backup og meta

ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား

    ကိုယ့်ရဲ့ ရင်သွေးလေးပထမဆုံးခြေလှမ်းလေးကို မြင်ရဖို့ တော်တော်လေးမျှော်လင့်မိတယ်ဟုတ်။ ကလေးတစ်ယောက်လမ်းစလျှောက်တာက သူတို့လေးတွေဖွံ့ဖြိုးမှုရဲ့ အရေးပါဆုံးမှတ်တိုင်တွေထဲကတစ်ခုပေါ့။ ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား ဆိုတာကို စောင့်ကြည့် ရတာကိုက မိဘတွေအတွက် စိတ်လှုပ်ရှားစရာပါ။

    ဒီအချိန်မှာ ကလေးလေးလမ်းလျှောက်တာကို ကြည့်မဝဖြစ်နေကြသလို ဖုန်းတွေနဲ့ မှတ်တမ်းတင်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဦးဦး၊တီတီတွေရောပေါ့။ ကလေးဆီကနေ မျက်စိမခွာနိုင်တဲ့ အခိုက်အတန့်လေးပဲနော်။ ပီတိတွေကလည်း အပြည့်ပဲ။ ကဲ ဒီအခိုက်အတန့်လေးအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ဒီဆောင်းပါးလေးကနေ ကူညီပေးပါရစေ။

    ကလေးက ဘယ်အရွယ်မှာ လမ်းစလျှောက်တာလဲ

    ကလေးကမွေးစမှာ သူ့ခန္ဓာကိုယ်အလေးချိန်ကို ထမ်းပိုးနိုင်လောက်တဲ့အထိ မဖွံ့ဖြိုးသေးပါဘူး။ တဖြည်းဖြည်းနဲ့မှ အချိန်ယူပြီး ဖွံ့ဖြိုးလာတာပါ။ ကလေးလေးတွေက များသောအားဖြင့် အသက် ၁ နှစ် ဝန်းကျင်လောက်မှာ လမ်းစလျှောက်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ အချို့ကလေးတွေက ၁ နှစ်နည်းနည်းကျော်လောက်မှ လမ်းစလျှောက်ကြတာပါ။

    • ကလေးတွေကမွေးပြီး ၃ လကနေ၆လအတွင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေ ဖွံ့ဖြိုးသန်စွမ်းလာကြပါတယ်။
    • ၅ လကနေ ၇ လမှာ ခြေထောက်တွေမှာ တဖြည်းဖြည်းချင်း အားရှိလာပါပြီ။
    • ၆ လ ကနေ ၉ လအတွင်းမှာတော့ ဇက်က ကြွက်သားတွေသန်မာလာမယ်။ ဦးခေါင်းကို ထိန်းနိုင်လာမယ်။ ဟန်ချက်ထိန်းနိုင်လာမယ်။
    • ၉ လကနေ ၁ နှစ်ခွဲအတွင်းမှာ ခြေထောက်ကအရွတ်တွေသန်မာလာပြီး လမ်းစလျှောက်နိုင်တော့မှာပါ။

    ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား

    အခုပြောပြမယ့် အရိပ်အယောင်လေးတွေ သားသားမီးမီးတို့ဆီမှာတွေ့နေရပြီဆိုရင်တော့ သူတို့လေးတွေ မကြာခင်လမ်းလျှောက်တော့မယ်ဆိုတဲ့ သဘောပါ။

    ပစ္စည်းတွေပေါ် ကုတ်ကပ်တွယ်တက်နေပြီ – ကလေးက ဝမ်းလျားမှောက်တာကနေ တဆင့်တက်လို့ ထိုင်ခုံတွေ၊ ကုတင်နဲ့ စားပွဲပေါ်တွေ၊ လှေကားပေါ်တွေကို တွယ်တက်နေပြီဆိုရင် ကလေးက လမ်းစလျှောက်တော့မှာပါ။

    မတ်တတ်ထဖို့ အားယူနေပြီ – ကလေးက သူ့တစ်ရပ်မီစာလောက်မှာရှိနေတဲ့ မိမိရရကိုင်လို့ရတဲ့ အရာတစ်ခုခုကို ကိုင်တွယ်ပြီး အားယူရင်း ထဖို့ ကြိုးစားနေတာကလည်း သူမတ်တတ်ရပ်တော့မယ်ဆိုတာကိုဖော်ပြနေတာပါ။

    ပစ္စည်းတွေကို လျှောက်ဆွဲနေပြီ – အမြင့်မှာရှိနေတဲ့ အရာတွေကို လက်နဲ့ဆုပ်ကိုင်ပြီး ဆွဲတတ်နေပြီဆိုရင် သူလမ်းလျှောက်တော့မှာပါ။ အားယူတဲ့သဘောပေါ့။ ဒီအချိန်မှာသေချာဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။ ဒါမှ ကလေး အပူလောင်တာမျိုးထိခိုက်မိတာမျိုးတွေမဖြစ်မှာပါ။

    ဟန်ချက်ထိန်းဖို့ ကြိုးစားနေပြီ – ဒီတစ်ဆင့်က အရင်အဆင့်တွေထက် တိုးတက်လာတဲ့သဘောပါ။ အားယူပြီး မတ်တပ်ထတဲ့အဆင့်ကို ကျော်လွန်လာပါပြီ။ နံရံ၊ လက်ရန်းလိုမျိုး လက်ထဲမှာ မိမိရဆုပ်ကိုင်လို့ရတဲ့ အရာကို အားပြုပြီး သူ့ကိုယ်သူ ဟန်ချက်ထိန်းရင်း ခြေထောက်တွေကို စရွေ့ပါပြီ။ အထိန်းနဲ့ လမ်းစလျှောက်တဲ့ သဘောပေါ့။

    မတ်တတ်ရပ်ပြီ -အောင်မြင်မှုတွေ အရောင်သန်းလာပါပြီ။ သူ့ကိုယ်သူ အားကိုးတဲ့အချိန်ရောက်လာပြီလေ။ လက်ကလေး ကမ်းပေးရင် လှမ်းဆွဲပြီး ခြေတစ်လှမ်းချင်း စလှမ်းပြီလေ။ သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်တဲ့အချိန်ပေါ့။ ယုံကြည်မှုလေးပြည့်ဝလာချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ပထမဆုံးခြေလှမ်းကို စလှမ်းပြီလေ။

    လမ်းစလျှောက်တဲ့ ကလေးကို ဒီလိုကူညီပေးပါ

    ကလေးက လမ်းစလျှောက်ပြီဆိုရင်ဖေဖေမေမေတို့ဘက်ကလည်း ကလေးကို ဒီလိုလေးကူညီပေးဖို့လိုပါမယ်။

    ဟန်ချက်ထိန်းနိုင်အောင် ကူညီပေးပါ – ကလေးနဲ့အတူတူ ထိုင်ချလိုက်ပြီး ကလေးလက်ကလေးတွေကို ဆုပ်ကိုင်ပေးရင်း အမှတ်စဉ်ရေလို့ ဖြည်းဖြည်းချင်း တူတူထပေးပါ။ အားပေးစကားလေးလည်း ပြောပေးရင်းပေါ့။ ကလေးက ထနိုင်ပြီဆိုရင် ချီးကျူးစကားလေးပြောပေးတာ၊ လက်ခုပ်တီးအားပေးတာတွေ လုပ်ပေးဖို့မမေ့ပါနဲ့။

    ခြေထောက်လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ပေးပါ – ကလေးကို လှဲနေရင်းမှာဖြစ်ဖြစ် ထိုင်နေရင်းမှာဖြစ်ဖြစ် ခြေထောက်အကြောတွေကို ပြေလျော့စေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးတာမျိုးလုပ်ပေးလိုက်ပါ။ ဒါလည်း လမ်းစလျှောက်မယ့် ကလေးတွေအတွက် ထိရောက်တဲ့ ကူညီမှုဖြစ်မှာပါ။

    ကလေးကို ကိုယ့်ဆီကို လမ်းလျှောက်လာဖို့ခေါ်ပါ – ကလေးနဲ့ မလှမ်းမကမ်းမှာ ထိုင်ရင်းမေမေ့ဆီကို လမ်းလျှောက်လာခဲ့ပါလား၊ လို့လှမ်းခေါ်တာမျိုးပေါ့။ ဒီလိုလှမ်းခေါ်ပေးတာက ကလေးကို လမ်းလျှောက်တာကို လေ့ကျင့်ပေးရာကျပါတယ်။ ကလေးက မတော်တဆလဲကျတာမျိုးဖြစ်နိုင်ပေမယ့် ဘေးကနေအားပေးရင်း ကလေးကို အကူအညီမပါဘဲ လမ်းလျှောက်နိုင်ကြောင်းသိအောင် ဖေးမပေးပါ။

    ကဲ ဘေဘီလေး လမ်းစလျှောက်မယ့် အချိန်ကိုစောင့်ရင်း အမှတ်ရစရာလေးတွေကို မှတ်တမ်းတင်လိုက်ပါနော်………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement