backup og meta

နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ နှင့် မစားသင့်သည့် အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ နှင့် မစားသင့်သည့် အစားအစာများ

    မွေးကာစကလေးတွေအတွက် မိခင်နို့ရည်က အာဟာရဓာတ်အပြည့်ဆုံး ရင်းမြစ်ဖြစ်ပါတယ်။ နို့တိုက်မိခင်တွေက အများအားဖြင့် အစားရှောင်စရာ မလိုပါဘူး။ နို့တိုက်နေချိန်မှာ လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ စားပေးတာက မိခင်ကိုရော ကလေးကိုပါ ကျန်းမာစေပါတယ်။ ဒါပေမယ့် နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ နှင့် မစားသင့်သည့် အစားအစာများ ဆိုပြီး ရှိပါတယ်။ ဆိုလိုတာက တချို့သော အစားအစာတွေက မိခင်ကို နို့ထွက်ကောင်းစေတာကြောင့် ပုံမှန်စားပေးဖို့ လိုပါတယ်။ တချို့သော အစားအစာတွေကတော့ နို့စို့ကလေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ဖို့ လိုပါတယ်။

    နို့တိုက်မိခင်များ စားသင့်သည့်အစားအစာ ထိပ်တန်းအစားအစာများ

    • ငါး

    ငါးမှာ ပရိုတိန်းတွေ၊ အိုမီဂါ (၃) နဲ့ မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တွေ ပါဝင်နေတဲ့အတွက် နို့တိုက်နေချိန်မှာ စားပေးသင့်ပါတယ်။ စားတဲ့အခါ ရေချိုငါးကို ဦးစားပေးစားပါ။ ပင်လယ်ငါးတွေနဲ့ ပင်လယ်စာတွေမှာ မာကျူရီပါတတ်လို့ပါ။

    • အုတ်ဂျုံ

    သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို သိသာစွာ လျော့နည်းစေတဲ့ အမျှင်တွေ၊ ကာဗိုဟိုက်ဒရိတ်တွေနဲ့ ပရိုတိန်းတွေရဲ့ တကယ့်ရင်းမြစ်ကောင်း တစ်ခုပါ။ အထူးသဖြင့် အဝလွန်တဲ့ ကိုယ်ဝန်ဆောင်တွေ၊ သွေးတိုး၊ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ နို့တိုက်ချိန်မှာ စားပေးသင့်ပါတယ်။

    • ကြက်သွန်ဖြူ

    ကြက်သွန်ဖြူစားလေ့ရှိတဲ့ မိခင်တွေရဲ့ ကလေးတွေက အခြားသောကလေးတွေထက် နို့သောက်နှုန်း ပိုများတယ်လို့ ဆိုကြပါတယ်။ လေ့လာချက်တွေအရတော့ ဒါဟာ မိခင်နို့ရဲ့ အရသာ အပြောင်းအလဲကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

    • ဟင်းသီးဟင်းရွက်များ

    ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်ကြွယ်ဝပြီး glycemic index (သွေးတွင်း သကြားဓာတ်မြင့်တက်စေနိုင်တဲ့စနစ်) နည်းပါးပါတယ်။ ဒါ့ပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ ဒါကြောင့် မိခင်တွေဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့စဉ်ပါဝင်အောင် စားသုံးသင့်ပါတယ်။ မိခင်စားသုံးတဲ့အစားအစာတွေထဲမှာ ကလေးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝပါဝင်နေဖို့ကလည်း အရေးကြီးလှပါတယ်။

    နို့တိုက်မိခင်များ မစားသင့်သည့် အစားအစာများ

    • ကဖိန်းဓာတ်မြင့်မားစွာ ပါဝင်တဲ့စားစရာများ

    ဥပမာ- ကော်ဖီ၊ ချောကလက်၊ အသင့်ဖျော်လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်များ။ မိခင်စားသုံးလိုက်တဲ့ ကဖိန်းဓာတ်ရဲ့ အချို့သောပမာဏဟာ နို့ရည်ထဲမှာ ပါဝင်သွားပြီး ကလေးဆီ ရောက်နိုင်ပါတယ်။ ဒီကနေ သူတို့ရဲ့ အိပ်စက်ခြင်းကို သက်ရောက်စေနိုင်ပါတယ်။

    • အယ်လ်ကိုဟောပါဝင်သော စားစရာများ

    နို့တိုက်ချိန်မှာ အရက်မသောက်တာကတော့ အကောင်းဆုံးပါ။ ဒါပေမယ့် ရံဖန်ရံခါ သောက်တာက ကလေးကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။ ရံဖန်ရံခါဆိုတာ တစ်ပတ်ကို ၁−၂ကြိမ်၊ ၁ကြိမ်ကို ၂ယူနစ်ထက် မပိုတဲ့ ပမာဏ ဖြစ်ပါတယ်။  (၁ယူနစ်= ဝိုင် 125 ml (သို့) အရက် 25ml (သို့) ဘီယာ ခွက်တစ်ဝက်)

    ဖြစ်နိုင်မယ်ဆိုရင် အရက်သောက်တဲ့အချိန်နဲ့ နို့တိုက်ချိန်နဲ့ ၂−၃နာရီလောက် ခွာသင့်ပါတယ်။ နောက်တစ်ခုက အရက်မသောက်ခင်မှာ နို့ကို ညှစ်ပြီး အပြင်မှာ သိမ်းထားပါ။ ကလေးနို့တိုက်ရမယ့်အချိန်ဆို ညှစ်ထားတာကို တိုက်ရုံပါပဲ။ ဒါဆို အရက်ပါမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။

    နောက်ထပ် အရေးကြီးတဲ့အချက်က အရက်မူးနေချိန်မှာ နို့မတိုက်ဖို့ပါ။ မိခင်မူးနေတာကြောင့် ကလေးကို ဖိမိပြီး ရုတ်တရက် သေဆုံးတာ SIDS ဖြစ်နိုင်ပါတယ်။

  • ပင်လယ်ငါး
  • ပင်လယ်ငါးတွေမှာ မာကျူရီပါတဲ့အတွက် နို့တိုက်ချိန်မှာ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။ ငါးသေတ္တာတို့၊ တူနာတို့ဆို တစ်ပတ်ကို ၂ကြိမ်၊ တစ်ကြိမ်ကို ၆ဂရမ် (၂တုံးစာ) လောက်ပဲ စားသင့်ပါတယ်။ ပင်လယ်ငါးကြီးတွေကိုတော့ တစ်ပတ်ကို ၁ကြိမ်လောက်ပဲ စားသင့်ပါတယ်။

    သတင်းစကား

    နို့တိုက်မိခင်တွေက အစားအလွန်အကျွံရှောင်စရာ မလိုပါဘူး။ သာမန်အချိန်တွေလိုပဲ အစုံစား၊ အာဟာရမျှတအောင် စားရမှာပါ။ တစ်ခုရှိတာက ကိုယ်စားလိုက်တဲ့ အစားအစာက ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်နေလဲဆိုတာကို စောင့်ကြည့်သင့်ပါတယ်။ ကလေးတိုင်းတော့ မဟုတ်ပေမယ့် တချို့ကလေးတွေက အမေစားသမျှကို လိုက်ပြီး တုံ့ပြန်တတ်ပါတယ်။
    ဥပမာ အမေက ငရုတ်သီးစားရင် ကလေးဗိုက်အောင့်တာ၊ အမေက နွားနို့သောက်ရင် ကလေးဝမ်းလျှောတာ။ ဒီလိုတိုက်ဆိုင်တာလေးတွေ ရှိရင်တော့ သတိထားပြီး ရှောင်ကျဉ်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement