backup og meta

8 ပတ်သားကလေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    8 ပတ်သားကလေး

    ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ

    ဘယ်လိုဖွံ့ဖြိုးလာလဲ

    ဒီအချိန်မှာ သင့်ကလေးရဲ့ဦးနှောက်ကဟာ အရွယ်အစားရော၊ ရှုပ်ထွေးမှုပါ တိုးတက်လာနေပါပြီ။ ၅ စင်တီမီတာလောက် ပိုကြီးလာနိုင်ပါတယ်။ ကလေးငယ်ဟာတခါတရံ နိုးကြားနေလိုက်၊ ငြိမ်သွားလိုက်ဖြစ်နေချိန်လေးတွေရှိလာတာ သတိထားမိပါလိမ့်မယ်။ စိတ်မပူပါနဲ့ ဒါဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ သူတို့ကပတ်ဝန်းကျင်ကိုစူးစမ်းနေကြတာပါ။ ဒါကြောင့် ဒီအချိန်ဟာ သူတို့နဲ့ဆက်သွယ်ရမယ့်အချိန်လည်းဖြစ်တယ်။ သူတို့နဲ့စကားပြောမယ်၊ သီချင်းတွေဆိုပြမယ်၊ ဒါမှမဟုတ် သင်ဘာလုပ်နေတယ်ဆိုတာကို အသေးစိတ်ပြောပြောပြနေမယ်၊ သူတို့နားမလည်ပေမယ့် အသံနဲ့ သင့်မျက်နှာအမူအရာကိုကြည့်ပြီး သင်ယူသဘောပေါက်ကြပါလိမ့်မယ်။

    ဒီအချိန်မှာဆိုရင် သင့်ရင်သွေးလေးဟာ

    • မှောက်နေရင်း ခေါင်းကို ၉၀ဒီဂရီလောက်ထိ မော့နိုင်လာပြီ

    • ခေါင်းမတ်မတ်ထောင်နိုင်လာပြီ

    • လက်နှစ်ဖက်ကိုတူတူလှုပ်ရှားတတ်လာပြီ

    • တခါတလေ တိတ်တိတ်ငြိမ်ငြိမ်နေတတ်လာပါပြီ၊ ဒါဟာ ပတ်ဝန်းကျင်ကိုလေ့လာနေတာလည်းဖြစ်ပါတယ်။

    သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    ခုအချိန်ဟာ သင့်ကလေးလေးအတွက် သင်ယူဖို့အရေးကြီးဆုံးအချိန်ပါ။ သူငြိမ်နေချိန်မှာဆိုရင် သင်ကသူနဲ့စကားပြောတာ၊ သီချင်းတွေဆိုပြတာ၊ တွေ့မြင်နေရတဲ့ ပုံလေးတွေကိုပြပြီး ရှင်းပြ၊ ပြောပြတာမျိုးလုပ်သင့်ပါတယ်။ သူတို့ကိုနို့တိုက်နေရင်း၊ သေးခံလဲနေပေးရင်းနဲ့လည်း ယုယုယယပွတ်သပ်ပေးရင်း စကားတွေပြောနေနိုင်ပါတယ်။ ဒါဟာ သင့်ကလေးအတွက် ဘာသာစကားကျွမ်းကျင်မှု၊ အကြား၊ အမြင် တို့ကိုအားကောင်းစေဖို့ အကောင်းဆုံးနည်းဖြစ်တယ်။

    ကျန်းမာဖို့၊ လုံခြုံဖို့

    ဆရာဝန်နဲ့ဘာတွေဆွေးနွေးသင့်လဲ

    ကလေးငယ်ကို စစ်ဆေးဖို့ ဆရာဝန်နဲ့ပြပြီးလောက်ပါပြီ။ စမ်းသပ်စစ်ဆေးရာမှာ ဆရာဝန်က-

    • နှလုံးစစ်ဆေးခြင်း : ကလေးနှလုံးခုန်သံနားထောင်ခြင်း၊ စစ်ဆေးစမ်းသပ်ခြင်း

    • ဝမ်းဗိုက်စမ်းသပ်ခြင်း : အဖုအလုံးရှာဖွေခြင်း၊ ပေါင်ရိုးတည့်မတည့် ခြေထောက်ကိုလှည့်ခြင်းဖြင့် စစ်ဆေးခြင်း

    • လက်၊ လက်မောင်း၊ ခြေထောက်၊ ခြေချောင်းအတွက် ပုံမှန်ကြီးထွားမှုနှင့် လှုပ်ရှားမှုစစ်ဆေးခြင်း

    • မျက်လုံးကြည့်မှန်ဘီလူး သို့မဟုတ် မျက်လုံးကြည့်မီးဖြင့် မျက်လုံးစမ်းသပ်ခြင်း : တုံ့ပြန်မှုများ သာမန်ဟုတ်မဟုတ်၊ အာရုံစိုက်မှု၊ မျက်ရည်ပြွှန်လုပ်ငန်းဆောင်တာ တို့ကိုစမ်းသပ်ခြင်း၊ နားမှန်ပြောင်းဖြင့် အရောင်၊ အရည်၊ နားလုပ်ငန်းဆောင်တာများစမ်းသပ်ခြင်း

    • နှာခေါင်းစမ်းသပ်ခြင်း : အရောင် နှင့် အမြှေးပါးနံရံများစစ်ဆေးခြင်း

    • လျှာကိုဖိကြည့်ကာ ပါးစပ်နဲ့ ခံတွင်းစစ်ဆေးခြင်း : အရောင်၊ ရောင်ရမ်းမှု၊ အနာ အဖုများ စစ်ဆေးခြင်း

    • လည်ပင်းစစ်ဆေးခြင်း : ပုံမှန်လှုပ်ရှားမှု၊ သိုင်းရွိုက်၊ ပြန်ရည်ဂလင်းများအရွယ်အစား ကလေးငယ်တွေမှာ ပြန်ရည်ဂလင်းတွေဟာအလွယ်တကူစမ်းမိတတ်ပြီး ဒါပုံမှန်အခြေအနေဖြစ်ပါတယ်။

    • လက်မောင်းအောက်စစ်ဆေးခြင်း : ပြန်ရည်ဂလင်းများ ရောင်ရမ်းမှုစစ်ဆေးခြင်း

    • အသက်ရှူခြင်းလုပ်ငန်းစစ်ဆေးခြင်း : တခါတရံနားကြပ်သုံးကာ သို့မဟုတ် ရင်ဘတ်နှင့်ကျောကို အသာအယာထိတွေ့စစ်ဆေးခြင်း

    • လိင်အင်္ဂါစစ်ဆေးခြင်း : အူကျွံခြင်း၊ ဝှေးစေ့မဆင်းခြင်း၊ စအိုဝတွင်အက်ရာများ၊ ကွဲကြောင်းများ စစ်ဆေးခြင်း

    • ချက်ကြိုးအခြေအနေစစ်ဆေးခြင်း

    • အရေပြား အရောင်၊ အနီစက်များ၊ ဒဏ်ရာအနာများ၊ မွေးရာပါအမှတ်များ ရှာဖွေစစ်ဆေးခြင်း

    • ကလေးငယ်လှုပ်ရှားမှု၊ အမူအကျင့်၊ ဆက်စပ်လုပ်ကိုင်မှုစွမ်းရည်စစ်ဆေးခြင်း

    ဘာသိသင့်လဲ

    ခုအချိန်သင်သိထားသင့်တာတွေကတော့ –

    လိင်တံထိပ်အရေပြားဖြတ်ခြင်း

    ထိုသို့ပြုလုပ်ခြင်းဟာ တခါတလေ ရောင်ရမ်းခြင်း၊ သွေးအနည်းငယ်ထွက်ခြင်းရှိတတ်သော်လည်း သာမန်ဖြစ်ပြီး စိုးရိမ်စရာမရှိပေ။ ပထမနေ့တွင် သေးခံကိုနှစ်ထပ်သုံးပေးခြင်းဖြင့် ကလေးငယ်လိင်တံကို ပေါင်နှင့်ထိခိုက်မိခြင်းမရှိအောင် ကာပေးထားနိုင်ပါလိမ့်မယ်။ ထိုနေရာတဝိုက်ကိုသန့်ရှင်းအောင်ထားရန်နှင့် အနာမကျက်မခြင်း ရေချိုးလျှင်ရေမစိုစေရန် သတိပြုရပါမယ်။

    ကျို့ထိုးခြင်း

    ကလေးငယ်တချို့ဟာ မွေးကတည်းကကျို့ထိုးသူများမဟုတ်ဘဲ မမွေးခင်ကတည်းကကို ကျို့ထိုးနေကြသူများဖြစ်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ အလိုအလျောက်တုံ့ပြန်ခြင်းကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။ အခြားအကြောင်းကတော့ ကလေးတွေဟာ နို့မျိုချလိုက်တဲ့အခါ လေပါဝင်သွားပြီး သူတို့ဝမ်းဗိုက်လေးတွေကို လေတွေပြည့်သွားတာကြောင့်လို့လည်းဆိုပါတယ်။ ကျို့ထိုးတာဟာ ဒုက္ခတော့မပေးဘူးမို့လား။

    နှာချေခြင်း

    ရေမွှာအိတ်ထဲမှအရည်များ၊ ချွဲများဟာ ကလေးငယ်တွေရဲ့ အသက်ရှူလမ်းကြောင်းထဲဝင်နေတတ်ပါတယ်။ ထိုအခါ မကြာခဏနှာချေပေးခြင်းက ထိုအရည်များကို ရှင်းထုတ်ပေးပြီး၊ ပတ်ဝန်းကျင်မှအမှုန်အမွှား သူတို့နှာခေါင်းထဲဝင်လာခြင်းကိုလည်း ဖယ်ရှားပေးပါတယ်။ တခါတရံ အလင်းရောင် အထူးသခြင့် နေရောင်နဲ့ထိတွေ့ပါကလည်း နှာချေတာမျိုးရှိနိုင်ပါတယ်။

    ကလေးရဲ့မျက်လုံးတွေ

    မျက်လုံးတွေကအတွင်းဘက်ကပ်နေရင် သိပ်တော့စိတ်မပူပါနဲ့၊ ကလေးငယ်တွေမှာ မျက်လုံးအတွင်းထောင့်က အရေပြားခေါက်နေတာကြောင့် မျက်လုံးအတွင်းဘက်ကပ်နေခြင်းပါ။ ကလေးကြီးလာတာနဲ့အမျှ ပြန်ပြေသွားပြီး မျက်လုံးနှစ်လုံးစလုံးက ပုံမှန်အခြေအနေရောက်သွားပါတယ်။ ပိုသေချာချင်ရင် နောက်တခါစမ်းသပ်မှုသွားခံယူတဲ့အခါ သင်စိတ်ပူနေတာကိုပြောပြနိုင်ပါတယ်။

    အစာပိုင်းလတွေမှာ ကလေးငယ်ရဲ့မျက်လုံးဟာ အချိန်တိုင်း တညီတည်းမလှုပ်ရှားတာကိုတွေ့ရတတ်ပါတယ်။ မျက်လုံးရောက်တတ်ရာရာလှုပ်ရှားမှုဟာ သူတို့မျက်လုံးတွေကိုအသုံးပြုတတ်ဖို့နဲ့ မျက်လုံးကြွက်သားတွေသန်မာလာစေဖို့ သင်ယူနေတာပါ။ အသက်သုံးလလောက်မှာဆိုရင်တော့ လှုပ်ရှားမှုတွေညီလာပါပြီ၊ တကယ်လို့ မတိုးတက်လာဘဲ အမြဲမျက်လုံးလှုပ်ရှားမှု မညီဘူးထင်ရင်တော့ ဆရာဝန်ကိုပြောပြပါ။ အမှန်တကယ်မျက်လုံးအတွင်းဘက်ကပ်နေပါက ကလေးမျက်စိအထူးကုနဲ့ ကုသရပါမယ်။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    နောက်တစ်ချက်ဂရုစိုက်ရမှာကတော့ ချိုလိမ်စို့ခြင်းပါ။ တကယ်လို့ ကလေးကို ချိုလိမ်လေးပေးထားမယ်ဆိုရင်တော့ ဘယ်အချိန်မှ စပေးသင့်ပြီး၊ ဘယ်လောက်ကြာအောင် သုံးလို့ရတယ်ဆိုတာကို ဂရုပြုသင့်ပါတယ်။ ချိုလိမ်ကို နို့ဖြတ်လိုတဲ့အခါ သုံးတတ်ကြပါတယ်။ ဒါပေမယ့် တချို့သောလေ့လာမှုတွေအရ အစောပိုင်းကာလ ပထမဆုံးသုံးလလောက်မှာ ချိုလိမ်သုံးခြင်းဟာ ကလေးတွေကို မိခင်နို့နဲ့ထင်ယောင်ထင်မှားဖြစ်စေခြင်းမရှိစေဘဲ နို့တိုက်ရာမှာလည်း အနှောင့်အယှက်မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သင်နို့တိုက်ပြီးချိန် လှုပ်ယမ်းချော့မြှူနေချိန် သီချင်းဆိုသိပ်ချိန်တွေနဲ့ တွန်းလှည်းလေးထဲ ထည့်တွန်းချိန်တွေမှ ကောင်းကောင်းအသုံးဝင်ပါလိမ့်မယ်။

    ဒါပေမယ့် သင့်ကလေးက အရမ်းမှီခိုတွယ်တာလာရင်တော့ မကောင်းတော့ပါဘူး။ ညအိပ်ချိန်အသုံးပြုခြင်းဟာ ကလေးတွေကို သူတို့ဖာသာသူတို့အိပ်ပျော်တတ်ခြင်းကို နှောင့်ယှက်နိုင်ပါတယ်။ ညအိပ်နေရင်း ပါးစပ်ကလွတ်သွားပါက နိုးလာပြီးထိုအရာမပါဘဲ ပြန်အိပ်မပျော်ဖြစ်စေနိုင်ပါတယ်။ အကယ်လို့ လိုအပ်သည့်အချိန်တွင်သာ ယာယီအသုံးပြုမယ်ဆိုရင်တော့ ချိုလိမ်အသုံးပြုခြင်းဟာ ပြဿနာမရှိဘဲ ကလေးရော၊ မိဘအတွက်ပါ အကူအညီဖြစ်နိုင်ပါတယ်။ အချိန်ကြာကြာသုံးမယ်ဆိုရင်တော့ အကျင့်ပါသွားပြီး ဖြုတ်ရခက်သွားပါလိမ့်မယ်။

    ရှစ်ပတ်မြောက်ကိုဖြတ်သန်းလာခဲ့ပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ မပူပါနဲ့၊ ဘယ်လိုတွေကြုံနေရ ကြုံနေရ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး။

    နောက်ရက်သတ္တပတ်တွေမှာလည်း သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိနေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement