backup og meta

46 ပတ်သားကလေး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    46 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ဘယ်လိုဖွံ့ဖြိုးလာလဲ

    ခုဆိုရင်ကလေးဟာ စာရွက်တွေလျှောက်လှန်ရတာ၊ စာအုပ်တွေကြည့်ရတာကို နှစ်သက်လာပါပြီ။ စာရွက်တစ်ရွက်ချင်းစီလှန်ဖို့ကတော့ မဖြစ်နိုင်သေးပေမယ့်ပေါ့။ အရုပ်အကြီးကြီးတွေပါတဲ့ စာအုပ်တွေကိုသူတို့သဘောခွေ့ကြမှာပါ။ ကလေးတွေစာဖတ်ချိန်မှာ အမျိုးစုံဖို့အတွက်၊ သူတို့ဘယ်လိုစာအုပ်မျိုးပိုနှစ်ခြိုက်လဲသိရအောင် ကိုယ်ပိုင်စာကြည့်တိုက်ငယ်လေးတည်ဆောက်ပေးတာ၊ ဒါမှမဟုတ် မိသားစုစာအုပ်စင်မှာ ကလေးအတွက်တစ်ကန့်ထားပေးတာမျိုး၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စာအုပ်ဖလှယ်တာမျိုး လုပ်ပေးပါ။

    ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ-

    • လက်ခုပ်တီးတတ်၊ တာ့တာ ပြတတ်ပြီ

    • ပရိဘောဂတွေကိုင်ပြီးလမ်းလျှောက်တတ်ပြီ

    • လိုချင်တာကို ညွှန်ပြတတ်ပြီ

    • စာအုပ်တွေကြည့်ရ၊ စာရွက်တွေလျှောက်လှန်ရတာကို နှစ်သက်တတ်လာပါပြီ

    သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    သင့်ကလေးဟာ ပြီးခဲ့တဲ့လတွေမှာ သင်နဲ့ခွဲနေရမှာကိုပူပန်တဲ့စိတ်တွေနဲ့ သတ်ပုတ်နေခဲ့ရမှာပါ။ ဒါဟာသဘာဝကျပါတယ်၊ ဘာလို့လည်းဆိုတော့ သူတို့ကသင့်ကိုချစ်ပြီး မှီခိုတာကိုး..။ ဒါကိုသက်သာစေဖို့ ခွဲနေရချိန်ကိုတတ်နိုင်သမျှတိုပါစေ။ ကလေးကို နေ့ကလေးထိန်းကျောင်း၊ ဒါမှမဟုတ် အိမ်မှာကလေးထိန်းနဲ့ထားခဲ့ရတဲ့အခါ ကလေးကိုသေချာပြောခဲ့ပါ၊ ဒါပေမယ့် အကြာကြီးနှုတ်ဆက်လိုက်၊ ငိုလိုက်နဲ့ ပိုစိတ်ညစ်စရာကောင်းအောင်တော့မလုပ်ပါနဲ့။ သူတို့က ခဏနေရင် ပြန်ရွှင်မြူးမှာပါ။

    အချိန်ပြည့်ဘေးကနေ့ အရိပ်တကြည့်ကြည့်လုပ်တာလျှော့ခြင်းဖြင့် သူတို့ကိုအမှီအခိုကင်းအောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့် သင်ကသူတို့ဘေးမှာအမြဲရှိနေတယ်၊ မှီခိုလို့ရတယ် ဆိုတာကိုသူတို့သိနေဖို့တော့လိုသေးတာပေါ့လေ။ ဒါကြောင့် ကလေးကတခြားအခန်းကိုရောက်သွားပြီဆိုရင် ချက်ခြင်းလိုက်မသွားသေးဘဲ ခဏနေတာမျိုး၊ သင်ကတခြားအခန်းရောက်သွားရင် ရောက်သွားပြီးမှ သူတို့ကိုလှမ်းခေါ်တာမျိုးလုပ်ပါ၊ သူတို့အော်တိုင်းလည်း ပြန်ပြေးမလာပါနဲ့ဦး။

    ကျန်းမာဖို့၊ လုံခြုံဖို့

    ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

    ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမရှိတတ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေဟာ ဆရာဝန်ဆီသွားရတာကို မကြိုက်တဲ့အပြင် အခြားလူတွေကိုစိမ်းနေတတ်သေးတဲ့စိတ်ကြောင့် ဆရာဝန်တွေကဘယ်လောက်ပဲ နွေးထွေးခင်မင်စရာဟန်ဖြစ်နေပါစေ၊ တွေ့ချင်မှမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

    ဘာတွေသိသင့်လဲ။

    ဒီအရွယ်မှာစိတ်ပူရမှာကတော့ ဖြည့်စွတ်စာပြောင်းကျွေးဖို့နဲ့၊ သွားထိခိုက်မှုတွေပါပဲ။

    ဖြည့်စွတ်စာပြောင်းကျွေးခြင်း

    သင်ကခုထိ မိခင်နို့တိုက်နေတုန်းဆိုရင်တော့ ဘယ်တော့နို့ဖြတ်မလဲဆိုတာ သင်နဲ့သင့်ကလေးပေါ်မှာမူတည်ပါတယ်။ ဒါက သင်တို့ရဲ့သက်ဆိုင်ရာအခြေအနေပေါ်လိုက်ပြီး သင့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ တခါတလေတော့ ကလေးကအချက်ပြတတ်ပါတယ်၊ နို့စို့ဖို့ကိုစိတ်မဝင်စား၊ အာရုံမလာတော့တာမျိုးနဲ့ပေါ့။ နို့ဖြတ်ရင်ကောင်းမလား မကောင်းမလားကို သင်ဒွိဟဖြစ်နေနိုင်ပါတယ်။ စိတ်သက်သာရာတစ်ခုဖြစ်မယ်ဆိုပေမယ့် ဒီလိုကလေးနဲ့ အထူးချည်နှောင်ချိန်လေးကိုလည်း မပြီးစေချင်သေးဘူးလေ။ တချို့မိခင်တွေက တော်တော်ကြာသည်ထိ နို့ဆက်တိုက်တတ်ကြပါတယ်၊ ဒါပေမယ့် တစ်နှစ်သားအရွယ်ဟာ နို့ဖြတ်လေ့ရှိကြတဲ့ အရွယ်လည်းဖြစ်တယ်။

    တစ်နေ့ကိုမိခင်နို့တိုက်နှုန်းတဖြေးဖြေးလျှော့ပြီး ထိုနေရာမှာ နို့မှုန့်၊ (ဆရာဝန်ကလက်ခံပါက) နွားနို့၊ အစားထိုးတိုက်နိုင်ပါတယ်။ ကလေးကနို့ဘူးသဘောမကျရင်တော့ ခွက်နဲ့တိုက်နိုင်ပြီး ဒီလိုဆိုရင်နောက်နို့ဘူးထပ်ဖြတ်ရတဲ့ ဒုက္ခကနေတောင် သက်သာသွားပါသေးတယ်။ တချို့ကလေးတွေကတော့ သူတို့ဖာသာနို့စို့ချိန်လျော့လျော့သွားပြီး ပြတ်သွားတတ်ကြပါတယ်။ တစ်ခါတစ်ခါနို့တိုက်ချိန်ကိုလည်း လျှော့နိုင်ပါတယ်။

    ဒီအချက်လေးတွေကို စမ်းကြည့်နိုင်တယ်-

    • နို့စို့ချိန်ရတဲ့နွေးထွေးမှုကို အစားထိုးအနေနဲ့ ပိုပြီးဂရုစိုက်ပေးပါ။

    • တကယ်လို့ ကလေးကနို့စို့ချင်ဟန်ပေါက်ရင် အာရုံပြောင်းကြည့်ပါ။ တခြားစိတ်ဝင်စားတာရှိလား၊ ခွက်ထဲကနေသောက်မလားစမ်းကြည့်ပါ။

    • အိပ်ချိန်မှာ ကလေးကနို့စို့ဖို့မတောင်းဆိုအောင် တခြားတစ်ယောက်ကိုသိပ်ခိုင်းကြည့်ပါ။

    • တကယ်လို့ရင်သားရောင်ရမ်းလာရင် ရေခဲကပ်တာမျိုး၊ နို့စုပ်ခွက်နဲ့စုပ်ထုတ်တာမျိုးလုပ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးလည်းသောက်နိုင်ပါတယ်။

    • တကယ်လို့ကလေးက အတင်းငြင်းနေတယ်ဆိုရင်တော့ ဖြစ်နိုင်ရင်ခဏလောက်စောင့်လိုက်ပြီမှ ထပ်ကြိုးစားကြည့်ပါ။

    ကလေး သွားများထိခိုက်မှု

    ခုသွားဖြူဖြူသေးသေးလေးတွေက တစ်ချိန်မှာအကုန်ကြွေကျပြီး လူကြီးသွားလဲမှာဖြစ်တဲ့အတွက် တစ်နေ့နဲ့တစ်နေ့ သင့်ရဲ့ကလေးချော်လဲတဲ့ အကြိမ်အရေအတွက်ကျေးဇူးနဲ့ သူ့သွားလေးတွေနည်းနည်းပဲ့သွားတတ်တာ စိတ်ပူစရာမရှိပါဘူး။ သွားပဲ့သွားပါက ချွန်နေတဲ့အစွန်းလေးကျန်မကျန်ကြည့်ပြီး ချွန်နေပါကသွားဆေးခန်းသွားပြီး တုံးလိုက်ပါ။

    ဒါပေမယ့် ကလေးက-

    • ရက်အနည်းငယ်ကြာပြီးတာတောင် နာနေမယ်

    • သွားကနေရာရွေ့သွားတာမျိုး၊ ရောဂါပိုးဝင်တာ၊ သွားဖုံးရောင်ရမ်းတာရှိရင်

    • ပဲ့သွားတဲ့သွားအလယ်မှာ ပန်းရောင်အစက် အကွက်လေးတွေတွေ့ရင်

    သွားဆေးခန်း ချက်ခြင်းသွားဖို့ အကြံပေးပါရစေ။ ဒီလိုလက္ခဏာတွေပေါ်လာတယ်ဆိုတာ ပဲ့သွားတဲ့အပိုင်းလေးက အာရုံကြောကိုသွားထိတာဖြစ်နိုင်ပါတယ်။ သွားဆရာဝန်က သွားနှုတ်ပစ်ရမလား၊ အာရုံကြောကိုကုရမလားဆိုတာ ဓါတ်မှန်ကြည့်ဆုံးဖြတ်ဖို့လိုပါလိမ့်မယ်။ အာရုံကြောကိုထိခိုက်သွားခြင်းဟာ မကုသဘဲထားပါက နောက်ကြီးသွားအတွက် ထိခိုက်မှုတွေရှိနိုင်ပါတယ်။ ကလေးဘဝမှာအခက်အခဲ ပြဿနာတွေရှိသွားနိုင်ပါတယ်။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    ဒီအချိန်မှာစိတ်ပူစရာတွေ အများကြီးရှိမှာပါ။

    ဆီး၊ ဝမ်းကျင့်ပေးခြင်း

    အရင်တုန်းကကျင့်မပေးဖူးဘူးဆိုရင်တော့ ၁၈လ-၂၄ လအရွယ်ကျင့်ပေးဖို့အကောင်းဆုံးဖြစ်မှာပါ။ ဒီအရွယ်ဟာ အဆင်သင့်ဖြစ်လောက်တဲ့အရွယ်ဖြစ်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာအရ

    သူတို့ကိုဆီးဝမ်းလေ့ကျင့်ပေးဖို့ အဆင်ပြေနိုင်လောက်ပြီဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာလကဏာတွေကတော့-

    ဝမ်းသွားချိန်မှန်ခြင်း

    • ဆီးတစ်ခါတစ်ခါကြား အနည်းဆုံးနှစ်နာရီလောက်ခြားခြင်း

    • ဆီးသွားလျှင် အပြီးထိကုန်အောင်သွားတတ်လာခြင်း

    • ဘောင်းဘီချွတ်ဖို့ ဝတ်ဖို့၊ သူတို့ဆီးအိုးပေါ် ဒါမှမဟုတ် အိမ်သာပေါ်တက်ဖို့ဆင်းဖို့ သင့်ကိုကူညီလုပ်ကိုင်တတ်လာခြင်း

    • တခြားလက္ခဏာတွေကတော့ ထိုဆီးသွား ဝမ်းသွားခြင်းနဲ့ ဆိုင်တဲ့စကားလုံးတွေကို နားလည်ပြီး လိုက်နာတတ်လာခြင်း ဖြစ်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာအရ

    စိတ်ပိုင်းဆိုင်ရာအရဆိုရင်တော့-

    • သူတို့သေးခံထဲရှူးပေါက်ချလိုက်တဲ့အခါမျိုးဆို သိနေပါပြီ၊ ထောင့်တစ်ထောင့်မှာသွားထိုင်တာမျိုး၊ သင့်ကိုခြေဟန်လက်ဟန်နဲ့ ပြောပြတာမျိုးလုပ်ပါလိမ့်မယ်။

    • သေးခံစိုသွား ညစ်ပတ်သွားရင် မနေတတ်ဖြစ်လာပါပြီ။

    ဒီအချက်တွေရှိလာပြီဆိုရင်တော့ ကလေးက ဒီအရေးကြီးတဲ့စွမ်းရည်ကို သင်ယူဖို့အဆင်သင့်ဖြစ်နေပြီလို့ ယူဆလို့ရပါပြီ။

    နောက်တစ်ပတ်မှာလည်း ဘယ်လိုပြောင်းလဲဖွံ့ဖြိုးလဲ ကြည့်လိုက်ရအောင်…။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement