backup og meta

နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ

    နို့တိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ

    ကလေးမွေးဖွားလာပြီဆိုရင် မိခင်နို့တိုက်ကျွေးတယ်ဆိုတာသဘာဝပဲဆိုပေမယ့် သားဦးမွေးတဲ့မိခင်တိုင်းအတွက်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။

    မကြုံဖူးသေးတဲ့မိခင်တွေအနေနဲ့ နို့တိုက်ကျွေးတာနဲ့ပတ်သက်ပြီးသိချင်တာလေးတွေ မေးဖို့ရှက်နေတာမျိုးလည်းရှိနိုင်ပါတယ်။ မသေချာမှုတွေ၊စိတ်ပူပန်မှု၊စိတ်လှုပ်ရှားမှုတွေနဲ့ပေါ့။ ဒါပေမယ့် သိထားရမှာကအစပိုင်းမှာအခက်အခဲရှိနိုင်တယ်ဆိုပေမယ့် ကလေးအတွက်ရော၊ ကိုယ့်အတွက်ပါ စိတ်ရှည်ဖို့လိုပါတယ်။

    မိခင်နို့ မဖြစ်မနေတိုက်ဖို့လိုလား

    မိခင်နို့တိုက်ခြင်းကကလေးအတွက်ရောမိခင်အတွက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာသုတေသနတွေကသက်သေပြပြီးဖြစ်ပါတယ်။ မိခင်နို့မှာသဘာဝအလျောက် ပဋိပစ္စည်းတွေပါဝင်ပြီးဖြစ်သလို ကလေးရဲ့ပထမခြောက်လအတွင်းလိုအပ်သမျှ အာဟာရဓါတ်တွေအကုန်ပါရှိပါတယ်။

    မိခင်နို့တိုက်ကျွေးခြင်းက ကလေးတွေမှာအစားအစာဓါတ်မတည့်မှုနဲ့ ကိုယ်အလေးချိန်များခြင်းဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ သုတေသနအသစ်တွေကဖော်ပြထားပါတယ်။ ကလေးနို့မှုန့်တွေကိုမိခင်နို့အစားတိုက်ကျွေးလို့ရတယ်ဆိုပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့ မိခင်နို့ကကလေးအတွက်အကောင်းဆုံးလို့ လက်ခံယူဆကြပါတယ်။

    မိခင်အတွက်ဆိုလည်းကလေးကိုနို့တိုက်ကျွေးခြင်းဖြင့် သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာကိုကာကွယ်နိုင်ပါတယ်။ ကလေးကိုနို့တိုက်ကျွေးတဲ့အခါ သားအမိကြားကမေတ္တာကြိုးပိုခိုင်မာစေတဲ့အပြင် prolactin နဲ့ oxytocin လို့ခေါ်တဲ့ မိခင်ဟော်မုန်းတွေထွက်ရှိစေပါတယ်။ prolactin က ကလေးမွေးပြီးနောက်ပိုင်းမိခင်မှာစိတ်ခံစားချက်အပြောင်းအလဲဖြစ်ခြင်း(baby blues)ကိုဟန့်တားပေးနိုင်ပြီး oxytocin က မွေးလမ်းကြောင်းအတွက် ကောင်းကျိုးပြုပါတယ်။ နို့တိုက်ကျွေးခြင်းအားဖြင့် မိခင်တွေရဲ့ကိုယ်အလေးချိန်ကိုကိုယ်ဝန်မဆောင်ခင်ကအတိုင်းပြန်ဖြစ်စေဖို့လည်းအထောက်အကူပြုပါတယ်။

    နို့တိုက်တယ်ဆိုတာနဲ့ရပြီလား

    ကလေးကိုမိခင်နို့သောက်သုံးစေချင်ပေမယ့် နို့တိုက်ရတဲ့ကိစ္စကိုမကြိုက်တဲ့မိခင်တွေရှိပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှုမို့ နို့ညှစ်ပြီးကလေးကိုနို့ဗူးနဲ့ပြန်တိုက်တာကအဆင်ပြေတယ်ဆိုလည်းလုပ်လို့တော့ရပါတယ်။

    မိခင်နို့ကိုကလေးကစို့လိုက်တဲ့အခါ နှိုးဆွမှုကိုဖြစ်စေပြီးနို့ရည်ထွက်လာတာပါ။ နို့ကိုညှစ်ထုတ်တဲ့အခါတော့ နှိုးဆွရခက်ခဲတဲ့အတွက် ကလေးကိုတိုက်ရိုက်နို့မတိုက်တဲ့မိခင်တွေမှာနို့ရည်လမ်းကြောင်းပိတ်ဆို့ခြင်းခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ကလေးကိုရောဂါပိုးမရရှိစေဖို့အတွက် နို့ညှစ်ကိရိယာကိုသန့်စင်ဖို့အရေးကြီးပါသေးတယ်။

    ဒါ့ကြောင့် ကိုယ်တိုင်နို့တိုက်ကျွေးခြင်းကပိုသက်သာလွယ်ကူတဲ့အပြင် ကလေးနဲ့ဆက်ဆံရေးပိုရင်းနှီးစေပါတယ်။

    ရင်သားပိုသေးနေရင် သို့မဟုတ် ကြီးနေရင် နို့တိုက်လို့ရပါ့မလား

    ရင်သားသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေအမျိုးသမီးအများစုမှာကလေးအတွက်နို့ရည်အလုံအလောက်ထုတ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ကြောင့်ရင်သားကြီးလာတယ်ဆိုတာကိုကနို့တိုက်ကျွေးဖို့အတွက်လိုအပ်တဲ့တစ်ရှူးတွေဖွဲ့စည်းဖြစ်ပေါ်လာလို့ပါ။

    နို့တိုက်ရင် နာမှာလား

    နို့သီးခေါင်းနာကျင်တာကနို့တိုက်ကျွေးစပထမရက်သီတင်းပတ်တွေမှာ ဖြစ်နေကျပြဿနာပါ။ သွားမပေါက်သေးတဲ့ မွေးကင်းစကလေးနဲ့မို့ အစပိုင်းမှာနည်းနည်းနာတာ၊ကျိန်းတာလောက်ကပုံမှန်ပါပဲ။

    ဒါပေမယ့် နို့သီးခေါင်းကွဲအက်ခြင်း၊သွေးထွက်ခြင်းနဲ့ဆက်တိုက်နာကျင်နေခြင်းတို့ဟာကလေးကနို့သေချာမရတာဖြစ်နိုင်တဲ့လက္ခဏာပါ။ ဒီအတွက် သက်ဆိုင်ရာဆရာဝန်ကအကြံပြုပေးပြီးလိမ်းဆေးသို့မဟုတ် nipple shield ပေးတာလိုမျိုးနာကျင်မှုသက်သာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ နီရဲပြီးအရမ်းနာကျင်ရတယ်ဆိုရင်တော့ နို့ကြောင်းပိတ်တာ၊နို့နာတွေအထိ ဖြစ်စေနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

    ဘယ်နှကြိမ်လောက် နို့တိုက်သင့်သလဲ

    ဘယ်အချိန်နို့တိုက်ရမလဲဆိုတာသင့်ကလေးကပြောပြပါလိမ့်မယ်။ နို့အနားမှာပါးစပ်တပြင်ပြင်လုပ်နေတာမျိုး၊ လက်ချောင်းစုပ်နေတာမျိုးကနို့ဆာနေတဲ့အမူအရာတွေဖြစ်ပါတယ်။ ငိုပြီးနို့ဆာပြတဲ့အထိစောင့်မယ့်အစားဒီလိုလုပ်ပြနေတဲ့အခါမျိုးမှာနို့တိုက်လိုက်တာအကောင်းဆုံးပါပဲ။ ပထမဆုံးအကြိမ်တွေမှာတော့ ၅ မိနစ်ကနေ ၄၅ မိနစ်အထိနို့တိုက်လို့ရပေမယ့် နောက်ပိုင်းကျရင်တော့ တစ်ကြိမ်တိုက်ရင် မိနစ် ၂၀ ကနေ ၄၀ အတွင်းတိုက်ကျွေးနိုင်ပါတယ်။

    ရင်သားတွေ တောင့်ခဲနေတာဘာကြောင့်လဲ

    နို့ရည်ပြည့်ကျပ်ပြီးရင်သားတောင့်တင်းတာမျိုးကကလေးမွေးဖွားပြီးရက်ပိုင်းအတွင်းမှာဖြစ်လာနိုင်ပြီးရင်သားကကျောက်ခဲလိုမာတောင့်နေသလိုနာကျင်မှုကိုလည်းခံစားရနိုင်ပါတယ်။ ကလေးနို့တိုက်ရင်းတောင်မှ တစ်ခါတလေအဲဒီလိုခံစားနေရဆဲဖြစ်တတ်ပါတယ်။ အဲဒီအခါ ကလေးလိုအပ်သလောက်နို့ရည်ရဖို့လည်းခက်ခဲတာကြောင့် နာကျင်မှုသက်သာပြီးနို့ထွက်များစေဖို့ ဒါတွေလုပ်ကြည့်ပါ –

  • အနွေးဓါတ်ပေးခြင်းကနို့ရည်ထွက်ရှိမှုကိုအားပေးတဲ့အတွက် နို့မတိုက်ခင် ရင်သားကိုရေနွေးဝတ်နဲ့ကပ်ပေးနိုင်ပါတယ်။
  • နို့တိုက်ပြီးရင်တော့ နာကျင်မှုသက်သာစေဖို့ ရေခဲကပ်ပေးပါ။
  • မှောက်အိပ်ခြင်းကလည်းတချို့တွေမှာနာကျင်မှုသက်သာစေပါတယ်။
  • အရမ်းတင်းနေရင် နို့ရည်အနည်းငယ်ညှစ်ထုတ်ပစ်တာကတင်းကျပ်မှုသက်သာစေပြီးကလေးလည်းနို့စို့ရလွယ်စေပါတယ်။
  • နို့ထွက်များအောင် ဘယ်လိုလုပ်ရမလဲ

    အစားနည်းတာ၊ ရေသို့မဟုတ် အရည်သောက်နည်းတာ၊ စိတ်ဖိစီးမှုများတာ၊ ကလေးကိုနို့ခဏခဏတိုက်ရတာစတာတွေကမိခင်တွေမှာနို့ထွက်နည်းစေတဲ့ အကြောင်းရင်းတွေထဲပါဝင်ပါတယ်။ နို့ထွက်နည်းခြင်းကိုဖြေရှင်းနိုင်ဖို့ တစ်နေ့ကိုလုံလောက်တဲ့အစာအာဟာရပြည့်ပြည့်ဝဝစားသုံးပါ၊ ရေအလုံအလောက်သောက်ပါ(ရေဓါတ်ခန်းခြောက်ရင်နို့မထွက်နိုင်ပါဘူး)၊ ညဘက်အိပ်ရေးဝဝအိပ်ပါ၊မကြာခဏနို့တိုက်ပါ(ကလေးကနို့စို့လေနို့ထွက်များလေဖြစ်ပါတယ်)၊ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေသောက်သုံးပါ။

    မိခင်ကအအေးမိ၊ တုပ်ကွေးဖြစ်နေရင် နို့တိုက်လို့ဖြစ်ရဲ့လား

    ကလေးနို့တိုက်ခြင်းကိုရပ်ဖို့လိုတဲ့ ရောဂါဝေဒနာကနည်းပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ ရောဂါအများစုကလက္ခဏာမပြခင်တည်းကကူးစက်လွယ်တာကြောင့် ကိုယ်မသိဘဲကလေးမှာကူးစက်ပြီးသားတောင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် မိခင်ရဲ့ခန္ဓါကိုယ်ကရောဂါခုခံနိုင်မယ့်ပဋိပစ္စည်းတွေထွက်ရှိနေမှာဖြစ်လို့ ကလေးကိုနို့တိုက်ပေးတာကကာကွယ်ပြီးသားဖြစ်စေပါတယ်။ မိခင်နို့ကတဆင့် ပဋိပစ္စည်းတွေ ကလေးဆီကိုလွှဲပြောင်းရောက်ရှိစေလို့ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement