backup og meta

အလုပ်များတဲ့ မေမေတွေ မိခင်နို့ကို ဘယ်လိုသိမ်းဆည်း မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်များတဲ့ မေမေတွေ မိခင်နို့ကို ဘယ်လိုသိမ်းဆည်း မလဲ။

    မိခင်နို့ ဟာ မွေးကင်းစ ကလေးလေးတွေအတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖော်မွန်လေးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလေးလေးတွေရဲ့ အကောင်းဆုံး ကျန်းမာရေးကို ပေးစွမ်းနိုင်ဖို့ အတွက် အသက်၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်တယ်လို့ ကျန်းမာရေးအသိပညာပေးကြတာတွေ တွေ့ဖူးကြမှာပါ။ တကယ်လည်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးလေးကိုရော မေမေကိုပါ ကောင်းကျိုးတွေ များကြီးဖြစ်စေပါတယ်။

    ဒါပေမယ့် တစ်ခုရှိတာက ဒီနေ့ခေတ်ကြီးမှာ မိခင်တော်တော်များများက ကိုယ်ပိုင်အလုပ်တွေ လုပ်ပြီး စီးပွားရှာနေကြရတဲ့သူတွေ ဖြစ်နေကြတဲ့အတွက် တရားဝင်မီးဖွားခွင့် ပြည့်သွားတဲ့အခါ အလုပ်ပြန်ဆင်းရပြီး ကလေးလေးကို ခြောက်လ ပြည့်တဲ့အထိ အနီးကပ် နို့မတိုက်နိုင်ကြတာမျိုးတွေ ရှိကြပါတယ်။ အဲဒီလိုဆိုရင် အလုပ်လုပ်နေတုန်း ကလေးကို နို့လာတိုက်ဖို့က အဆင်မပြေတာမျိုး၊  ဒီလိုမှ မဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် ခဏတာ ကလေးနဲ့ မရှိနိုင်တာမျိုးမှာ ကလေးအတွက် မိခင်နို့ကို ကိုယ်တိုင်တိုက်နိုင်ဖို့ အတွက် အခက်အခဲတွေရှိလာပါတယ်။

    ဒါကြောင့် တန်ဖိုးရှိတဲ့ မိခင်နို့ တစ်မျိုးတည်းကို ၆လ ပြည့်အောင်မတိုက်ဘဲ နို့မှုန့်တွေ၊ အာဟာရမှုန့်တွေကို တိုက်လိုက်ရပါတယ်။အဲဒီလို မိခင်တွေအတွက် ကလေးနဲ့ အတူမရှိမယ့် အချိန်တွေမှာ ကလေးလေးမိခင်နို့သောက်နိုင်အောင် ကြိုတင်ပြင်ဆင်ပေးခဲ့လို့ရပါတယ်။

    အလုပ်များတဲ့ မေမေတွေ မိခင်နို့ကို ဘယ်လိုသိမ်းဆည်း မလဲ။

    မိခင်က သဘာဝအတိုင်း တိုက်ရိုက်တိုက်တာမျိုးမဟုတ်ဘဲ သိမ်းဆည်းထား ပြီးမှ တိုက်ရတာမျိုးဖြစ်တဲ့ အတွက် ကလေးအတွက် အန္တရာယ်မဖြစ်စေဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒီဆောင်းပါးလေးကတော့  ကလေးအတွက် ဘေးဥပါဒ် မဖြစ်စေဘဲ မိခင်နို့ကို ဘယ်လိုသိမ်းဆည်း မလဲ ဆိုတာကို ပြောပြပေးမှာပါ။

    ၁။ လက်ဆေးပါ။

    ပထမဆုံးအနေနဲ့ မိခင်နို့ကို မညှစ်ခင် မကိုင်ခင်မှာ လက်ကို ဆပ်ပြာ နဲ့ ရေနဲ့ သေသေချာချာဆေးကြောပေးရမှာပါ။ ဆပ်ပြာနဲ့ရေ မရနိုင်ရင်တော့ alcohol အနည်းဆုံး 60% ပါတဲ့ hand gel (လက်ဆေးရည်) နဲ့ဆေးကြောပေးရမှာပါ။ ဒီအဆင့်က အရမ်းကို အရေးကြီးပါတယ်။ လက်နဲ့ မညှစ်ဘဲ နို့ညှစ်ကိရိယာ တစ်မျိုးမျိုး အသုံးပြုမယ်ဆိုရင်တော့ သုံးမယ့် ပစ္စည်း ကိုပါ စင်ကြယ်အောင် ဆေးကြောပြီးမှ အသုံးပြုသင့်ပါတယ်။

    ၂။ နို့ညှစ်ပြီး စနစ်တကျ သိမ်းဆည်းပါ။

    နောက်ထပ် အရေးကြီးတဲ့ အဆင့်က အာဟာရဓာတ်တွေအများကြီးပါတဲ့ မိခင်နို့ကို အာဟာရဓာတ်တွေ မပျောက်မပျက်စေဘဲ အန္တရာယ်ကင်းအောင် ဘယ်လိုနေရာမှာ ဘယ်လောက်ကြာကြာထိပဲ သိမ်းသင့်သလဲ ဆိုတဲ့ အချက်လေးပါ။

    – နို့ကို ညှစ်ထုတ်ပြီးပြီဆိုရင် နို့ထည့်ဖို့အတွက် ထုတ်လုပ်ထားတဲ့ သန့်စင်တဲ့ အိတ် (သို့) ထည့်ခွက် (သို့) ဘူး တစ်ခုခုနဲ့ သိမ်းဆည်းနိုင်ပါတယ်။ ဘယ်လောက်ကြာအောင်ထားနိုင်လဲ ဆိုရင်တော့

    (၁) ချက်ချင်းညှစ်ထုတ်ထားတဲ့ လတ်လတ်ဆတ်ဆတ်နို့ ဆိုရင်တော့ အခန်းအပူချိန် ၂၅ဒီဂရီ စင်တီဂရိတ်အောက်မှာ လေးနာရီ ကြာအောင်ထားနိုင်ပါတယ်။ ၄နာရီ ကျော်သွားရင်တော့ ကလေးကို မတိုက်သင့်တော့ပါဘူး။

    (၂) ရေခဲသေတ္တာထဲ(၄ဒီဂရီစင်တီဂရိတ်အောက်) မှာ သိမ်းထားမယ်ဆိုရင်တော့ ၄ ရက်ထိသိမ်းထားနိုင်ပါတယ်။

    (၃) Freezer ထဲမှာ ခဲပြီး ထားမယ်ဆိုရင်တော့ ၆လ အထိထားလို့ရပါတယ်။ နို့ဘူးမှာ စတင်သိမ်းဆည်းတဲ့ ရက်စွဲ နဲ့ အချိန်ကိုတော့ သေသေချာချာ ရေးကပ်ထားဖို့ အရေးကြီးပါတယ်။

    ကလေးစို့ပြီး ကျန်တဲ့နို့တွေဆို ရေခဲသတ္တာထဲမှာ ၂နာရီထိ သိမ်းထားလို့ရပါတယ်၊၊

    ၃။ ခဲပြီး သိမ်းဆည်းထားတဲ့ မိခင်နို့ကို ကလေးလေးကို မတိုက်ခင် ဘာတွေ ဂရုစိုက်ဖို့လိုမလဲ

    ကလေးလေးကို မတိုက်ခင်မှာ ခဲထားတဲ့နို့ကို ပြန်ပြီး အရည်ပျော်အောင်လုပ်မယ်ဆိုရင်တော့ ရေခဲသေတ္တာ အောက်ထပ်မှာ တစ်ညလောက်ထည့်ထားပြီး ဖြစ်စေ၊ သန့်စင်တဲ့ မပူမအေး ရေထဲမှာ ထည့်ပြီး ခဏစိမ်ထားပြီးဖြစ်စေ၊ ရေဖြင့် ဆေးချပြီးဖြစ်စေ စတဲ့ နည်းတွေနဲ့ အရည်ပြန်ဖြစ်အောင် လုပ်နိုင်ပါတယ်။

    သတိထားရမှာလေးက Microwave ထဲထည့်ပြီး အပူပေးလိုက်မယ်ဆိုရင်တော့ မိခင်နို့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့အတွက် microwave ထဲထည့်ပြီး လုံး၀ အပူမပေးကြဖို့ပါ။ မီးဖိုပေါ်တင်ပြီး ပြုတ်တာလည်း မလုပ်ရပါဘူး၊၊

    အခဲကနေအရည် ဖြစ်သွားပြီ ဆိုရင်တော့ ၂၄ နာရီ အတွင်း နို့ကို တိုက်ကျွေးရမှာပါ။ အရည်ပြန်ဖြစ်ပြီး အခန်းအပူချိန်မှာပဲ ဆက်ထားမယ်ဆိုရင်တော့ ၂နာရီ အတွင်း အသုံးပြုပေးသင့်ပါတယ်။ ရေခဲသေတ္တာထဲမှာဆိုရင် ၁ရက်ထားလို့ရပါတယ်၊၊ အရည်ပြန်ဖျော်ပြီးသား နို့ကို freezer ထဲထည့်ပြီး ပြန်ခဲထားတာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။

    ၄။ နို့တိုက် ပစ္စည်းတွေကို သေချာ ဆေးကြောကြမယ်။

    နို့တိုက်ပြီးပြီ ဆိုရင်တော့ နောက်ဆုံးအချက်အနေနဲ့ ကလေးလေးအတွက် နို့တိုက်ဖို့ အသုံးပြုထားတဲ့ ပစ္စည်းအားလုံးကို သန့်စင်အောင် ဆေးကြောနည်းလေးပြောပြချင်ပါတယ်။ နောက်တစ်ခေါက်ပြန်အသုံးပြုတဲ့အချိန်မှာ ကလေးလေးကို ဘေးဥပါဒ် မဖြစ်စေဖို့ အတွက် ဒီအချက်လေးကို လည်း မမေ့မလျော့ ဂရုစိုက်သင့်ပါတယ်။

    – ပစ္စည်းတွေ မဆေးကြောခင် အရင်ဆုံး လက်ဆေးပါ။

    -နို့တိုက်ပစ္စည်းတွေ အားလုံးကို အစိတ်အပိုင်း တစ်ခုချင်းစီ ဖြစ်အောင် အရင် ဖြုတ်ပါ။

    – ကလေးအတွက်သီးသန့်အသုံးပြုတဲ့ ဘေစင် (သို့) ဇလုံထဲမှာ ရေနဲ့ ဆပ်ပြာသုံးပြီး သေသေချာချာဆေးကြောပါ။ ကလေးလေး နို့တိုက်ပစ္စည်းတွေ အတွက် သီးသန့် အသုံးပြုမယ့် သန့်စင်တဲ့ brush လေးအသုံးပြုပြီး ဆေးကြောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရေပိုက်ဖွင့်ချပြီး နောက်တစ်ကြိမ်ထပ်ဆေးပေးရပါမယ်။

    – ဆေးပြီး ပစ္စည်းတွေကို ဖုန်တွေ အညစ်အကြေးတွေ မရှိတဲ့ နေရာမှာ ခဏ အခြောက်ခံထားနိုင်ပါတယ်။

    ဆေးကြောပြီးတဲ့ အခါ နောက်အဆင့် တစ်ခုက ပစ္စည်းတွေကို ပိုးသတ်ပေးရမှာပါ။ ပုံမှန် ၃လ အထက်ကလေးလေးတွေ အတွက် တစ်ပတ် ၂ခါလောက်ပဲ ပိုးသတ်ပေးရင် အဆင်ပြေပေမယ့် ၃ လအောက်ကလေးတွေ၊ လမစေ့ဘဲ မွေးထားတဲ့ ကလေးလေးတွေ၊ ခုခံအားနည်းတဲ့ ကလေးတွေဆိုရင်တော့ နေ့တိုင်း မဖြစ်မနေ ပိုးသတ်ပေးဖို့လိုအပ်ပါတယ်။ ရေနွေးဆူဆူမှာ ၅ မိနစ်အကြာပြုတ်ပြီး ဖြစ်စေ၊ microwave သုံးပြီး ပစ္စည်းအညွှန်းပါ အတိုင်း ပေါင်းခံပြီး ဖြစ်စေ ပိုးသတ်ပေးနိုင်ပါတယ်။

    ဒီဆောင်းပါးလေးကို ဖတ်ပြီး မေမေတိုင်းရဲ့ အဖိုးတန်ရတနာလေးတွေကို ကိုယ်တိုင်ကိုယ်ကျ နို့မတိုက်နိုင်ရင်အောင် အန္တရာယ်ကင်းကင်းနဲ့ အသက် ၆ လထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးခြင်းပြီး ကျန်းမာတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင် ပျိုးထောင်ကြပါစို့လား။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement