အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ

    အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ

    အသင့်ညှစ်ပြီးသား မိခင်နို့ရည်ဆိုတာ သင့်လက်နှင့်ဖြစ်စေ ကိရိယာနှင့်ဖြစ်စေ နို့အုံကနေ ညှစ်ယူ ရရှိတဲ့ နို့ဖြစ်ပါတယ်။ ထုတ်ယူပြီးပြီဆိုတာနဲ့ ရေခဲသေတ္တာထဲမှာသိမ်းထားပြီး နောက်တစ်ခါကလေးကို ပြွန်၊ ဇွန်း၊ ခွက်၊ ဘူးတို့နဲ့တိုက်ကျွေးနိုင်ပါတယ်။ နို့ရည်ညှစ်ယူခြင်းက သားဦးမိခင်တွေအတွက် ခက်ခဲနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ နို့ရည်ညှစ်ယူရာမှာ ကျွမ်းကျင်စေဖို့ သင်သိသင့်တဲ့ အချက်တွေဖြစ်ပါတယ်။

    ၁။ သင့်ရဲ့ နို့ရည်ကို ဘာလို့ထုတ်ယူထားသင့်သလဲ။

    တစ်ခါတစ်လေမှာသင့်ကလေးကို နို့တိုက်ချိန်ရောက်နေပေမယ့် သင်ကအနားမှာမရှိတာ ဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ရေခဲသေတ္တာထဲမှာအသင့်ညှစ်ထားပြီးသား နို့ရည်ရှိမယ်ဆိုရင် သင့်ကလေးက နို့ရည်ရဲ့ ကောင်းကျိုး တော်တော်များများကိုရရှိမှာပါ။ ဒါ့အပြင် သင့်ရင်သားမှာ နို့ရည်တွေများပြားတင်းကြပ်နေမယ်ဆိုရင် မသက်မသာခံစားရနိုင်ပါတယ်။ နေ့မစေ့ဘဲမွေးတဲ့ ကလေးတွေနဲ့ ရောဂါဖြစ်ပွားနေတဲ့ ကလေးတွေကိုလည်း နို့တိုက်ကျွေးလို့ မရနိုင်ပါဘူး။ ဒါကြောင့် အသင့်ထုတ်ယူထားတဲ့ နို့ရည်ဟာ အလွန်အသုံးဝင်လာခြင်းဖြစ်ပါတယ်။

    ၂။ နို့ရည်ကိုဘယ်လိုညှစ်ယူမလဲ

    ပထမဆုံးအချက်ကတော့ လက်ကိုစင်ကြယ်စွာဆေးကြောဖို့ပါပဲ။ လက်ကိုပဲအသုံးပြုတာဟာ ဈေးအသက်သာဆုံးနည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့ဘူး ၊ အိတ် သို့မဟုတ် အဖုံးပါတဲ့ နို့ဘူးထည့်စရာသေတ္တာတစ်ခုခုကလွဲလို့ ဘာပစ္စည်းမှ ထပ်မလိုလို့ ဖြစ်ပါတယ်။ ဒါပေမယ့် လက်နဲ့ညှစ်ယူ ခြင်းက ခက်ခဲတတ်ပါတယ်။ နည်းလမ်းကတော့ နို့ထိပ်ခေါင်းရဲ့ နောက်ဘက်ကပ်လျက် နို့ပြွန်တွေပေါ်ကို ညှင်သာစွာဖိနှိပ်ပေးရမှာ ဖြစ်ပြီးနို့ထိပ်ဖူးကို မဟုတ်ပါဘူး။ စုပ်ယူတဲ့ ကိရိယာသုံးတာက ပိုလွယ်ကူစေပါတယ်။ လျှပ်စစ်အားသုံးကိရိယာဆိုရင် စုပ်ခွက်ကိုသင့်ရဲ့ရင်သားပေါ်တင်ပြီး စက်ဖွင့်ထားလိုက်ပါ။ သင့်ရင်သား ၂ဖက်လုံးက နို့ရည် ညှစ်ယူဖို့ဆိုရင် ၄၅မိနစ်ခန့် ကြာနိုင်ပါတယ်။ အချိန်မတွက် စိတ်မပူပါနဲ့။ နို့ကောင်းကောင်းထွက်နေသမျှ စုပ်ထုတ်ပါ။ ထွက်တဲ့ ပမာဏနည်းလာပြီဆိုရင် နောက်တစ်ဖက်ကိုပြောင်းပါ။ နို့ရည်များများရဖို့ ဒါမျိုး ၂ခေါက်ခန့် လုပ်ပေးသင့်ပါတယ်။

    ၃။ နို့ရည်ကို ဘယ်လိုသိမ်းဆည်းမလဲ။

    အဖုံးလုံအောင်ပိတ်ထားတဲ့ ပလတ်စတစ်ဘူးထဲမှာ နို့ကကြာရှည်ခံဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမထည့်ခင် သင်ညှစ်ယူတဲ့နေ့ကို နို့ဘူးပေါ်မှာရေးမှတ်ပေးဖို့ မမေ့ပါနှင့်။ ဒါမှသာ အစောဆုံးဘူးကို အရင်ဆုံးသုံးစွဲဖို့ သတိရမှာ ဖြစ်ပါတယ်။ နို့ရည်ဟာ ၄ ဒီဂရီစင်တီဂရိတ် အပူချိန်မှာ ၅ ရက်ခန့် အထားခံပါတယ်။ အခဲခန်းထဲမှာသာ ထားမယ်ဆိုရင် နို့ရည်ဟာ ၂ ပတ်ကျော်ထိ အထားခံပါတယ်။

    အေးခဲထားတဲ့နို့ဟာကလေးတစ်ယောက် ရောဂါပိုးတွေတိုက်ခိုက်ဖို့ လိုအပ်တဲ့ ရောဂါကာကွယ်နိုင်အားတွေ ဆုံးရှုံးပါတယ်။ ဒါကြောင့် သင်အချိန်တိုတွင်းမှာ အသုံးပြုမယ်ဆိုရင် နို့ရည်ကိုမအေးခဲထားဖို့ အကြံပြုချင်ပါတယ်။ မည်သို့ဖြစ်စေ သင့်ကလေးအတွက် အေးခဲထားတဲ့ အသင့်ထုတ်ယူပြီးသား နို့ရည်ဟာနို့မှုန့်ထက် များစွာသာလွန်ပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Expressing breastmilk. http://www.babycentre.co.uk/a8791/expressing-breastmilk Assessed November 7, 2016.

    စာရေးသူ ဓာတ်ပုံbadge
    Phyo Wai Yan မှ ရေးသားသည်။ 03/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။