backup og meta

ဘေဘီလေး ဘူးမှုတ်လို့ မေမေ့ဆံပင်ကျွတ်တာ မဟုတ်ရပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး ဘူးမှုတ်လို့ မေမေ့ဆံပင်ကျွတ်တာ မဟုတ်ရပါ

    ပုခက်ထဲကဘေဘီလေးတွေ လုပ်နေကျ အလုပ်တစ်ခုက အားတိုင်း ပါးစပ်က ဘူးမှုတ်နေတာပါပဲ။ တဘူးဘူးနဲ့ ထိုင်မှုတ်နေရင်း တံတွေးတွေထွက်၊ ပူဖောင်းလေးတွေတောင်ဖြစ်နေသေး။ ဒီနေရာမှာ ဘယ်ကအစပြုခဲ့မှန်းမသိတဲ့ အယူအဆတစ်ခုကဝင်လာပါတယ်။ “ဘူးမမှုတ်နဲ့ သမီးရယ်မေမေ့ကိုချစ်တယ်ဆို”ဆိုတဲ့ သီချင်းသံလိုပဲ… ကလေးက ဘူးမှုတ်ရင်မေမေ့ဆံပင်တွေကျွတ်လိမ့်မယ်၊ တစ်ခေါင်းလုံးပြောင်ရပါလိမ့်မယ်တဲ့။ ကလေးက ဘူးမှုတ်လေ မိဘဆံပင်ကျွတ်လေ ဆိုတာ ဘယ်သူကပြောလိုက်ပါလိမ့်။

    ကလေးလေးတွေ ဘူးမှုတ်နေတာတွေ့ရင် အသံလေးကလည်းချစ်စရာ၊ စချင်စရာလေးလည်းဖြစ်နေတော့ တံတွေးလေးတွေသုတ်ပေးလိုက်ကြ၊ ဝိုင်းရယ်လိုက်ကြနဲ့၊မေမေတွေကလည်း ဆံပင်ကျွတ်မှာကြောက်လိုက်ကြနဲ့ပေါ့။ အမှန်က ကလေးမွေးပြီးရင်ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ရတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒီတော့ ကလေးက မှုတ်မှုတ် မမှုတ်မှုတ် ကျွတ်တာကကျွတ်မှာပါပဲ။ ဒီလိုတိုက်ဆိုင်မှုနဲ့တော့ဘေဘီလေးတွေဘူးမှုတ်တာကို မတားဆီးသင့်ပါဘူးနော်။

    ဘာလို့ မတားဆီးသင့်တာလဲ

    ဘူးမှုတ်တယ်ဆိုတာ ကလေးတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အကျိုးပြုပါဝင်တဲ့ အမူအကျင့်လေးတစ်ခုဖြစ်နေလို့ပါပဲ။ အသက် ၂ လလောက်ရှိတဲ့ကလေးတစ်ယောက်က ဘူးမှုတ်တယ်ဆိုတာ သူ့ရဲ့ပါးစပ်ကိုအသုံးချဖို့ စမ်းသပ်နေတဲ့သဘောပါပဲ။ သုတေသနတွေအရတော့ ကလေးတိုင်းဘူးမမှုတ်တတ်ပေမယ့် ဘူးမှုတ်တဲ့ကလေးတွေက စကားပိုတတ်မြန်တယ်လို့ သိရပါတယ်။ သူတို့လေးတွေက ပါးစပ်လှုပ်ရှားမှုတွေအမျိုးမျိုးကို စမ်းသပ်လုပ်ကြည့်ရင်း စကားပြောတတ်ဖို့ သင်ယူနေတာဖြစ်ပါတယ်။ အသက်ခြောက်လလောက်ဆို အသံပေါင်းစုံပြောင်းပြီး ထွက်တတ်နေလောက်ပါပြီ။

    အစာခြေစနစ်အတွက် ဘယ်လိုအကျိုးပြုလဲ

    ဘူးမှုတ်ခြင်းက ကလေးလေးရဲ့အစာချေဖျက်နိုင်စွမ်းမှာလည်းအရေးပါပါတယ်။ အစာချေဖျက်မှုဖြစ်စဉ်အတွင်းကစီဓါတ်ကို သကြားအဖြစ်ပြောင်းလဲနေစဉ်မှာ ပိုထွက်လာတဲ့တံတွေးက အစာအိမ်အက်စစ်တွေကို မလွန်ကဲအောင် ထိန်းညှိဖို့ အထောက်အကူပေးပါတယ်။ ကလေးတွေဘူးမှုတ်တဲ့အခါ တံတွေးပိုထွက်ပြီး အစာခြေရည်ပြန်ဆန်တက်ခြင်းကို ထိန်းချုပ်နိုင်ပြီး စားလိုက်တဲ့အစာတွေကိုပျော့စေတယ်ဆိုတော့ အစာကြေလွယ်တာပေါ့၊ သွားပျက်စီးမှုကိုကာကွယ်နိုင်ပါတယ်။

    ကလေးရဲ့ဖွံ့ဖြိုးမှုမှာ ဘူးမှုတ်ခြင်းက ဘယ်လိုအကျိုးပြုနေတာလဲ

    ဘေဘီလေးတွေက တဘူးဘူးနဲ့မှုတ်နေတဲ့အချိန်မှာ တစ်ခုခုကို အာရုံစိုက်နေသလိုလို မျက်နှာအမူအရာလေးကဖြစ်နေတတ်တယ်။ အသံမျိုးစုံလည်းလုပ်တယ်၊ မျက်မှောင်လည်းကျုံ့တယ်။ ဒီလို မျိုးစုံလုပ်နေတာဟာ ကလေးက လျှာ၊ နှုတ်ခမ်း၊ ပါး စတဲ့အစိတ်အပိုင်းတွေကို ထိန်းချုပ်အသုံးပြုနိုင်ဖို့လေ့ကျင့်နေတာဖြစ်ပါတယ်။

    (၁) မျက်နှာကြွက်သားလေ့ကျင့်ခန်း

    တဘူးဘူးမှုတ်နေရင်းနဲ့ဘေဘီလေးရဲ့နှုတ်ခမ်းကို လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ဖို့လိုအပ်တဲ့ ကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်စေပါတယ်။ ဒီအလေ့အကျင့်ကြောင့်ရေတိုက်တာလိုမျိုး ပန်းကန်လုံးနဲ့နှုတ်ခမ်းတေ့ပြီးရေ သို့မဟုတ် တခြားအရည်တွေသောက်တဲ့အခါ မဖိတ်မစဉ်သောက်နိုင်စေပါတယ်။

    (၂) စကားပြောလေ့ကျင့်ခန်း

    ဘူးမှုတ်ခြင်းက ကလေးရဲ့စကားပြောစွမ်းရည်ကို အထောက်အပံ့ဖြစ်စေပါတယ်။ တဘူးဘူး၊ တဂူးဂူး အော်ရင်းနဲ့ပဲ တခြားအသံတွေထွက်ကြည့်မယ်၊ ဘာ ဘာသာနဲ့မှန်းမသိတဲ့ ဗလုံးဗထွေးစကားတွေပြောမယ်၊ဖေဖေမေမေခေါ်ကြည့်လာမယ်။ တဖြည်းဖြည်းပေါ့။

    (၃) သွားပေါက်တော့မယ့် ရှေ့ပြေးလက္ခဏာ

    ကလေးက ဘူးမှုတ်တယ်ဆိုတာ သွားပေါက်ဖို့ အထောက်အကူပြုပါတယ်။ သူမှုတ်ထုတ်နေလို့ တံတွေးပိုထွက်လာတဲ့အခါ သွားဖုံးလေးတွေကို စိုစွတ်ပြီးပျော့ပျောင်းနေစေတာကြောင့် ငယ်သွားပေါက်ဖို့ အဆင်သင့်ဖြစ်စေပါတယ်။

    မေမေတို့ ဘယ်လိုကူညီပေးသင့်လဲ

    ကလေးကို စကားတတ်စေချင်၊ ဘာသာစကားကျွမ်းကျင်စေချင်ရင် ဘူးမှုတ်မှာကိုမကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။မေမေတို့ဘေးကနေ ကူညီပံ့ပိုးပေးနိုင်ဖို့ အကြံပြုချက်လေးတွေပြောပြလိုက်မယ်နော်။

    • ကလေးက လုပ်လိုက်တဲ့အသံလေးတွေအတိုင်း အသံလိုက်ထွက်ပေးပါ။ ကလေးနဲ့စကားပြောပါ။ စကားပြောတဲ့အခါ အသံအသစ်အဆန်းလေးတွေထည့်ပြောပါ။ ကလေးက လိုက်တုသလား ကြည့်ပါ။
    • ကလေးကို သီချင်းဆိုပြပါ။မြန်မာဓလေ့အရ ပုခက်လေးထဲထည့် သီချင်းဆိုသိပ်တာ သိပ်ကောင်းတဲ့နည်းပါ။ အသံအနိမ့်အမြင့်အမျိုးမျိုးနဲ့ တချို့နေရာမှာ အသံမြှင့်ပြီး တချို့နေရာမှာ တိုးတိုးညှင်းညှင်းဆိုပါ။
    • ကလေးမှတ်မိလောက်တဲ့ ဆိုနေကျသီချင်းကိုပဲ ဆိုပြပြီး သူနှုတ်ခမ်းလိုက်လှုပ်သလားကြည့်ပါ။
    • ကလေးနဲ့ ရွယ်တူလို အဖော်လုပ်ကစားပေးပါ။ ဖုန်းဆက်တဲ့ပုံလို လုပ်ပြီးသူနဲ့စကားပြောနေသယောင် လုပ်ပေးပါ။
    • သင့်ကလေးက သင့်အသံအမြဲကြားနေပါစေ။ တတ်နိုင်သလောက် ခဏခဏစကားပြောပေးပါ။ အထူးသဖြင့် သူ့ကိုစကားပြောလိုက်တဲ့အခါ သူ့ဘက်က မျက်နှာကြွက်သားလှုပ်ရှားတဲ့တုံ့ပြန်မှုဖြစ်လာအောင် ကြိုးစားပါ။ ဥပမာမြှူလိုက်လို့ပြန်ရယ်ပြတာဆိုရင် မျက်နှာကြွက်သားလှုပ်ရှားပြီလေ။

    ဒီအချက်တွေထဲမှာ ကလေးတွေကိုမြှူရင်းနဲ့ အလိုအလျောက်လုပ်ပေးနေကျလေးတွေလည်းပါတော့ အထူးတလည်လုပ်ပေးစရာတောင်သိပ်မလိုတော့ပါဘူး။ ဘူးမှုတ်တဲ့အရွယ်မှာသာ ကူညီပေးလိုက်ပါ၊ ကြက်ဆီဗူးတောင်ကျွေးစရာမလိုပါဘူး၊ စကားတတ်တဲ့ စကားတောင်စားလေးတွေဖြစ်လာမှာပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement