ ပထမဆုံး သားဦးသမီးဦးမွေးထားတဲ့ မိဘတွေအတွက်ပါ သိထားသင့်တဲ့ ကျန်းမာရေးပြဿနာများကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။

    ၁။ မွေးဖွားစဉ် ထိခိုက်မှုများ

    တစ်ခါတရံ မီးဖွားနေချိန်မှာ ကလေးကို မိခင်မွေးလမ်းကြောင်းကနေ လျင်မြန်စွာ ထွက်လာစေဖို့ ညှပ်ကိုအသုံးပြုရတာမျိုး ရှိပါတယ်။ ဒီညှပ်ကြောင့် ကလေးအနေနဲ့ ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။

    ကလေးအများစုကတော့ ထိုထိခိုက်မှုကို တိုတောင်းတဲ့အချိန်အတွင်း ကုသပျောက်ကင်းသွားနိုင်ပါတယ်။ ဒီလိုမွေးဖွားစဉ် ထိခိုက်မှုတွေထဲမှာ ဦးရေပြားတစ်ဝိုက် နီရဲရောင်ရမ်းတဲ့ လက္ခဏာကို တွေ့ရတတ်ပါတယ်။

    ၂။ အသားဝါရောဂါ

    အသားဝါရောဂါသည် မွေးကင်းစကလေးများနဲ့ အသက်တစ်နှစ်ဝန်းကျင် ကလေးတွေမှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ ကလေးရဲ့ သွေးထဲမှာ Bilirubin ဓာတ်တွေ ပိုလျှံလာခြင်းကြောင့် အရေပြားမှာ အဝါရောင်ခြယ်ဆဲလ်တွေ တိုးလာပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ ကျောက်ကပ်က ကောင်းစွာ ဖွံ့ဖြိုးမှုမရှိသေးတဲ့အတွက် ထို Bilirubin ဓာတ်တွေကို သိပ်ပြီးမဖယ်ရှားနိုင်တာကြောင့် အသားဝါရောဂါရယ်လို့ ဖြစ်လာရတာပါ။

    ပုံမှန်အားဖြင့်တော့ မွေးကင်းစကလေးတွေမှာဆိုရင် ကလေးမွေးပြီး ၂ပတ်မှ ၃ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်။ ၃ပတ်ကျော်တဲ့အထိမှ အသားဝါတာ မပျောက်သွားဘူးဆိုရင်တော့ တခြားကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာ ဖြစ်နိုင်တဲ့အတွက် ကလေးအထူးကုဆရာဝန်နဲ့ သေချာပြသစစ်ဆေးသင့်ပါတယ်။

    ၃။ လေထိုးလေအောင့်ဖြစ်ခြင်း

    လူကြီးတွေမှာတောင် လေထိုးလေအောင့်တဲ့အခါ တော်တော်ခံရခက်သလို ကလေးတွေအတွက်ဆို ပိုပြီးတောင်ဆိုးရွားတတ်ပါတယ်။ ကလေးက အကြောင်းရင်းမရှိဘဲ ဆက်တိုက်ငိုနေတာမျိုး၊ အထူးသဖြင့် ညနေခင်းတွေမှာ ပိုပြီးငိုတတ်တယ်ဆိုရင် ကလေးမှာ လေထိုးလေအောင့်နေတာမျိုး ဖြစ်နိုင်ပါတယ်။

    ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းအတိအကျကို ရှာဖွေနိုင်ခြင်းမရှိသေးပေမဲ့ ဝမ်းဗိုက်ထဲ လေပွနေခြင်း၊ ဗိုက်အောင့်စေတဲ့ ဟော်မုန်းများထွက်လာခြင်း၊ နို့မှုန့်တိုက်ခြင်း၊ အသံ သို့မဟုတ် အလင်းရဲ့ တုံ့ပြန်မှုပြင်းထန်ခြင်း၊ အစာခြေစနစ် ဖွံ့ဖြိုးမှုကြောင့် ဖြစ်နိုင်ခြေပိုများပါတယ်။ ပုံမှန်အားဖြင့် ကလေးအသက် ၂ပတ်ကာလမှ လေထိုးလေအောင့် စတင်ဖြစ်တတ်ပြီး အသက် ၃လအရွယ်မှာတော့ သူ့အလိုလိုပဲ သက်သာသွားနိုင်ပါတယ်။ ၃လကျော်တဲ့အထိ မသက်သာဘူးဆိုရင်တော့ ကျန်းမာရေးပြဿနာရှိနေတာ သို့မဟုတ် နို့မှုန့်နဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။

    ၄။ ဝမ်းဗိုက်ဖောင်းနေခြင်း

    ဒီလိုဖြစ်လာပြီဆိုရင် ကလေးရဲ့ ဝမ်းဗိုက်ကို မိဘတွေအနေနဲ့ ဖြည်းဖြည်းချင်း ထိပြီး စစ်ဆေးကြည့်သင့်ပါတယ်။

    ဝမ်းဗိုက်က တင်းပြီးရောင်နေတာဆိုရင် လေပွတာ သို့မဟုတ် ဝမ်းချုပ်တာကြောင့် ဖြစ်နိုင်ပါတယ်။ မိခင်နို့ပုံမှန်တိုက်ကျွေးပေးခြင်းဖြင့် ကလေးရဲ့ ဝမ်းဗိုက်က သူ့ဘာသာအစာကို ပုံမှန်ချေဖျက်သွားပြီး နဂိုအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။ ဝမ်းဗိုက်က ဖြစ်သင့်တာထက် ပိုပြီးတင်းမာနေတယ်လို့ ခံစားမိရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။

    ၅။ ခြေလက်များ ပြာနှမ်းခြင်း

    မွေးပြီးကာစအချိန်မှာ ကလေးတွေ ခြေလက်ပြာနှမ်းတာမျိုး ဖြစ်တတ်တာ သဘာဝပါ။ ပုံမှန်အတိုင်း သွေးစီးဆင်းမှုဖြစ်လာပြီဆိုရင်​တော့ အချိန်တိုအတွင်း သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ကလေးပါးစပ်တွေမှာပါ ပြာနှမ်းတာ၊ အသက်ရှူရခက်နေတာမျိုး အစရှိတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ ကလေးရဲ့ နှလုံးနဲ့ အဆုတ်ဟာ ကောင်းစွာအလုပ်မလုပ်တာဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ တွေ့ရရင် ကလေးအထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်ဖို့ လိုအပ်ပါတယ်။

    ၆။ နို့အန်ခြင်း

    တစ်ခါတလေ ကလေးတွေကို နို့တိုက်လိုက်တဲ့အခါ နို့အန်ထွက်တာ သို့မဟုတ် ထွေးထုတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိခင်တွေအနေနဲ့ နို့ပြန်မအန်ထွက်စေဖို့ ကလေးကို နို့တိုက်ပြီးတဲ့အခါ လေချဉ်တက်အောင် သို့မဟုတ် ကြို့ထိုးအောင်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ကလေးအန်လိုက်တဲ့နို့ထဲမှာ အစိမ်းရောင်ဖြစ်နေမှသာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။

    ၇။ ချောင်းဆိုးခြင်း

    ကလေးကို နို့အမြန်တိုက်မိတဲ့အခါ ရုတ်တရက်သီးပြီး ချောင်းဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ အမြဲတမ်းလိုလို နို့တိုက်တိုင်း ချောင်းဆိုးတာဆိုရင်တော့ အဆုတ် သို့မဟုတ် အစာခြေစနစ်မှာ ပြဿနာရှိနေနိုင်ပြီး ညရောက်တော့မှ ချောင်းဆက်တိုက်ဆိုးတာမျိုးက အသက်ရှူလမ်းကြောင်းမှာ ပြဿနာဖြစ်နေတာ သို့မဟုတ် ကြက်ညှာချောင်းဆိုး ဖြစ်နိုင်ပါတယ်။

    ၈။ အသက်ရှူရခက်ခြင်း

    ကလေးရဲ့ နှာခေါင်းလမ်းကြောင်းမှာ ပိတ်ဆို့သွားတဲ့အခါ အောက်စီဂျင်မလုံလောက်တော့ဘဲ အသက်ရှူမဝသလို ဖြစ်တတ်ပါတယ်။ ကလေး အသက်ရှူရခက်တာ ကြာလာတဲ့အခါ အရေပြားဟာ ပြာနှမ်းလာတာကို တွေ့ရမှာပါ။ ပုံမှန်အားဖြင့် မွေးကင်းစကလေးတွေအနေနဲ့ မွေးပြီး နာရီအနည်းငယ်ကြာမှ အသက်ရှူတတ်တာ ဖြစ်တဲ့အတွက် ဆေးရုံရဲ့ အောက်စီဂျင်ခန်းထဲမှာ ကလေးကို ထိန်းသိမ်းစောင့်ကြည့်ထားဖို့ လိုပါတယ်။

    ၉။ သွေးအားနည်းရောဂါ

    မိခင်တွေမှာ သွေးအားနည်းရောဂါအခံရှိတဲ့အခါ မွေးလာတဲ့ကလေးမှာပါ ဒီရောဂါက ပါလာတတ်ပါတယ်။ ကလေးရဲ့အသက်အလိုက် ပုံမှန်သတ်မှတ်ထားတဲ့ ပမာထက် သွေးနီဆဲလ်တွေ နည်းနေတာကြောင့် သွေးအားနည်းရောဂါ ဖြစ်ရတာပါ။ အသက်ငယ်သေးတဲ့ကလေးတွေမှာ သွေးအားနည်းရောဂါရှိခြင်းဟာ သေစေနိုင်တဲ့အထိ အန္တရာယ်ကြီးလို့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

    ၁၀။ အဖျားတက်ခြင်း

    ကလေးတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက်ဖျားပြီး ကိုယ်အပူရှိန်တက်နိုင်ပါတယ်။ အသက်ငယ်တဲ့ကလေးတွေ ကိုယ်ပူကြီးတဲ့အခါ ရုတ်တရက်တက်သွားတာတတ်ပါတယ်။ ဒါကြောင့် ကလေးဖျားတဲ့အခါ ကိုယ်ပူမြန်မြန်ကျသွားအောင် လုပ်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှမဟုတ် ကလေးအထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

    ၁၁။ အရေပြားပြဿနာများ

    စိုရွှဲပြီး အညစ်အကြေးပေးနေတဲ့ ကလေးသေးခံအဝတ်တွေကို အချိန်အကြာကြီး ဝတ်ထားတဲ့အခါ သေးခံလောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေး အလေးအပေါ့သွားပြီးတာနဲ့ သေးခံကို အမြန်လဲပြီး ရေနွေးနဲ့ သန့်ရှင်းပေးတာ၊ ပေါင်ဒါလိမ်းတာမျိုး လုပ်ပေးသင့်ပါတယ်။

    ဦးရေပြားအကြေးခွံထတာကတော့ ကလေးရဲ့ဦးခေါင်းက ဆံသားမွေးညှင်းပေါက်တွေကနေ အဆီတွေ လိုတာထက်ပိုပြီး ထုတ်လုပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပြဿနာအတွက် ကလေးသုံး ခေါင်းလျှော်ရည်အပျော့စားကို ရေကျက်နွေးနဲ့ ဂရုစိုက်ပြီး ခေါင်းလျှော်ပေးဖို့ အရေးကြီးပါတယ်။

    ၁၂။ ကလေးနားထဲ ပိုးဝင်ခြင်း

    ကလေးတွေမှာ နားထဲပိုးဝင်တဲ့ပြဿနာ အလွန်အဖြစ်များပါတယ်။ နားထဲမှာရောဂါပိုးဝင်နေတဲ့အခါ ကလေးအနေနဲ့ နားရွက်ကို ခဏခဏဆွဲတာမျိုး လုပ်တတ်ပါတယ်။

    ဗိုင်းရပ်စ်ပိုးဝင်တာကတော့ ပိုအဖြစ်များပြီး ရက်အနည်းငယ်အတွင်း သက်သာသွားနိုင်ပါတယ်။ နားထဲ ဘက်တီးရီးယားပိုးဝင်တဲ့အခါ ပျောက်ကင်းရန်အချိန်ပိုကြာတတ်ပြီး ကုသမှုမခံယူပါက ကလေးအကြားအာရုံထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    ၁၂။ ခံတွင်းမှိုစွဲခြင်း

    ကလေးတွေရဲ့ လျှာနဲ့ ခံတွင်းတစ်ဝိုက်မှာ အဖြူရောင်အကွက်များ တွေ့နေတယ်ဆိုရင် မှိုစွဲတာဖြစ်နိုင်ပါတယ်။ ဒီပြဿနာအတွက် ဆရာဝန်နဲ့ သေချာပြသပြီး မှိုပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။

    ၁၃။ အအေးမိတုပ်ကွေး

    ကလေးကို အပြင်ခေါ်သွားတဲ့အခါ သို့မဟုတ် ကလေးကိုပြုစုနေရတဲ့ မိသားစုဝင်တစ်ဦးဦးမှာ အအေးမိတုပ်ကွေးဖြစ်နေပါက ကလေးကို ကူးစက်နိုင်ခြေ အရမ်းများပါတယ်။ ကလေးတွေမှာ အအေးမိတုပ်ကွေးဖြစ်ပါက အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

    ၁၄။ ဝမ်းလျှောခြင်း

    ဝမ်းဗိုက်ထဲ ရောဂါပိုးတစ်ခုခု ဝင်နေတာ၊ ပိုးသတ်ဆေးတွေ သောက်နေရတဲ့အခါ ဝမ်းလျှောတတ်ပါတယ်။ ထိုနည်းတူ ဝမ်းလျှောတာမဟုတ်ဘဲ ဝမ်းချုပ်တာလည်း အဖြစ်များပါတယ်။ ၃ရက်ထက်ပိုပြီး ကလေးဝမ်းလျှောတာ၊ ဝမ်းချုပ်တာ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    ခုပြောပြခဲ့တဲ့ လက္ခဏာတွေဟာ မွေးကင်းစနဲ့ အသက်တစ်နှစ်အောက်ကလေးတွေမှာ အလွန်အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေပဲ ဖြစ်ပါတယ်။

    တချို့ပြဿနာတွေကတော့ သိပ်ပြီး စိုးရိမ်စရာမရှိပေမဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို တွေ့နေရပြီဆိုရင်တော့ မိဘတွေအနေနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသကြည့်ဖို့ မနှေးသင့်ကြောင့် သတိပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement