backup og meta

37 ပတ်သားကလေး


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    37 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။

    သုံးဆယ့်ခုနှစ်ပတ်ရောက်ပြီဆိုရင် သင့်ရင်သွေးလေးဟာ-

    • ခပ်လှမ်းလှမ်းကအရုပ်ကို သွားယူတတ်လာပြီ

    • ပြုတ်ကျသွားတဲ့ပစ္စည်းကို ပြန်ရှာတတ်လာပြီ

    သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    သင်က ရက်အနည်းငယ်လောက် ခရီးသွားစရာရှိလာရင် သူ့အဖိုးအဖွားတွေ၊ ကလေးထိန်းတွေအတွက်တော့ ဒုက္ခပါပဲ။ သင့်ကလေးဟာသင့်ကိုအရမ်းတွယ်တာနေပြီး တခြားလူတွေအကုန်လုံးကိုလန့်နေလို့ပါ၊ ကလေးကိုဖြေးဖြေးချင်းသာ ချဉ်းကပ်ပြီး သူ့ဘက်ကနေစတင်လိုလားမှု၊ လှုပ်ရှားမှုကိုစောင့်ဖို့ မှာထားခဲ့ခြင်းဖြင့်တော့ နည်းနည်းလွယ်ကူသက်သာပါစေလိမ့်မယ်။

    ကလေးတွေဟာ ဒီအရွယ်မှာ ‘ခရီးသွားတယ်’ ဆိုတာမျိုးကိုနားမလည်သေးပါဘူး။ ဒါပေမယ့် မရောက်ဖူးတဲ့ နေရာစိမ်းတစ်နေရာရောက်နေတယ်ဆိုတာတော့ သိတတ်ကြပါတယ်။ မကြည်မသာနဲ့ သင့်နားသာတွယ်ကပ်နေမှာမို့ အသင့်ပြင်ထားပါ။ ရုပ်ပြစာအုပ်တွေ၊ အသံထွက်တဲ့အရုပ်လေးတွေ၊ အရုပ်ဆက်တာတွေ၊ လက်ထိုးရုပ်တွေနဲ့ အာရုံလွှဲပြောင်းနိုင်ပါတယ်။ တကယ်လို့ သူတို့အမြဲတမ်းကိုင်လေ့ရှိတဲ့အရုပ်လေးရှိရင်လည်း ထိုအရုပ်လေးနဲ့ပေါ့….။ ဒါ့အပြင် ကလေးစိတ်ရှုပ်မှုနည်းအောင် သူစိမ်းတွေနဲ့တွေ့ဆုံချိန်ကိုလည်း လျှော့ချပါ။

    ကျန်းမာဖို့၊ လုံခြုံဖို့

    ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

    ဆရာဝန်တိုင်းမှာ သူတို့စစ်ဆေးစမ်းသပ်မှုပုံစံရှိကြပြီး စစ်ဆေးမှုအမျိုးအစားအရေအတွက်ဟာလည်း ကလေးတစ်ယောက်ခြင်းဆီရဲ့ လိုအပ်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ စစ်ဆေးနိုင်တာတွေကတော့….

    • အိမ်မှာမိသားစုနဲ့ ကလေးဘယ်လိုနေလဲဆိုတဲ့မေးခွန်းတွေ၊ ကလေးရဲ့စားခြင်း၊ အိပ်ခြင်း နဲ့ ကြီးထွားဖွံ့ဖြိုးလာမှုအခြေအနေတွေမေးနိုင်ပါတယ်။ တကယ်လို့သင်ကအလုပ်လုပ်နေတာဆိုရင် ကလေးထိန်းနဲ့ပတ်သတ်လို့လည်းမေးနိုင်တယ်။

    • ကလေးအလေးချိန်၊ အရပ်၊ ခေါင်းလုံးပတ်၊ မွေးရာကနေ ခုအချိန်ထိ ကြီးထွားဖွံ့ဖြိုးလာမှုတွေတိုင်းတာစစ်ဆေးပါလိမ့်မယ်။

    • သင်အလုပ်ကပြန်လာတဲ့အခါ ကလေးကိုပြုစုစောင့်ရှောက်ပုံတွေအကြောင်း မေးမြန်းနိုင်ပါတယ်။

    ဘာတွေသိသင့်လဲ။

    အအေးပတ်ခြင်း

    ကလေးတွေဟာ ပထမနှစ်နှစ်အတွင်းမှာ ၈ကြိမ်ကနေ ၁၀ ကြိမ်လောက်ထိ အအေးမိနိုင်ပါတယ်။ သင့်အဓိကအလုပ်က သူတို့ခန္တာကိုယ်က ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ပြီး ပြန်ကောင်းလာအောင်ကြိုးစားနေချိန်မှာ ကလေးကိုသက်တောင့်သက်သာရှိအောင်ထားဖို့ပါ။

    • သူတို့ကိုလုံလုံလောက်လောက်နားစေပါ။ သာမန်ထက်ပိုပြီးအိပ်နိုင်ပါတယ်။

    • အိပ်နေရင် ခေါင်းအောက်မှာ မျက်နှာသုတ်ပုဝါကဲသို့ခံကာ ခေါင်းကိုနည်းနည်းမြင့်စေပြီး အသက်ရှူရပိုမိုလွယ်ကူအောင်လုပ်ပေးပါ။

    • ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ။

    • နို့၊ ရေ သတိထားတိုက်ခြင်းဖြင့် ရေဓါတ်ပြည့်ဝနေပါစေ။

    • နှာခေါင်းထဲမှ ချွဲများ၊ နှာရည်များကို ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော ပြွှန်လေးဖြင့်စုတ်ထုတ်ပေးပါ။

    • အသက်ရှူလမ်းကြောင်းရှင်းစေရန် အခန်းလေဝင်လေထွက်ကောင်းကာ လေသန့်နေပါစေ။

    • ကိုယ့်ဆန္ဒနှင့်ဆေးတိုက်ခြင်း၊ နှာခေါင်းဆေးထည့်ခြင်းများ ရှောင်ပါ။ ဆရာဝန်နှင့်အရင်တိုင်ပင်ပါ။ ပါရာစီတမောလောက်သာ တိုက်နိုင်ပြီး အခြားအကိုက်အခဲပျောက်ဆေးများလုံးဝမပေးပါနဲ့၊ ဆေးပမာဏအရေးကြီးသည့်အတွက် မသေချာပါက ဆရာဝန်ကိုမေးပါ။

    • ရောဂါအခြေအနေပိုဆိုးလာလျှင်၊ ၁၀ရက်မှ ၁၄ ရက်ထက် ပိုကြာနေလျှင် ဆရာဝန်ထံသွားပါ။ ကလေးအသက်ရှူသံ တရွှီရွှွီမြည်လာလျှင်၊ အသက်ရှူရခက်လာလျှင်၊ သိပ်နေရင်း နို့တိုက်နေရင်းနဲ့ကိုဆက်တိုက်မနားတမ်းငိုလျှင်၊ နားကိုမကြာခဏဆွဲနေလျှင်၊ အပူချန် ၃၈.၃ ဆယ်လ်စီးယပ်စ်ထက်ပိုနေလျှင်လည်း ဆရာဝန်ပြပါ။

    ကလေးအအေးမိတာကိုကာကွယ်ရန် သင့်နဲ့ ကလေးလက်ကိုပုံမှန် သေချာဆေးပါ။ အခြားလူများကိုလည်း ကလေးကိုမထိခင် လက်သေချာဆေးခိုင်းပါ။ နေမကောင်းသူ၊ ဆေးလောက်သောက်သူများအနားမကပ်စေပါနဲ့။ မိခင်နို့တိုက်တာဆိုရင်တော့ အတတ်နိုင်ဆုံးကြာကြာတိုက်ပေးပါ၊ အအေးမိနိုင်ချေလျော့ကျနိုင်ပါတယ်။

    အိပ်စက်ခြင်း ပုံစံပြောင်းသွားခြင်း

    ကလေးငယ်တစ်ယောက်ဘယ်လောက်အိပ်လဲဆိုတာထက် သူတို့တစ်နေ့အိပ်နေတဲ့ပမာဏက အဆင်ပြေရဲ့လား နေလို့ကောင်းရဲ့လား ဆိုတာပိုအရေးကြီးပါတယ်။ တကယ်လို့ကလေးက ညစာစားပြီးကတည်းက မကြည်မလင်ဖြစ်ပြီး ပင်ပန်းနေပြီး အိပ်ချင်နေပြီဆိုရင်တော့ ပိုအိပ်ဖို့လိုနေတာပါ။ ဒါပေမယ့် တခါတလေကျတော့ သူတို့ဆော့ကစားနေ၊ လောကကြီးကိုစူးစမ်းလေ့လာနေနိုင်တဲ့ သူတို့တန်ဖို့ရှိတဲ့အချိန်တွေကို မအိပ်ချင်ကြပြန်ပါဘူး။ လုံလောက်တဲ့အိပ်စက်ခြင်းမရှိရင် နေ့ဘက်တွေမှာ မရွှင်မလန်းနဲ့ ဂျီကျနေပါလိမ့်မယ်။

    တကယ်လို့ ကလေးကလိုအပ်သလောက် အိပ်ချိန်မရှိဘူးထင်ရင် သင်ကဂရုပြုအားထုတ်ပေးပါ။ အဝတ်အစား သေးခံလဲပြီး နို့တိုက်ကာ ငြိမ့်ငြောင်းသာယာတဲ့သီချင်းလေးနဲ့သိပ်ကြည့်ပါ၊ မှောင်ပျပျအခန်းထဲမှာ ဘာအနှောင့်အယှက်မှမရှိဘဲ အသာယာနှိပ်နယ်ပေးရင်းသိပ်တာမျိုးက အထောက်အကူဖြစ်မှာပါ။ ချက်ခြင်းအိပ်မပျော်တာနဲ့ လက်မလျှော့လိုက်ပါနဲ့၊ တခါတလေ ငြိမ်သွားဖို့၊ အိပ်ပျော်ဖို့အချိန်လိုပါတယ်။ တကယ်လို့အလုပ်မဖြစ်ဘူးဆိုရင်တော့ တွန်းလှည်းလေးထဲထည့်ပြီးလမ်းလျှောက်တာမျိုး၊ ကားခဏပတ်မောင်းတာမျိုးလုပ်ကြည့်ပါ။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    စားပွဲမှာစားစေဖို့

    ခုဆိုရင်သူတို့လည်း ထမင်းစားပွဲမှာ လူကြီးတစ်ယောက်ယောက်ရဲ့ ပေါင်ပေါ်ထိုင်ရင်း ထမင်းစားပွဲအမူအကျင့်တွေနဲ့ လူမှုရေးတွေစတင်ရတော့မယ့်အချိန်ပေါ့။ သူတို့ခုံအမြင့်ပေါ်မှာထိုင်စေပြီး သူ့ကိုယ်ပိုင်နေရာနဲ့စားစရာပေးထားကာ ထမင်းဝိုင်းစကားဝိုင်းမှာပါဝင်ပါစေ။

    မိခင်နို့စို့ဖို့ စိတ်မဝင်စားတော့ခြင်း

    တကယ်လို့ကလေးက မိခင်နို့စို့ဖို့ငြင်းနေတယ်ဆိုရင်-

    • တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ တိုက်ကြည့်ပါ။ စူးစမ်းစိတ်များတဲ့ ၈လ၊ ၉လသားလေးတွေဟာ တီဗီမှာလာနေတာတွေ၊ အပြင်ဘက်လမ်းမကမီးသတ်ကားသံ၊ နောက်ဆုံးအနားကဖြတ်သွားတဲ့ခွေးကစ စိတ်ဝင်စားတတ်ပြီး နို့စို့ဖို့အာရုံပျက်တတ်ပါတယ်။ သူလုပ်နေတဲ့အလုပ်ကို အာရုံပိုစိုက်အောင် တိတ်ဆိတ်တဲ့အခန်းထဲမှာ တိုက်ကျွေးပါ။ အသာအယာထွေးပွေ့ထားခြင်းကလည်း ကူညီမှာပါ။

    • အိပ်ချင်နေဆဲအချိန်တိုက်ပါ။ သူတို့နဲ့အလုပ်မရှုပ်ရခင် မနက်စောစောနိုးလာတဲ့ချိန်တိုက်နိုင်ပါတယ်။ ညဘက်ရေနွေးနွေးလေးနဲ့ချိုးပြီးတဲ့အခါ၊ အသာအယာနှိပ်နယ်ပေးပြီးတဲ့အခါ၊ ဒါမှမဟုတ် တရေးတမောအိပ်ပြီး နိုးကာစအချိန်တို့မှာ တိုက်ကျွေးနိုင်ပါတယ်။

    • တခါတလေ လမ်းလျှောက်နေရင်းတိုက်ကျွေးကြည့်ပါ။ တချို့ကလေးတွေက သူတို့လည်းလှုပ်ရှားမှုထဲပါနေရတာကို ပိုကျေနပ်တတ်ကြပါတယ်။

    • တကယ်လို့ ဆက်လက်ငြင်းဆန်နေဆဲဆိုရင်တော့ သင့်ကလေးဟာတကယ်ကို နို့စို့ရတာညည်းငွေ့လာတာဖြစ်နိုင်ပါတယ်။ သင့်အတွက် အသင့်မဖြစ်နိုင်လောက်သေးပေမယ့် ဒါနဲ့ပတ်သတ်ပြီး သင်ဘာမှမလုပ်နိုင်ပါဘူး။

    မိခင်နို့စို့ဖို့ငြင်းဆန်နေပါက ကလေးအနည်းဆုံးတစ်နှစ်သားလောက်ထိ မိခင်နို့ကိုနို့ဘူးထဲထည့်ပြီးတိုက်ပေးသင့်ပါတယ်။ အကြိမ်တိုင်းအတွက်နို့မညှစ်နိုင်ဘူးဆိုရင်တော့ အခြားကလေးနို့မှုန့်အစားထိုးနိုင်ပါတယ်။ နို့ဘူးထဲထည့်တိုက်တာအပြင် တခါတလေပန်းကန်လုံးလေးထဲ၊ ခွက်လေးထဲထည့်ကျွေးကြည့်ပါ။ ဒီအရွယ် စောစောစီးစီးမှာ ခွက်နဲ့စစားတတ်တယ်ဆိုရင် တော်တော် တော်တာပါပဲ။

    တကယ်လို့နို့ဖြတ်ပြီး ဆက်တိုက်ဖြည့်စွတ်စာပြောင်းကျွေးပြီဆိုရင်တော့ သင့်ကလေးရဲ့ကျန်းမာရေးအတွက်ရော၊ သင့်အတွက်အဆင်ပြေဖို့နည်းလမ်းကိုရွေးသင့်ပါတယ်။ ဖြေးဖြေးချင်းအစားထိုးကျွေးခြင်းက ကလေးကိုနို့တဖြေးဖြေးဖြတ်လာစေပြီး့ သင့်ကိုလည်း နို့ထွက်လျော့လာစေတာကြောင့် နာကျင်တဲ့ရင်သားရောင်ရမ်းခြင်းမှ ရှောင်ရှားစေနိုင်ပါလိမ့်မယ်။

    သုံးဆယ့်ခုနှစ်ပတ်မြောက်ကိုဖြတ်သန်းလာခဲ့ပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ မပူပါနဲ့၊ ဘယ်လိုတွေကြုံနေရ ကြုံနေရ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး။

    နောက်ရက်သတ္တပတ်တွေမှာလည်း သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိနေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement