backup og meta

34 ပတ်သားကလေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    34 ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။

    အခုဆိုရင် သင့်ရင်သွေးလေးဟာ ပစ္စည်းတွေကို ခါကြည့်လိုက်၊ ထုကြည့်လိုက်၊ ပစ်ချကြည့်လိုက်၊ သူတို့ပါရှေ့ယိုင်လဲသွားအောင် လွှတ်ပစ်လိုက် ၊ နောက်ဆုံးကိုက်ကြည့်လိုက်နဲ့ အမျိုးမျိုးလုပ်ကြည့်ပြီး စူးစမ်းလေ့လာနေပါပြီ။ သူတို့ဟာခုဆို ပစ္စည်းတွေနဲ့ အမျိုးမျိုးလုပ်ကြည့်လို့ရတယ်ဆိုတဲ့အချက်ကို သိရှိတွေးမိပြီး ထုရိုက်ခြင်း၊ တို့ထိခြင်း၊ လိမ်ခြင်း၊ ဖျစ်ညှစ်ခြင်း၊ လှုပ်ခါခြင်း၊ ပစ်ချက်ခြင်း၊ ဖွင့်ခြင်း စသည့်ဖြင့် လှုပ်ရှားမှုအမျိုးမျိုးဟာ ကလေးကိုဖမ်းစားနေပါလိမ့်မယ်။

    ခုရှစ်လပြည့်ပြီးလို့ ဒုတိယပတ်မှာတော့ သင့်ကလေးဟာ-

    • စတုရန်းတုံးလေးတွေ ဒါမှမဟုတ် အရာဝတ္ထုလေးတွေကို လက်တစ်ဖက်ကနေ အခြားတစ်ကိုရွေ့ပြောင်းကိုင်တတ်လာပြီ

    • ပစ္စည်းတွေကိုလှုပ်ခါ၊ ထုရိုက်၊ ပစ်ချ၊ ပစ်ပေါက်ပြီး ပြန်ကန်လာတာကိုကြည့်ပြီး လေ့လာစူးစမ်းတတ်လာပြီ

    • တစ်ယောက်ယောက်၊ တစ်ခုခုကိုကိုင်ပြီး မတ်တပ်စရပ်လာပြီ

    • သင်ကအရုပ်ကိုဖယ်ပစ်ဖို့လုပ်ရင် ငြင်းတတ်၊ ဆန့်ကျင်တတ်လာပြီ

    • လက်လှမ်းမမီတဲ့အရုပ်ကိုလှမ်းယူတတ်လာပြီ

    • တူတူပုန်းတမ်းကစားတတ်လာပြီ

    • မှောက်နေရာကနေထိုင်တတ်လာပြီဖြစ်တယ်။

    သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

    ဖုန်းတွေလိုမျိုး သတ်သတ်မှတ်မှတ်အသုံးပြုလို့ရတဲ့ အရုပ်ကလေးတွေကိုမှတ်မိတတ်လာပြီး သူတို့ကသူတို့နားကိုကပ်ပြီးမဆော့တတ်ရင်တောင် သင်ကသူတို့ကို ထိုဖုန်းအရုပ်ကိုနားနားကပ်ပြီး စကားပြောပြတာမျိုးလုပ်ပြသင့်ပါတယ်။ နောက်ထပ်လအနည်းငယ်ကြာရင်ပဲ သူတို့ဟာ ခေါင်းဖီးတာ၊ ခွက်နဲ့ရေသောက်တာ၊ သူတို့အရုပ်ဖုန်းလေးနဲ့ စကားတွေပြောနေတာမျိုးတွေလို ပစ္စည်းတွေကို ဆိုင်ရာဆိုင်ရာ ဦးတည်ချက်နဲ့သုံးတတ်လာပါလိမ့်မယ်။

    ကျန်းမာရေးနှင့် ဘေးကင်းစိတ်ချရမှု

    ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

    ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမပေးတတ်ပါဘူး။ ဒီအရွယ်ကလေးတော်တော်များများဟာ ဆရာဝန်ဆီသွားရတာမနှစ်သက်တတ်တာမို့ ဒီအချက်ဟာ ကောင်းတယ်လို့တောင်ဆိုရမလိုပါပဲ။ တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

    ဘာသိသင့်လဲ။

    သင်သိထားသင့်တာတွေကတော့-

    အဆိပ်မိခြင်း

    • သင့်အိမ်မှာအဆိပ်သင့်နိုင်မယ့်ပစ္စည်းတွေကိုသတိထားပါ။

    • အိမ်မှာရှိတဲ့ ဓါတုပစည်းများအညွှန်းတွေကိုသေချာစွာဖတ်ရှုပါ။

    • အလှကုန်၊ တစ်ကိုယ်ရည်သုံးပစည်း၊ ဆေး၊ ဗီတာမင်နဲ့ ဖြည့်စွတ်ဆေးများ၊ သန့်ရှင်းရေးသုံးပစည်း၊ ပိုးသတ်ဆေး စသည့်အိမ်သုံးပစည်းများကို ကလေးလှမ်းမမီနိုင်သော နေရာတွင်ထားပါ။

    • ဖြစ်နိုင်ပါက ကလေးများအတွက် အန္တရာယ်မကြီးသောဆေးမျိုးကိုသုံးစွဲပြီး အဆိပ်ဖြစ်စေခြင်းနည်းသော အိမ်သုံးပစ္စည်းများကိုသုံးစွဲပါ။

    • အန္တရာယ်များသောပစ္စည်းများကို ရောမသွားစေရန် မူရင်းဘုံးထဲများတွင်သာထည့်ထားပါ၊

    • ဆေးတွေကို ‘သကြားလုံး’ ဟုညာခေါ်ကာ ကလေးတွေရှေ့သောက်သုံးခြင်းမပြုပါနဲ့၊ လေးဘက်သွားလေးတွေဟာ အပြုအမူတွေကို လိုက်အတုယူတတ်ပါတယ်။

    • အိမ်တွင်းအပင်ငယ်လေးများကို ကလေးလက်လှမ်းမမီသောနေရာတွင်ထားပါ။

    အဆိပ်ဟာခန္တာကိုယ်အတွက် အန္တရာယ်ပေးတဲ့အရာဖြစ်ပြီး မျိုချမိပါက သာမန်အော်ဂလီဆန်ခြင်း၊ ပျို့အန်ခြင်းလောက်သာဖြစ်စေတာများရှိသလို မျိုချမိပါက အဆုတ်၊ အူ၊ စသည်တို့ကိုထိခိုက်စေသည်များလည်းရှိသလို သေနိုင်သည်များလည်းရှိပါတယ်။

    ကလေးအဆိပ်မိပါက-

    • အသက်မရှူနိုင်တော့ရင် ချက်ခြင်းနှလုံးနှိုးအသက်ကယ်ပြီး ဆေးရုံကားခေါ်ပါ။

    • သတိလစ်ခြင်း၊ မိန်းမောခြင်း၊ အရေပြားလောင်သွားခြင်း၊ လည်ချောင်းအလွန်နာကျင်ခြင်း၊ တက်ခြင်းတို့ရှိပါက ဆေးရုံကားခေါ်ပြီး ဆေးရုံအမြန်သွားပါ။

    • ပါးစပ်ထဲတွင်ကျန်သောအရာများကို အကုန်ဖယ်ထုတ်ပစ်နိုင်အောင် ကြိုးစားပြီး ဖြစ်နိုင်ပါက နမူနာအချို့ယူထားပါ

    • အန်ခိုင်းခြင်း၊ မိမိသဘောနှင့်ဆေးကျွေးခြင်းများမလုပ်ဘဲ မှန်ကန်သောကုသမှုကိုသာခံယူရပါမယ်။

    • ဆေးရုံရောက်ပါက မျိုချလိုက်သောအရာ၊ အချိန်၊ ပမာဏ၊ အသက် အလေးချိန် နှင့် ရလာသောလကဏာများကိုမေးပါလိမ့်မယ်။

    • အဝတ်ဝတ်ထားပါက ချွတ်ပစ်ပါ၊ ကလေးကိုရေနွေးနဲ့ ၁၅ မိနစ်ခန့် ရေပတ်တိုက်ဆေးလိုက်ပြီး လောင်ကျွမ်းဒဏ်ရာရှိပါက ဆက်လုပ်ပါ။

    • လောင်ကျွမ်းရာနေရာကို ဆီများသုတ်လိမ်းခြင်းမပြုပါနဲ့၊ ပိုဆိုးပါသည်။

    • တကယ်လို့မျက်လုံးထဲဝင်သွားပါက မျက်စိဆေးပစ်ပါ။

    • အဆိပ်ကိုသက်ဆိုင်ရာနည်းလမ်းနဲ့ ဘယ်လိုဖြေရမလဲ လေ့လာပါ။

    လေးဘက်တွားမသွားသေးခြင်း

    ကလေးငယ်လေးတွေ လေးဘက်တွားသွားခြင်းဟာ သူတို့တိုးတက်ဖွံ့ဖြိုးလာမှုတွေထဲက တစ်ခုသာဖြစ်တာကြောင့် လေးဘက်တွားဖို့နောက်ကျနေတိုင်း သူတို့ဖွံ့ဖြိုးမှုတစ်ခုလုံးနောက်ကျပြီလို့ ဆုံးဖြတ်လို့မရပါဘူး။ တချို့ကလေးတွေဟာ ခြောက်လသားလောက်မှာ တွားသွားတတ်ကြပြီး သူတို့ဝမ်းလျားမှောက်ပြီး ဆော့လို့ဝချိန်ပေါ့ ကလေးအများစုကတော့ ထို့ထက်ပိုနောက်ကျမှ တွားသွားတတ်ကြပါတယ်။ ကြီးထွားဖွံဖြိုးမှုအတွက် (တခြားအဓိကကျတဲ့ အချက်တွေ ဥပမာ- တွားမသွားခင်ကတည်းက ကလေးတွေကျွမ်းကျင်နေရမယ့် ထိုင်နိုင်တာမျိုးတွေ) လုပ်နိုင်နေပြီဆိုရင်တော့ အဆင်ပြေပါတယ်။

    လေးဘက်တွားမသွားသေးတဲ့ကလေးငယ်လေးတွေဟာ သူတို့ကုန်းမထခင်၊ ထိုင်ခုံပေါ်ကနေ စားပွဲပေါ်ကိုလှမ်းကူးဖို့မသိသေးခင်၊ လမ်းစမလျှောက်သေးခင်ထိသာ သူတို့လှုပ်ရှားနိုင်မှုမှာ ကန့်သတ်ချက်ရှိနေသလိုဖြစ်နေတာပါ။ တကယ်တော့ တခါတလေ တခါမှလေးဘက်တွားမသွားတဲ့ကလေးတွေဟာ လေးလလောက် အားရအောင်တွားသွားပြီးမှ လမ်းစလျှောက်တဲ့ကလေးတွေထက် ပိုစောပြီး လမ်းလျှောက်တတ်ကြပါတယ်။

    လေးဘက်တွားတဲ့ကလေးတွေကြားထဲမှာကို ပုံစံတွေကအမျိုးမျိုးကွဲကြပါသေးတယ်။ ဝမ်းဗိုက်နဲ့တရွတ်တွားသွားခြင်းဟာ လေးဘက်သွားခြင်းရဲ့အစပါ၊ တခါတလေ တရွတ်တွားတာနဲ့သာ ရပ်နေတတ်ပေမယ့်ပေါ့။ တချို့ကကျနောက်ပြန် ဒါမှမဟုတ် ဘေးတိုက်တွားသွားတတ်ကြတယ်။ တချို့ကတော့ ဒူးတစ်ဖက်နဲ့တွားသွားဒါမျိုး၊ သူတို့ခြေထောက်တွေနဲ့ တွားသွားကြပြီး၊ တချို့ကတော့ ခြေ၊လက်ပေါ်မှာ လေးဘက်ထောက်သွားတတ်ကြပါတယ်။ ဒါဟာ ကလေးအများစုတွေ လမ်းလျှောက်ခါနီးရောက်တတ်တဲ့ အဆင့်တစ်ခုပါ။

    ကလေးတွေတစ်ဆင့်ကနေ တစ်ဆင့်ကိုတက်လာခြင်းက သူတို့အကူအညီမပါဘဲ လှုပ်ရှားတတ်ဖို့ကြိုးစားအားထုတ်တာလောက် အရေးမကြီးပါဘူး။ တချို့ကလေးတွေဟာ အခွင့်အရေးမရှိလို့ လေးဘက်မတွားခြင်းဖြစ်ပါတယ်။ ပုခတ်ထဲ၊ တွန်းလှည်းထဲ မှာအမြဲတမ်းနီးပါးနေရတဲ့ကလေးတွေဟာ လေးဘက်ထောက်သွားဖို့ကို သင်ယူခွင့်မရသလိုဖြစ်နေပါတယ်။ သင့်ကလေးက ကြမ်းပေါ်မှာ ဝမ်းလျားလေးမှောက်နေပါစေ၊ (ကြမ်းပြင်ကို တံမြတ်စည်းလှည်း၊ ဖုန်စုပ်ထားပါက ဖုန်တွေ အမှိုက်တွေအတွက် မပူပါနဲ့) သူတို့အကြိုက်ဆုံးအရုပ်လေးတွေ၊ စိတ်ဝင်စားစရာပစည်းလေးတွေကို သူတို့ခပ်လှမ်းလှမ်းမှာထားထားပေးခြင်းဖြင့် သူတို့ကိုအားပေးပါ။ ဒါပေမယ့် သူတို့ဒူးတွေကိုကာထားပေးဖို့တော့မမေ့ပါနဲ့၊ အေးစက်နေတဲ့ကြမ်းပြင်၊ ကြမ်းတမ်းတဲ့ကော်ဇောတွေဆီမှ ကာကွယ်နိုင်ရန်ပါ။ ဒါတွေဟာ ကလေးတွေကို လေးဘက်တွားချင်စိတ်ပျောက်သွားစေပါလိမ့်မယ်။

    စိတ်ပူတာတွေ

    ဘာတွေစိတ်ပူလဲ

    သင့်ရင်သွေးလေးကို ခြေဟန်လက်ဟန်နဲ့ စကားပြောတတ်ဖို့သင်ပေးသင့်လား စဉ်းစားနေလောက်ပါတယ်။ ခြေဟန်လက်ဟန်နဲ့ စကားပြောခြင်းဟာ သူတို့ကိုသင်နဲ့ပိုပြီး ဆက်သွယ်ဖို့ပိုလွယ်စေ၊ ပိုကောင်းစေပါလိမ့်မယ်။ ဒါပေမယ့် ကလေးစကားပြောတတ်လာနဲ့ ထိုခြေဟန်လက်ဟန်နဲ့စကားပြောခြင်း ကွယ်ပျောက်သွားမှာဖြစ်တာမို့ ကလေးကိုပိုပြီး ဉာဏ်ကောင်းလာစေတယ်၊ ပိုမြန်မြန်ဖွံ့ဖြိုးစေတယ်ဆိုတဲ့ အတွေးရည်ရွယ်ချက်မျိုးနဲ့တော့ မသင်ပေးပါနဲ့။ ဒါဟာ သင်နဲ့ခုချိန်ထက်ပိုပြီး အဆင်ပြေပြေနဲ့ မြန်မြန်ဆက်သွယ်နိုင်ဖို့ဆိုရင်တော့ သင်ပေးနိုင်ပါတယ်။

    သင်ပေးချင်တယ်ဆိုရင်တော့-

    • ကလေးက ၈လ၊ ၉လလောက်ကတည်းက သင်နဲ့ဆက်သွယ်ပြောဆိုရတာတွေကို စိတ်ဝင်စားလာနဲ့အမျှ စောစောစီးစီး ခြေဟန်လက်ဟန်နဲ့ပြောနိုင်ပါတယ်။ စောစောစီးစီး စတင်ထားခြင်းဟာလည်း ပြဿနာမရှိပါဘူး။ ကလေးအများစုကတော့ ၁၀လနဲ့ ၁၄လကြားမှ စပြီး ပြန်ပြတတ်၊ ပြောတတ်လာပါတယ်။

    • သဘာဝကျကျလေးပဲ ခြေဟန်လက်ဟန်ပြုပါ။ သင့်ကလေးနဲ့ သင့်အတွက် သာမန်သဘာဝကျကျ ခြေဟန်လက်ဟန်စကားပြောခြင်းကိုသာ ဖန်တီးတည်ဆောက်ပါ။ စကားလုံးတစ်လုံး၊ စကားစုတစ်ခုကို ကိုယ်စားပြုတဲ့ ရိုးရှင်းတဲ့ ဟန်ပန်လေးတစ်ခုလောက်သာ ထားသင့်ပါတယ်။ ‘ငှက်’ အတွက် လက်နဲ့ပျံပြတာမျိုး၊ လက်မောင်းတွေကိုကုတ်ပြခြင်းဖြင့် ‘မျောက်’ ကိုကိုယ်စားပြုတာမျိုး၊ လက်ပေါ်ခေါင်းစောင်းပြခြင်းဖြင့် ‘အိပ်တယ်’၊ ဗိုက်ကိုပွတ်ပြခြင်းဖြင့် ‘ဗိုက်ဆာတယ်’ ၊ ပါးစပ်နားမှာရေတဲ့ဟန်ဖြင့် ‘သောက်တယ်’၊ နှာခေါင်းကိုထိပြခြင်းဖြင့် ‘အနံ့၊ နံတယ်’ စသည်ဖြင့်……

    • သူတို့အတွက်လိုအပ်တဲ့ ဟန်ပန်များသာသင်ပေးပါ။ သင့်ကလေးနေ့စဉ်လိုအပ်မယ့် ဗိုက်ဆာတယ်၊ ရေသောက်ချင်တယ်၊ အိပ်ချင်တယ် စသည့်တို့ကို ဖော်ပြဖို့ ခြေဟန်လက်ဟန်တွေက အရေးကြီးဆုံးပါ။

    • ဆက်တိုက်လုပ်ပြနေပါ။ မြင်ရပါများလာတဲ့အခါ သင့်ကလေးငယ်ကနားလည်ပြီး မြန်မြန်လိုက်လုပ်တတ်ပါလိမ့်မယ်။

    • တခါတည်းစကားပါပြောပါ၊ ကိုယ်ပြောတဲ့စကားနဲ့ ခြေဟန်လက်ဟန်ကိုတခါတည်းနားလည်ရန်အတွက် နှစ်ခုစလုံးတူတူသုံးပါ။

    • မိသားစုတစ်ခုလုံးကိုလုပ်ခိုင်းပါ။ သင့်ကလေးလေးဟာ သူ့ဘဝမှာ လူများများက သူ့စကားပြောတတ်လေလေ၊ ပိုပျော်လေလေဖြစ်မှာပါ။ သားချင်းတွေ၊ အဖိုးအဖွား၊ ကလေးထိန်းနဲ့ သင့်ကလေးအနား အချိန်ကြာကြာရှိတဲ့လူမှန်သမျှ အနည်းဆုံးတော့ အရေးကြီးဆုံးအမူအရာလေးလောက်တော့ သိနေပါစေ။ သူတို့ကိုယ်ပိုင်ဟန်ပန်ကိုအသုံးပြုပါ။ တချို့ကလေးတွေက သူတို့ဖာသာတီထွင်တတ်ကြပြီး သင့်ကလေးကလည်း ထိုကဲ့သို့ဖြစ်ပါက သူတို့အတိုင်းလိုက်အသုံးပြုခြင်းက ပိုအဓိပ္ပါယ်ရှိပါလိမ့်မယ်။

    • အတင်းအကြပ်မသင်ပါနဲ့။ တခြားသော ဆက်သွယ်ပြောဆိုနည်းတွေလိုပဲ ခြေဟန်လက်ဟန် အမူအရာပြခြင်းဟာလည်း သဘာဝကျကျဖြစ်လာသင့်တာဖြစ်တယ်။ ကလေးငယ်တွေဟာ လမ်းညွှန်မှုတွေဆီကမဟုတ်ဘဲ အတွေ့အကြုံကနေသင်ယူကြတာပါ။ တကယ်လို့ သင့်ကလေးက မကြိုက်ရင် အတင်းအကြပ်မလုပ်ပါနဲ့။

    သုံးဆယ့်လေးပတ်မြောက်ကိုဖြတ်သန်းလာခဲ့ပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ မပူပါနဲ့၊ ဘယ်လိုတွေကြုံနေရ ကြုံနေရ သင်ဟာတစ်ယောက်ထဲမဟုတ်ပါဘူး။

    နောက်ရက်သတ္တပတ်တွေမှာလည်း သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိနေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement