backup og meta

45 ပတ်သားကလေး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    45 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ဘယ်လိုဖွံ့ဖြိုးလာလဲ

    ခုဆိုရင် စကားလုံးတွေရော စကားလုံးဆန်ဆန်အသံပေါင်းစုံရော သင့်ကလေးဆီကထွက်လာနေပါပြီ။ ပြီးတော့ သူတို့ဟာ စကားလုံးတွေကို အဓိပ္ပါယ်ရှိရှိ နေရာတကျလည်း သုံးတတ်နေပါပြီ။ ကလေးငယ်ရဲ့ ဦးနှောက်ဟာ ဆက်လက်ဖွံ့ဖြိုးလာတာနဲ့အမျှ သူတို့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ၊ စကားပြောနိုင်စွမ်းတွေကလည်း တိုးတက်လာပါပြီ။

    ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ-

    • မှောက်နေရာမှ ထထိုင်နိုင်ပြီ

    • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးသေသေချာချာကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ)

    • အမြဲလိုက်နာမှမဟုတ်ပေမယ့် ‘မလုပ်ရဘူး ၊ မကိုင်ရဘူး’ စသည့်အငြင်းစကားတွေကို နားလည်နေပါပြီ။

    သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    ဒီအရွယ်မှာဆိုရင် ကလေးဟာစကားလုံးတွေ၊ အသံထွက်တွေကိုလိုက်အတုခိုးတတ်နေပါပြီ။ နောက်ပြီး ‘ဘောလုံးလေးယူခဲ့’၊ ‘ဇွန်းလေးကောက်လိုက်ပါဦး’ စသည်ဖြင့် တစ်ဆင့်ထဲအမိန့်တွေကိုလည်း လိုက်နာတတ်နေပါပြီ။ သူတို့သင်ယူမှုကို အားပေးတဲ့အနေနဲ့ လိုက်နာရလွယ်ကူတဲ့အဆင့်လေးတွေနဲ့အမိန့်မျိုးကို ခြေဟန်လက်ဟန်တွေနဲ့ ပြောကြည့်ပါ။

    ကျန်းမာဖို့၊ လုံခြုံဖို့

    ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

    ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမရှိတတ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေဟာ ဆရာဝန်ဆီသွားရတာကို မကြိုက်တဲ့အပြင် အခြားလူတွေကိုစိမ်းနေတတ်သေးတဲ့စိတ်ကြောင့် ဆရာဝန်တွေကဘယ်လောက်ပဲ နွေးထွေးခင်မင်စရာဟန်ဖြစ်နေပါစေ၊ တွေ့ချင်မှမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

    ဘာတွေသိသင့်လဲ။

    ခုဆိုရင် ကလေးငယ်လေးဟာ လမ်းလျှောက်တတ်နေပါပြီ။ ဒါပေမယ့် ဒူးနှစ်လုံးတိုက်တိုက်နေတတ်ပြီး သူတို့ခြေထောက်လေးတွေ ကွေးကွေးလေးတွေပဲ ရှိနေသေးတာတွေ့ရပါမှာ၊ ။ ဒါကို လေးကိုင်းသဏ္ဍာန်ခြေထောက်လို့ခေါ်လို့ရပါတယ်။ အရမ်းတော့စိတ်ပူစရာမလိုပါဘူး။ ကလေးကကြီးလာတာနဲ့အမျှ ပိုလှုပ်ရှားလာပြီး လမ်းလျှောက်တာ ပြေးတာတွေကို အကျင့်ရလာတဲ့အခါ ခြေထောက်လေးတွေက သူ့အလိုလိုဆန့်သွားပါလိမ့်မယ်။

    သင့်ကိုကူညီနိုင်မယ့်အချက်တစ်ချို့ကတော့-

    လေးကိုင်းသဏ္ဍာန်ခြေထောက်

    လမ်းလျှောက်တာကျက်သရေရှိလှပါတယ်ဆိုတဲ့ ထပ်တန်းမော်ဒယ်တွေတောင် ပထမဆုံးခြေလှမ်းလှမ်းခဲ့စဉ်က ခြေထောက်ကွေးကွေးလေးတွေပဲဖြစ်မှပါ။ ကလေးအားလုံးနီးပါး ပထမနှစ်နှစ်လောက်မှာ ခြေထောက်ကွေးကြပါတယ်၊ သူတို့လမ်းလျှောက်ရင် ဒူးလေးနှစ်လုံးကတိုက်လို့ပေါ့..(ခြေကျင်းဝတ်ချင်းတော့မထိပါဘူး)…။ မကြာခင်မှာ ဒူးနဲ့ခြေကျင်းဝတ် ညီသွားပြီး ခြေထောက်တွေပုံစံမှန်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီအတွက်စီမံထားတဲ့ဖိနပ်တို့၊ ခြေထောက်သိုင်းတို့ဆိုတာ မလိုပါဘူး။ တပ်ပေးလည်း ဒီသဘာဝဖြစ်စဉ်ကို ပြောင်းနိုင်မှာမဟုတ်ပါဘူး။

    ဒါပေမယ့် တကယ်ခြေထောက်မူမမှန်မှုတွေ ရှာတွေ့လာနိုင်ပါတယ်။ ခြေထောက်တစ်ဖက်ပဲကွေးနေတာမျိုး၊ ဒူးတစ်ဖက်ကပဲ လာလာတိုက်နေတာမျိုး၊ ဒူးတိုက်တာ လမ်းလျှောက်လေ ပိုဆိုးလေဖြစ်တာမျိုး၊ ဒါမှမဟုတ် မိသားစုထဲမှာ ထိုကဲ့သို့ ခြေထောက်ကွေးဖူးသူရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဒါမှမဟုတ် ကလေးအရိုးအထူးကုနဲ့ပြဖို့လိုလာပါပြီ။ အခြေအနေအလိုက်ကုသမှုပေးပါလိမ့်မယ်။ ထာဝရခြေထောက်ကွေးသွားစေနိုင်တဲ့ အရိုးပျော့ရောဂါကိုလည်း သတိထားကြည့်ဖို့လိုပါတယ်။ ကလေးကိုဗီတာမင်-ဒီ ပါဝင်သော နို့နဲ့နို့ထွက်ပစည်းများတိုက်ကျွေးပါ။

    ချော်လဲခြင်း

    ဒီအရွယ်ဟာ မိဘတွေက သူတို့ရောကလေးရော ဆက်ရှင်နိုင်ပါ့မလား လို့တွေးရလောက်သည်ထိ စိတ်ညစ်ကြ၊ လန့်ကြရတဲ့အရွယ်ပေါ့။ နှုတ်ခမ်းကွဲတယ်၊ မျက်လုံးအညိုအမည်းစွဲတယ်၊ တိုက်မိရာ၊ ဘုသီးတွေ၊ ထိမိခိုက်မိအညိုအမည်းစွဲတာတွေ အများကြီး အများကြီးက ကလေးကိုစောင့်ကြိုနေပါတယ်။ ဒါပေမယ့် ဒီလိုထိခိုက်တာတွေက သူတို့ဖာသာလျှောက်ရွေ့လျားဖို့ မသင်ယူတာထက်စာရင် အများကြီးပိုကောင်းပါတယ်။ တချို့ကလေးတွေက အန္တရာယ်ကိုမြန်မြန်သဘောပေါက်တတ်ကြတယ်။ တခါကော်ဖီစားပွဲပေါ်ကချော်ကျဖူးတာနဲ့ ရက်ပိုင်းလောက်ထိုနေရာကိုရှောင်နေတတ်ပြီး အရင်ကထက်လည်း ပိုသတိထားလှုပ်ရှားတတ်လာကြတယ်။ တချို့ ကလေးတွေ (မိဘတွေစိတ်ညစ်ရလောက်အောင် ဘဝကြီးကိုအစွန်အဖျားမှာ နေရတာနှစ်သက်သူတွေနေမှာပေါ့လေ) ကတော့ အန္တရာယ်မကြောက်၊ နာကျင်မှုမသိ မခံစားတတ်ဟန်တူပါရဲ့၊ တခါပြုတ်ကျပြီး ငါးမိနစ်မကြာဘူး စားပွဲပေါ်ပြန်ရောက်သွားပြီး ထပ်ပြုတ်ကျကြပြန်ပါတယ်။

    ကလေးငယ်လေးတွေ လမ်းစလျှောက်ခြင်းဟာ လှမ်းလိုက်၊ လဲကျလိုက်နဲ့ လည်နေတတ်တဲ့ကိစ္စပါ။ ဒါပေမယ့် ဒါကို သင်က သူတို့လမ်းလျှောက်နေတာကို သွားရပ်လို့မရသလို ၊ ရပ်လည်းမရပ်သင့်ပါဘူး။ လန့်နေရပေမယ့် ဂုဏ်ယူနေရတဲ့ ပွဲကြည့်ပရိသတ်တစ်ယောက်အနေနဲ့ သင်လုပ်နိုင်တာကတော့ ကလေးလဲကျတဲ့အခါ အတတ်နိုင်ဆုံးဘေးကင်းဖို့ပါ။ အိပ်ရှေ့ခန်းမှာ လမ်းလျှောက်နေရင်း ချော်လဲတာဟာ သူတို့ကိုမာနထိခိုက်စေကောင်း ထိခိုက်စေပါလိမ့်မယ်၊ ဆိုဖာအစွန်းလိုမျိုးနဲ့တိုက်မိတာမျိုးဆိုရင် မျက်ရည်ပဲထွက်မှာဖြစ်ပေမယ့် မှန်စားပွဲရဲ့ချွန်နေတဲ့အစွန်းနဲ့တိုက်မိရင်တော့ သွေးပါထွက်မှာပါ။ ဒါကြောင့် ပြင်းထန်တဲ့ထိခိုက်မှုတွေကို လျှော့ချဖို့အတွက် အိမ်မှာ ကလေးအတွက် အတတ်နိုင်ဆုံး အန္တရာယ်ကင်းပါစေ။ နောက်ပြီး အိမ်မှာကလေးကိုထိခိုက်မှာတွေ သတိထားဖယ်ပစ်ပြီးပြီဆိုရင်တောင်မှာ ကလေးကိုအမြဲဂရုတစိုက်စောင့်ကြည့်နေမယ့်လူက အရေးကြီးဆုံးဆိုတာလည်း မမေ့ပါနဲ့ဦး။ ဒါပေမယ့် အိမ်ရဲ့ဘေးအကင်းဆုံးဆိုတဲ့နေရာမှာတောင် ပြင်းထန်တဲ့ဒဏ်ရာတွေရနိုင်တာကြောင့် ထိခိုက်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း သိထားသင့်ပါတယ်။ ကလေးတွေနဲ့ပတ်သတ်တဲ့ သူနာပြုနည်းမျိုးသင်ထားရင် ပိုကောင်းပါလိမ့်မယ်။

    မိဘတွေရဲ့ တုံ့ပြန်မှုက ကလေးတွေရဲ့ထိခိုက်မှုသေးသေးလေးအပေါ်တုံ့ပြန်မှုကို အရောင်ဆိုးပစ်နိုင်ပါတယ်။ သူတို့လဲကျတိုင်း သင်က ပျာယာခတ်တုန်ယင်ပြီး အပြေးသွားရင်း ‘နာသွားလား၊ နာသွားလား’ ခဏခဏလုပ်နေမယ်ဆိုရင်တော့ သင့်ရဲ့ထိုလဲကျသွားတဲ့ကိုယ်တော်ချောက မနာဘဲနဲ့လည်း အကြာကြီးငိုယိုပြီး သူ့ဘေးကသင်တို့ထက်တောင် ပိုသွားပါလိမ့်မယ်။ ပိုဆိုးတာက ကြာလာတဲ့အခါ ကလေးရဲ့စူးစမ်းလိုစိတ်တွေလျော့သွားပါလိမ့်မယ်။ တကယ်လို့ လူကြီးကတည်တည်ငြိမ်ငြိမ် ‘အိုး၊ လဲသွားပြီ၊ မနာဘူးမို့လား ပြန်ထ ပြန်ထ’ လို့ပြောတတ်မယ်ဆိုရင်တော့ ကလေးကလည်းတစ်ချက်မမဲ့ပဲပြန်ထပြီး လမ်းဆက်လျှောက်တတ်ပါလိမ့်မယ်။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    ဒီအရွယ်မှာဆိုရင် နို့ဖြတ်ပြီးဖြည့်စွတ်စာပြောင်းကျွေးဖို့လည်း အာရုံစိုက်လာရပါပြီ။ ဒီအကြံလေးတွေကို လိုက်နာကြည့်နိုင်ပါတယ်-

    ဖြည့်စွတ်စာပြောင်းကျွေးတဲ့အချိန်က သင့်တော်ရပါမယ်

    • ဖြေးဖြေးချင်းပြောင်းပါ

    • နို့ဘူးကိုသူတို့မမြင်အောင်ဖွက်ထားပါ

    • ခွက်နဲ့သောက်ရတာကို ကလေးကပိုစိတ်လှုပ်ရှားတတ်လာအောင် ဖန်တီးပါ

    • ပြဿနာတွေ၊ ရှုပ်ပွမှုတွေအတွက် အသင့်ပြင်ထားပါ

    • လျှော့ပြီးမျှော်လင့်ပါ

    • ဥပမာလေးတွေပေးပြီးသင်ပါ

    • အကောင်းမြင်ပါ

    • စိတ်ရှည်ပါ

    • အများကြီးပိုနွေးထွေးပေး၊ပိုချစ်ပြပါ

    ဒါတွေကတော့ သင်တွေ့ကြုံရမယ့် သင့်ကလေးရဲ့ဖွံ့ဖြိုးပြောင်းလဲလာမှုတွေနဲ့ သင်လုပ်ပေးနိုင်တာတွေပါ။

    နောက်တစ်ပတ်မှာလည်း ကလေးကဘယ်လိုတွေ ပြောင်းလဲလာဦးမလဲ ကြည့်လိုက်ကြရအောင်….။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement