38 ပတ်သားကလေး

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

ကျွနု်ပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။

အသက်သုံးဆယ့်ရှစ်ပတ်မှာဆိုရင် သင့်ကလေးလေးဟာ-
• ထိုင်ရာကနေမတ်တပ်ရပ်တတ်လာပါပြီ
• လေးဘက်ထောက်သွားတတ်ပြီ
• ၀မ်းလျားမှောက်နေရာမှထိုင်တတ်လာပြီ
• သင်ကသူ့အရုပ်ကိုယူပစ်ရင်ငြင်းတတ်လာပြီ
• တစ်ယောက်ယောက်၊ တစ်ခုခုကိုကိုင်ပြီး မတ်တပ်စရပ်လာပြီ
• ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီးကိုင်တတ်လာပါပြီ (ဒါကြောင့် အန္တရာယ်များတဲ့ အရာတွေကို ကလေးတွေလက်လှမ်းမမီနိုင်မယ့်နေရာမှာထားပါ)
• ‘မေမေ၊ ဖေဖေ’ စသည်ဖြင့် မပီမသခေါ်ချင်သလို လျှောက်ခေါ်တတ်လာပါပြီ
• တူတူပုန်းတမ်းကစားတတ်လာပြီ
• အရုပ်တွေကိုဘယ်မှာထားထားတာလဲ ဆိုတာမျိုး ပိုတိကျတဲ့အချက်တွေကို မှတ်မိတတ်လာပြီ
• ဒီတစ်ပတ်အတွင်းမှာ သူတို့တွေ့ဖူးထားတဲ့ ဟန်ပန်တွေအတိုင်းလိုက်လုပ်တတ်လာပါပြီ။

သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

သူတို့ဟာ ခုဆိုရင် ခွက်တွေ၊ ပုံးတွေထဲကို ပစ္စည်းတွေထည့်လိုက် ပြန်ထုတ်လိုက်လုပ်တတ်လာပြီမို့ ထိုအရည်အချင်းသစ်ကို လေ့ကျင့်လို့ရအောင် ပလတ်စတစ်ပုံးတစ်ပုံးနဲ့ ရောင်စုံတုံးလေးတွေသာပေးထားလိုက်ပါ။ ဒါပေမယ့် မျိုချပစ်မှာစိုးလို့ သေးသေးလေးတွေတော့ မဖြစ်ပါစေနဲ့။ သူတို့က တံခါးလိုမျိုးအဖွင့်အပိတ်လုပ်လို့ရတာမျိုးလေးတွေ၊ အတင်အချလုပ်လို့ရတာတွေပါတဲ့ အရုပ်မျိုး ၊ ရွှေ့လို့တဲ့ကစားစရာမျိုးတွေကို နှစ်သက်တတ်ကြပါတယ်။ ကြမ်းပေါ်မှာလျှောက်မောင်းပြီး ဆော့လို့ရတဲ့ ကားအကြီးကြီးတွေဟာလည်း သူတို့သဘောကျစရာတွေပါ။
သင်ကသူတို့ဆီကအရုပ်ကိုယူပစ်ရင် အယူမခံဘဲငြင်းပါလိမ့်မယ်။ သူတို့ကခုဆို သူတို့လိုချင်တာကို လုပ်တတ်လာတဲ့အရွယ်ရောက်လာပါပြီ၊ ဒါကြောင့် သင်ယူမပစ်ခင်မှာ သူ့ကိုအခြားအသစ်အဆန်းတစ်မျိုးအရင်ပေးပြီး အာရုံပြောင်းသင့်ပါတယ်။
ဒီအရွယ်ကလေးတွေရဲ့တစ်ဝက်လောက်က တူတူကစားဖို့ စတင်တတ်လာတဲ့အတွက် သင်ကသူတို့ရဲ့ကစားဖော်ဖြစ်ပေးနိုင်ပါတယ်။ သင့်ကလေးဆီ ဘောလုံးလေးလှိမ့်ပေးလိုက်ပြီး သူပြန်လှိမ့်၊ မလှိမ့်ကြည့်နိုင်တယ်။ အတုံးဆက်တာမျိုး၊ ကွင်းလေးတွေစီတာမျိုး သူတို့ကိုပေးပြီး သူတို့လိုက်စီလား၊ သင့်ဆီပြန်ပေးလားတွေ့နိုင်ပါတယ်။ သူတို့စားစရာကိုပါ ဝေမျှလာနိုင်တာမို့ အားရ၀မ်းသာသာလက်ခံလိုက်ပါ။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

စစ်ဆေးစမ်းသပ်မှုပုံစံတွေ၊ အမျိုးအစားအရေအတွက်ဟာ ကလေးတစ်ယောက်ခြင်းဆီရဲ့ လိုအပ်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ စစ်ဆေးနိုင်တာတွေကတော့….
• ယခင်ဖြစ်ခဲ့ဖူးသော ရောဂါတွေကိုပြန်လည်စစ်ဆေးကြည့်တာအပါအ၀င် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေ၊
• ကြီးထွားဖွံ့ဖြိုးမှုအတွက် စစ်ဆေးမှုတွေ ဥပမာ- အကူအညီမလိုဘဲထိုင်နေနိုင်လား၊ မှောက်နေရာမှ အကူအညီနဲ့ ဒါမှမဟုတ် အကူအညီမပါဘဲ ထထိုင်နိုင်လား၊ ပစ္စည်းတွေကိုလှမ်းယူနိုင်လား၊ ပစ္စည်းသေးသေးလေးတွေကို ကောက်နိုင်လား၊ ပြုတ်ကျသွား ပျောက်သွားတဲ့အရာတွေကို ပြန်ရှာတတ်လား၊ သူတို့နာမည်ခေါ်ရင်ပြန်ထူးတတ်လား၊ ‘မေမေ’၊ ‘ဖေဖေ’၊ ‘တာ့တာ’၊ ‘ဟင့်အင်း’ စသည် စကားလုံးလေးတွေကိုသဘောပေါက်လား၊ တူတူပုန်းတာမျိုး ကစားနည်းလေးတွေဆော့တတ်လား စသည်ဖြင့် အမျိုးမျိုးအတွက် တသီတတန်းစစ်ဆေးပါလိမ့်မယ်။ ဒါမှမဟုတ် ကလေးအခြေအနေတွေအကြောင်း သင်ပြန်ပြောပြတာရယ်၊ သာမန်ကြည့်ရှုစမ်းသပ်တာမျိုးရယ် ပဲလုပ်တာလည်းဖြစ်နိုင်ပါတယ်။

ဘာတွေသိသင့်လဲ။

ဖြည့်စွတ်စာ အစားထိုးကျွေးခြင်း

ဒီကိစ္စနဲ့ပတ်သတ်လို့ သင့်ကလေးဟာ တခါတလေမှာ စက္ကန့်ပိုင်းလောက်ပဲ သဘောပေါက်လက်ခံတာမျိုးရှိနိုင်ပါတယ်။ နားမလည် ကီးမကိုက်တာမျိုး၊ စားနေရင် အလွယ်တကူအာရုံပျံ့သွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ တခါတလေ သူတို့ဖွံ့ဖြိုးပြောင်းလဲလာမှုတွေက သူတို့ကို ခဏတာလောက်သာ နို့စို့ချင်စိတ်ပျောက်သွားစေတတ်တာဖြစ်တာကြောင့် သူတို့မိခင်နို့စို့ချင်စိတ်ပြန်ပေါ်လာမျိုးတွေ့ရင် အံ့သြမသွားပါနဲ့။ ကလေးတိုင်းဟာ သဘာဝအလျောက် သူ့ဖာသာသူနို့ပြတ်ပြီး ဖြည့်စွတ်စာအစားထိုးစားတတ်လာကြပါတယ်။ ဒါပေမယ့် ၉လ၊ ၁၀လသားလေးတွေအတွက်တော့ ဒါဟာသိပ်ဖြစ်နိုင်ချေမရှိသေးပါဘူး။ ကလေးငယ်ကို မိခင်နို့တိုက်နေရင်း နို့ကိုနို့ဘူးထဲထည့်တိုက်တာမျိုး၊ ဖြည့်စွတ်စာ အစာပျော့ပျော့ကျွေးတာမျိုး ပုံမှန်ကြားညှပ်ကျင့်ပေးခြင်းဖြင့် တဖြေးဖြေးနို့ဖြတ်ပြီး ဖြည့်စွတ်စာပြောင်းကျွေးဖို့ အစပြုနိုင်ပါတယ်။
ဒါကြောင့်နို့တိုက်ချိန်လျှော့ပြီး တခြားတလှည့်စီပြောင်းကျွေးပါ။ ပထမဆုံးနေ့ဘက်တွေမှာ နို့တိုက်တာကိုတဖြေးဖြေးဖြတ်လိုက်ပါ၊ ထို့နောက်မနက်နိုးလာချိန်နို့တိုက်ခြင်းကိုရပ်ပြီး ညအိပ်ရာဝင်တိုက်တာကိုနောက်ဆုံးဖြတ်ပါ။ ကလေးကိုအာရုံပြောင်းထားခြင်းဖြင့် သူတို့မိခင်နို့ကိုနို့ဘူးနဲ့ ဒါမှမဟုတ် ခွက်နဲ့သောက်တာ၊ ဖြည့်စွတ်စာစားရတာမျိုးကို မေ့ပြီးကျေနပ်လာတတ်အောင်ကျင့်ပေးနိုင်ပါတယ်။

မှောက်နေရာမှ ထထိုင်ခြင်း

တကယ်လို့ကလေးငယ်ရဲ့ ခြေထောက်တွေကို သူတို့ကိုကောင်းကောင်းမထောက်ပံ့နိုင်သေးရင် ထထိုင်နိုင်ဦးမှာမဟုတ်ပါဘူး။ မတ်တပ်စရပ်စကလေးတွေလိုပဲ ဒီကျင့်သားမရသေးတဲ့ပုံစံမှာ ကို့ရို့ကားယားဖြစ်ပြီး ပြန်လဲကျသွားနိုင်ပါ။ ဒီနေရာမှာ သင်ဝင်ပါရတော့မှာပါ၊ သူတို့ကြိုးစားရင်း မကျေမနပ်ဖြစ်လာပုံပေါ်ရင် အသာထိန်းပြီး ထိုင်တတ်ဖို့ကူညီပေးပါ။ သူတို့ဖာသာ ဘယ်လိုလုပ်ရမယ်သိအောင် ဖြည်းဖြည်းချင်းလုပ်ပါ။ သူ့တို့ဖာသာ ထိုင်တတ်လာအောင် ရက်အနည်းငယ်၊ ရတ်သတ္တပတ်အနည်းငယ်တော့ ထပ်ကြာနိုင်ပါတယ်။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ဒီကိုးလပြည့်ပြီးနှစ်ပတ်အချိန်မှာ စိတ်ပူစရာတွေအများကြီးရှိပါတယ်။

အစားချေးများခြင်း

အစားချေးများသူလေးတွေအတွက် ဒီအချက်လေးတွေလိုက်လုပ်ကြည့်နိုင်ပါတယ်။
• ပေါင်မုန့်ဖြစ်ဖြစ်၊ ငှက်ပျောသီးဖြစ်ဖြစ် သူတို့ဆန္ဒရှိရာစားပါစေ။
• သူတို့မသိလိုက်ချိန် တခြားစားသင့်တာတွေထည့်ပါ။ သူတို့ကိုအတင်းအကြပ်မကျွေးသင့်တာမှန်ပေမယ့် မသိအောင်ခိုးထည့်တာမျိုးလည်း မမှားပါဘူး။
• မချေပါနဲ့တော့၊ ကလေးကအစာတွေချေပြီးမွှေပစ်တာမျိုး ငြီးငွေ့လာပုံပေါက်ရင် သေးသေးလေးတွေလှီးကျွေးတာမျိုး၊ အစာပျော့ပျော့ကျွေးတာမျိုး ပုံစံအသစ်ပြောင်းကျွေးပါ။
• မီနူးပြောင်းပါ။ အမျိုးမျိုးပြောင်းကျွေးတာဟာ သူတို့စားချင်စိတ်တက်လာစေပါတယ်။
• အလှည့်ပြောင်းလိုက်ပါ။ စားဖို့ငြင်းနေတယ်ဆိုတာ အမှီအခိုကင်းချင်တဲ့ ခေါင်းမာတဲ့စိတ်လေးကြောင့်ဖြစ်နိုင်တာကြောင့် သူ့ဖာသာစားပါစေ။ ဒီအခါ သင်ခွံကျွေးစဉ် လုံးဝမဖွင့်တဲ့ပါးစပ်ကို အားရပါးရဖွင့်ပြီး စားကောင်းစားနိုင်ပါတယ်။
• သူတို့စားချင်စိတ်ကို အရည်တွေထဲမြုပ်မသွားစေပါနဲ့။ ကလေးတော်တော်များများအစားနည်းတာဟာ နို့တွေ၊ အရည်တွေအများကြီးသောက်ရလို့ဖြစ်နိုင်ပါတယ်။ သင့်ကလေးဟာသစ်သီးဖျော်ရည် ၁၂၀-၁၈၀ မီလီလီတာ နဲ့ နို့ ၃၈၀-၇၂၀ မီလီလီတာထက်ပိုမလိုပါဘူး။ သူတို့ထပ်သောက်ချင်သေးတယ်ဆိုရင် ရေ ဒါမှမဟုတ် သစ်သီးဖျော်ရည်အရည်ကြည်ပေးပြီး အစာကိုပိုကျွေးပါ။
• သရေစာလျှော့ပါ။ ကလေးကထမင်းစားချိန် ဘယ်လောက်ပဲစားစား သရေစာကိုမနက်ပိုင်းတစ်ခါနဲ့ နေ့လည်ပိုင်းတစ်ခါပဲကျွေးပါ။
• အမြဲပြုံးနေပါ။ ကလေးကို ထမင်းစားကျင့်ရအောင် ကျင့်ပေးရာမှ အလွယ်ဆုံးနည်းတွေက သူတို့မစားဘဲခေါင်းခါတဲ့အခါ မျက်မှောင်ကျုံ့ပြလိုက်တာမျိုး၊ ခုံပေါ်ကဆင်းပြေးတဲ့အခါ ဆူတာ၊ မကျေမနပ်ပြောတာမျိုး၊ ဒါမှမဟုတ် ပါးစပ်ဖွင့်ဖို့ စားဖို့နာရီဝက်လောက်တောင်းပန်ပြောဆိုနေတာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် အမှန်တော့ ပြုံးရွှင်နေပြီး ကြည်လင်သာယာတဲ့အခြေအနေတစ်ခုဖန်တီးရင်း စားဖို့အားပေးသင့်တာပါ။

ကဲ ဒါဆို…နောက်တစ်ပတ်မှာလည်း သင့်ကလေးလေးက ဘယ်လိုဖွံ့ဖြိုးပြောင်းလဲဦးမလဲ ကြည့်လိုက်ရအောင်။


Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ စကျတငျဘာ 4, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 4, 2017

ရင်းမြစ်များ
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။