backup og meta

15 လအရွယ်ကလေးငယ်


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    15 လအရွယ်ကလေးငယ်

    ၁၅လသားကလေးငယ်လေးကို စောင့်ရှောက်ဖို့ ဘာတွေသိဖို့လိုအပ်သလဲ။

    ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူ

    ကလေးကြီးထွားဖွံ့ဖြိုးလာဖို့ ဘယ်လိုလုပ်သင့်လဲ။

    သင့်ကလေးဟာခုတော့၁၅လပြည့်ခဲ့ပါပြီ။ ခုချိန်မှာသူဟာလမ်းလျှောက်နေနိုင်ပြီဖြစ်သလိုလမ်းလျှောက်စပြုနေတာလည်းဖြစ်နိုင်ပါတယ်။ သူလမ်းလျှောက်ဖို့ အခန်းလေးလုပ်ထားပေးပါ။ သူလဲကျရင်လည်းလဲကျပါစေ။ ဒီလိုနဲ့ပဲသူ့ပတ်ဝန်းကျင်ကို သူလေ့လာနိုင်ပြီးတဖြည်းဖြည်းနဲ့ အံဝင်ခွင်ကျဖြစ်လာမှာပါ။ သေတ္တာလေးတွန်းပြီးတော့ပဲဖြစ်ဖြစ် တွန်းလှည်းလေးနဲ့ပဲဖြစ်ဖြစ်သင်သူ့ကိုကူညီနိုင်ပါတယ်။ ဒါကသူအလျင်အမြန်တိုးတက်လာဖို့ အကူအညီဖြစ်မှာပါ။

    သင့်ကလေးဟာခုဆိုအရင်ကထက်ပိုပြီးကိုယ့်ဖာသာရပ်တည်နိုင်နေတာကိုတွေ့ရမှာပါ။ သူဟာထမင်းစားပွဲမှာသူ့ကလေးထိုင်ခုံမှာထိုင်ရတာနဲ့စာရင် သင်နဲ့တူတူထိုင်ချင်နေပါလိမ့်မယ်။ ဒီအချိန်မှာသင်ဟာသူနဲ့အပြိုင် ပါဝါလုရတော့မှာပါ။ ဒီလိုအခြေအနေမျိုးဟာကလေးကိုကားခုံပေါ်မှာထိုင်ခိုင်းတာဒိုင်ပါလဲပေးရာသွားတိုက်ပေးဖို့ကြိုးစားတာစတဲ့အချိန်မျိုးတွေမှာအများဆုံးကြုံတွေ့ရပါတယ်။ အရမ်းကြီးလည်းစိတ်မပျက်ပါနဲ့။ သင့်ကလေးကသူဟာအကူအညီမပါဘဲနေနိုင်တယ်ဆိုတာကို ပြနေတာပါ။ ဒီအချိန်မှာသင်ကပျာယာမခတ်သွားဖို့အရေးကြီးပါတယ်။ အေးအေးဆေးဆေးနဲ့ သင့်ရဲ့အမိန့်သံပါနေတဲ့စကားကိုမေးခွန်းပုံစံလေးပြောင်းပြီးပြောကြည့်ပါ။ ဥပမာ “သွားတိုက်စမ်း”လို့ပြောမဲ့အစား “ပျော်ဖို့ကောင်းတာလေး တစ်ခုခုလုပ်ကြရအောင်လေ မေမေတို့သွားအတူတူတိုက်ကြမလား” စသဖြင့် ပြောင်းပြောကြည့်ပါ။ အနည်းဆုံးတော့ Mood ပြောင်းသွားတာကိုတွေ့ရမှာပါ။

    သင့်ရဲ့ ၁၅နှစ်အရွယ်ကလေးငယ်လေးဟာ အောက်ပါအချက်တွေကိုလည်းလုပ်နေနိုင်ပါတယ်။

  • အနည်းဆုံး စကား၃လုံးပြောနိုင်ပါတယ်။
  • ရိုးရှင်းတဲ့ စကားလုံးလေးတွေကိုနားလည်ပါတယ်။ (မဟုတ်ဘူး ။ ပေး။ )
  • ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ပြတတ်ပါတယ်။
  • ရောင်စုံခဲတံလေးတွေနဲ့ လျှောက်ခြစ်တတ်ပါတယ်။
  • ဘောလုံးပစ်တာ၊ ပြေးတာ၊ လှေကားတက်တာစသဖြင့် လုပ်နိုင်ပါတယ်။
  • သူ့ဖာသာလမ်းလျှောက်နိုင်ပါတယ်။
  • ကလေးကိုဘယ်လိုထောက်ပံ့ပေးမလဲ။

    သင့်ကလေးကိုထောက်ပံ့ဖို့အကောင်းဆုံးနည်းလမ်းကတော့ စာအုပ်လေးတွေ ပုံမှန်ဖတ်ပြပါ။ ဒီအရွယ်ကလေးတချို့ဟာ ငြိမ်ငြိမ်လေးထိုင်နေနိုင်ပေမဲ့ တချို့ကတော့ ထိုင်နိုင်ဦးမှာမဟုတ်သေးပါဘူး။ ဒါကြောင့် သင်စာဖတ်ပြနေတဲ့အချိန်မှာသင့်ကလေးကတည့်တည့်မတ်မတ်လေးမထိုင်နိုင်ဘူးဆိုရင်လည်းစိတ်မလျှော့လိုက်ပါနဲ့။ ဇွဲရှိရှိနဲ့ လုပ်ပါ။ သင့်ကလေးကိုစာအုပ်တွေဖတ်ဖတ်ပြရင်း ကြာလာတဲ့အခါမှာသူဟာငြိမ်ငြိမ်လေးထိုင်ပြီးပုံပြင်နားထောင်ရတာသဘောကျလာမှာပါ။ နောင်နှစ်ပေါင်းများစွာကြာတဲ့ထိစာဖတ်ခြင်းဟာသင်တို့နှစ်ယောက် အတူတူလုပ်ဖူးတဲ့အလုပ်တွေထဲကအကောင်းဆုံးလုပ်ရပ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ကလေးငယ်လေးတွေဟာပုံပြင်တစ်ပုဒ်တည်းကိုပဲခဏခဏနားထောင်ချင်နေတတ်ကြပါတယ်။ ဒါကိုပဲအထပ်ထပ်ပြောပြခြင်းကနေသူစကားလုံးတွေကိုသင်ယူပြီးပုံပြင်နဲ့ ရင်းနှီးလာပါတယ်။ “အဟားအဲ့လိုဖြစ်မယ်ဆိုတာသားသိနေတယ်” ဆိုတာလေးကကျေနပ်စရာပါ။

    သင့်ကလေးငယ်လေးဟာတစ်ယောက်တည်းစိတ်ကူးတွေနဲ့နေပြီးတိတ်ဆိတ်နေတတ်ရင် ကလေးကိုရှက်တတ်လိုက်တာလို့ တံဆိပ်မကပ်ပါနဲ့။ အခြားလူတွေကိုနွေးနွေးထွေးထွေးဆက်ဆံတတ်ဖို့ နည်းနည်းကြာတတ်မှာဖြစ်ပေမဲ့ ကလေးငယ်အများစုက ပတ်ဝန်းကျင်အသစ်ကိုရောက်သွားရင် ရှက်ကြောက်သလိုပြုမူတတ်ကြပါတယ်။ ခွဲခြားတတ်တဲ့စိုးရိမ်စိတ်ကသူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ ပြောရဲဆိုရဲစိတ်လေးတွေကိုပိုပြီးပျောက်ကွယ်သွားအောင်လုပ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုကင်းမဲ့စေပြီးပိုပြီးလည်းလူကြောက်တတ်သွားစေတယ်။

    စိတ်ဖိစီးစရာကောင်းတဲ့ ပတ်ဝန်းကျင်အခြေအနေကိုရောက်နေပြီဆိုရင် သင်နားလည်ကြောင်းသူသိအောင်ပြောပါ။ သူ့လက်လေးကိုကိုင်ပြီး “ ဒီပွဲကအရမ်းဆူတယ်နော် ဟုတ်တယ်မလား” စသဖြင့် ပြောပေးပါ။ ဒီအခြေအနေတွေနဲ့ရင်းနှီးဖို့ သူ့အတွက် အချိန်ပိုပေးပါ။ တွန်းအားတွေမပေးပါနဲ့။ တစ်ယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေနေတာနဲ့စာရင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲ ရောနှောနိုင်ရင် ချီးကျူးပေးပါ။ သင့်ကလေးကိုအားပေးဖို့ ဘောလုံးလေးတွေဝယ်ပေးသင့်ပါတယ်။ ဘောလုံးကိုလှိမ့်လိုက်ပြီးသင့်ဆီပြန်လာတဲ့အခါ သင့်ကလေးကိုဘယ်လိုပြန်ဖမ်းရလဲသင်ပေးခြင်းအားဖြင့် အားပေးပါ။ သူဟာဘောလုံးကိုအချိန်တိုင်းဖမ်းမိနေမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူဘောလုံးကိုလိုက်ဖမ်းနေရတာနဲ့တင် ပျော်ရွှင်နေပါလိမ့်မယ်။

    ကိုက်တတ်တဲ့ အကျင့်မဖြစ်အောင်လုပ်ပါ။ ပထမဆုံးအကိုက်ခံရတဲ့ကလေးကိုအာရုံစိုက်ပေးပြီးတစ်ခုခုဖြစ်သွားသေးလားကြည့်ပါ။ ကလေးနှစ်ယောက်လုံးအပေါ် အေးအေးဆေးဆေးဆက်ဆံပါ။

    ကိုက်တဲ့ကလေးကိုအော်လိုက်ခြင်းဆူလိုက်ခြင်းနဲ့ အပြစ်ပေးလိုက်ခြင်းဟာ သူ့ကိုပိုဒေါသထွက်စေပြီးထိန်းချုပ်ရခက်ခဲတာမျိုးအနည်းငယ်ဖြစ်နိုင်ပါတယ်။ လက်တွေ့မှာကိုက်တဲ့ကလေးကအကိုက်ခံရတဲ့ကလေးထက်ပိုပြီးငိုတတ်ပါတယ်။ “မကိုက်ရဘူးနော်”လို့ခပ်တင်းတင်းလေးပြောပြီးအာရုံလွှဲပေးလိုက်ပါ။ ဒီကိစ္စတွေဖြစ်တဲ့အချိန်မှာဘာတွေဖြစ်ခဲ့တာလဲဆိုတာမှတ်သားပါ။ သင့်ကလေးကအနိုင်ကျင့်ခံရတာလားအစခံရတာလားဒါမှမဟုတ် သူ့နေရာကိုလာကျူးကျော်လို့လား။ အဲ့ဒီအချိန်ကနေ့ခင်းတစ်ရေးအိပ်ချိန်နဲ့များနီးနေသလား။ ဖြစ်ပွားရတဲ့အကြောင်းရင်းကိုသိပြီဆိုတာနဲ့ ပြဿနာကိုဖြေရှင်းနိုင်မှာပါ။

    ကျန်းမာရေးနှင့်လုံခြုံရေး

    ဆရာဝန်နဲ့ဘာတွေတိုင်ပင်ဆွေးနွေးသင့်သလဲ။

    ခုကသင့်ကလေး၁၅လပြည့် စစ်ဆေးရမယ့်အချိန်ပါ။ သင့်ဆရာကအောက်ပါမေးခွန်းတွေမေးနိုင်ပါတယ်။

    • သင့်ကလေးအစာစားချင်စိတ်ဘယ်လိုရှိလဲ။ တစ်ရက်ကိုထမင်းနဲ့ မုန့်တွေ ဘယ်နှစ်ကြိမ်လောက်စားလဲ။
    • ပုံမှန်ဝမ်းသွားသလား။ ကျွေးတဲ့အစာပေါ်မူတည်ပြီးပြောင်းလဲသေးသလား။
    • အိပ်ချိန်နဲ့ နေ့ခင်းအိပ်ချိန်တွေဘယ်လိုရှိလဲ။ ၁နှစ်ကနေ ၂နှစ်ကလေးတွေဟာတစ်ရက်ကို ၁၃နာရီကနေ ၁၄နာရီထိ မျက်လုံးအိပ်ဖို့လိုအပ်ပါတယ်။

    ဒီမေးခွန်းတွေဟာကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအခြေအနေတွေကိုအကဲဖြတ်တဲ့နေရာမှာအကူအညီပေးပါလိမ့်မယ်။ သင့်မှာရှိနေတဲ့ အခြားစိတ်ပူစရာအခြေအနေတွေကိုလည်းပြောပြတိုင်ပင်နိုင်ပါတယ်။

    ဘာတွေသိသင့်လဲ။

    ဒီလမှာသင့်ကလေးဟာဖွံ့ဖြိုးတာအရမ်းမြန်နေပါလိမ့်မယ်။ ၁၅လမှာ သင့်ကလေးရဲ့အတိုင်းအတာတွေဟာ

    • အလေးချိန် : 9.2kg မှ 13.6kg ထိ (ကျား)
    • 8.6kg မှ 12.5kg ထိ (မ)
    • အရပ်အမြင့် : 74cm မှ 84cm (ကျား)
    • 73cm မှ 83cm (မ)
    • ဦးခေါင်းအတိုင်းအတာ : 45cm မှ 50cm (ကျား)
    • 44cm မှ 48cm (မ)

    ဖွံ့ဖြိုးမှုပြဇယားဟာသင့်ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာဘယ်လောက်ဖွံ့ဖြိုးလာလဲဆိုတာသင့်ကိုပြပါလိမ့်မယ်။ ကလေးအထူးကုကသင့်ကလေးဟာကျန်းကျန်းမာမာနဲ့ပုံမှန်ကြီးထွားလာသလားဆိုတာသိဖို့ ကလေးရဲ့ အလေးချိန် အရပ်အမြင့်နဲ့ ဦးခေါင်းအရွယ်အစားကိုတိုင်းတာပါလိမ့်မယ်။ လွန်ခဲ့တဲ့ ၁၅လကနဲ့ ခုအတိုင်းအတာတွေနဲ့ ဘယ်လောက်ကွာခြားလဲဆိုတာနှိုင်းယှဉ်ကြည့်လိုက်ပါ။

    စိုးရိမ်ပူပန်မှုများ

    ဘာကိုစိတ်ပူနေတာလဲ။

    သင့်ကလေးကိုကိုက်တတ်တဲ့ကလေးတစ်ယောက်မဖြစ်လာအောင်ဘယ်လိုထိန်းရမလဲလို့ သင်စိတ်ပူကောင်းစိတ်ပူနေပါလိမ့်မယ်။ ဒါကအကျင့်ကောင်းတစ်ခုမဟုတ်တာတော့သေချာပါတယ်။ သင့်ကလေးကိုက်ရတဲ့အကြောင်းရင်းဟာသူအနိုင်ကျင့်ခံရတာအစခံရတာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ သူကဘယ်လိုပြန်ပြောရမယ်မှန်းသိမှာမဟုတ်ပါဘူး။ သဘာဝအကျဆုံး တုံ့ပြန်မှုကတော့ (ပုံမှန်အားဖြင့်) ကိုက်ပစ်တာပါပဲ။ ဒါကိုထိန်းဖို့အကောင်းဆုံးနည်းလမ်းကတော့ ပထမဆုံးသင့်ကလေးကိုက်လိုက်တဲ့လူတစ်ခုခုဖြစ်သွားသေးလားသေချာအောင်လုပ်ပါ။ ပြီးတော့ သင့်ကလေးကိုလေသံတင်းတင်းလေးနဲ့“မကိုက်ရဘူး”လို့ပြောပါ။ အော်ဟစ်နေဖို့ မလိုပါဘူး။ သင့်လေသံကနေပြီးဒါဟာမကောင်းတဲ့အကျင့်မှန်းသူသိသွားပါလိမ့်မယ်။ နောက်တော့ ဘာကြောင့်သင့်ကလေးကအနှောက်အယှက်လို့ခံစားနေရတာလဲဆိုတာနားလည်အောင်လုပ်ပါ။ တစ်ခါတလေမှာကိုက်တဲ့လူကအကိုက်ခံရသူထက် ပိုပြီးငိုတတ်ပါတယ်။ အကိုက်ခံရတာဘယ်လိုခံစားရသလဲသိအောင်ဆိုပြီးတော့တော့ သင့်ကလေးကို ပြန်မကိုက်ပြလိုက်ပါနဲ့။ အဲ့လိုလုပ်လိုက်ခြင်းဟာကိုက်လိုက်တာကအဆင်ပြေတယ်ဆိုပြီးနားလည်မှုလွဲသွားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement