backup og meta

ကလေးများကြီးထွားဖွံဖြိုးရာတွင် အရေးပါသော ဗီတာမင်များ


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများကြီးထွားဖွံဖြိုးရာတွင် အရေးပါသော ဗီတာမင်များ

    ဗီတာမင်များသည် ဆဲလ်ကြီးထွားမှုအရှိန်နှင့် ကွာလတီပေါ် လွှမ်းမိုးနိုင်သည့်အတွက် လူကြီးများအတွက်သာမက ကလေးများအတွက်ပါ မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်ကောင်းကောင်းမရပါက ကြီးထွားဖွံဖြိုးမှုဖြစ်စဉ်ကို ထိခိုက်စေပြီး တစ်ခြားသော ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများကို ဖြစ်သွားစေနိုင်ပါသည်။

    ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး နှင့် ကေ အပါအဝင် အဓိကဗီတာမင် ၆ မျိုးရှိ၏။

    ဗီတာမင်အေ

    ဤဗီတာမင်သည် မျက်လုံးအမြင်အာရုံအတွက် အရေးကြီး၏။ ထို့အပြင် ဗီတာမင်အေကို နေ့စဉ်လုံလောက်စွာရရှိနေပါက သင်၏ကိုယ်ခံအားစနစ်ကို အားမြှင့်ပေးပြီး ဆဲလ်နှင့်အရိုးများ၏ ပုံမှန်ကြီးထွားမှုကို အားပေးပါသည်။

    ဗီတာမင်အေကြွယ်ဝသော အစားအစာများမှာ နို့၊ ချိစ်၊ ဥများ၊ အထူးသဖြင့် အနီရောင် ဟင်းသီးဟင်းရွက်များဖြစ်သည့် မုန်လာဥနီနှင့် ခရမ်းချဉ်သီးတို့ဖြစ်သည်။

    ဗီတာမင်ဘီ

    ဗီတာမင်ဘီအုပ်စုတွင် B1, B2, B6, B12, နိုင်ရာစင်၊ ဖောလစ်အက်စစ်၊ ဘိုင်အိုတင်နှင့် ပန်တိုသန်းနစ်အက်စစ်တို့ ပါဝင်သည်။ ဤဗီတာမင်အုပ်စုသည် ဇီဝရုပ်ဖြစ်ပျက်ရာနှင့် ခန္ဓါကိုယ်အတွက်လိုအပ်သော စွမ်းအင်ထုတ်လုပ်ရာတွင် အလွန်အရေးပါ၏။

    ဗီတာမင်ဘီများသည် ခန္ဓါကိုယ်အနှံ့ အောက်စီဂျင်သယ်ဆောင်ပေးမည့် သွေးနီးဥများ ဖြစ်ပေါ်ရာတွင် ကူညီပေးသောကြောင့် ကျန်းမာသည့် သွေးလှည့်ပတ်မှုတွင် မရှိမဖြစ်လိုအပ်ပါသည်။

    ဗီတာမင်ဘီပါသော အကောင်းဆုံးအစားအစာများမှ အသားများ၊ ကြက်သား၊ ပင်လယ်စာ၊ နို့ထွက်ပစ္စည်းများ နို့နှင့် ဒိန်ချဉ်၊ အစိမ်းရောင် ဟင်းရွက်များ ဖြစ်သည်။

    ဗီတာမင်စီ

    ဤဗီတာမင်ကတော့ ကြွက်သားနှင့် သွားဖုံး၊ အရိုးနှင့် သွေးကြောများလို ခန္ဓါကိုယ်တစ်ရှူးများ ပုံစံတကျနှင့် ကျန်းမာစေရန် အားပေး၏။ ၎င်းသည် တွယ်စပ်တစ်ရှူးများကို ထိန်းသိမ်းပေးသည်။

    ဥပမာအားဖြင့် ပြတ်ရှရာ ဒဏ်ရာများတွင် အနာကျက်မြန်စေရန် အကူအညီပေးခြင်း။ ဗီတာမင်စီသည် ဘက်တီးရီးယား ကူးစက်ရောဂါများကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကို အားမြှင့်ပေးနိုင်ပါသည်။ ဗီတာမင်စီကို နေ့စဉ် လုံလောက်စွာ ရရှိပါက ဖျားနာမှုဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါသည်။

    ဗီတာမင်စီ ကောင်းကောင်းရနိုင်သော ရင်းမြစ်များမှာ ရှောက်မျိုးနွယ်ဝင် အသီးများဖြစ်သည့် လိမ္မော်သီများ၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ ခရမ်းချဉ်သီးနှင့် အစိမ်းရောင်ဟင်းရွက်များ ဖြစ်ပါသည်။

    ဗီတာမင်ဒီ

    ဗီတာမင်ဒီသည် အရိုးနှင့်သွားများ သန်မာစေရန်လိုအပ်သည့် ဗီတာမင်ဖြစ်ပါသည်။ ခန္ဓါကိုယ်မှလိုအပ်သည့် ကယ်လ်စီယမ်ပမာဏကို စုပ်ယူရာတွင် ကူညီသောကြောင့်ဖြစ်သည်။

    ဗီတာမင်ဒီကြွယ်ဝသည်များမှာ နို့၊ ငါးနှင့် ဖြည့်စွက် နှံစားသီးနှံများ ဖြစ်သည်။ သို့သော် ဗီတာမင်ဒီ၏ အကောင်းဆုံးရင်းမြစ်မှာ အစားအစာများမှမဟုတ်ပါ။ နေရောင်ခြည်မှ လုံလောက်စွာရရှိနိုင်ပါသည်။

    ဗီတာမင်အီး

    လူတိုင်းက ဆဲလ်နှင့်တစ်ရှူးများ ပျက်စီးမှုကိုကာကွယ်ရန် ဗီတာမင်အီးကို လိုအပ်ကြသည်။ ၎င်းသည် သွေးနီဥများဖြစ်ပေါ်ရာတွင်လည်း မရှိမဖြစ်လိုအပ်၏။ ကင်ဆာ၊ အဲလ်ဇိုင်းမားနှင့် အရေးကြီးသည့်ကျန်းမာရေး ပြဿနာတစ်ချို့ကို ဖြစ်စေနိုင်သည့် Free radical များကို ဆန့်ကျင်ကာကွယ်ပေးသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည်။

    ဗီတာမင်အီးသည် ဗီတာမင်စီနှင့်ပေါင်းကာ ကလေး၏ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါသည်။ ဗီတာမင်အီကြွယ်ဝသည်များမှာ ဂျုံကြမ်း၊ အုတ်ဂျုံ၊ အစိမ်းရောင်ဟင်းရွက်များ၊ ခွံမာသီးနှင့် အစေ့အဆန်များ ဖြစ်သည်။

    ဗီတာမင်ကေ

    ဗီတာမင်ကေသည် ပြတ်ရှရာများ သွေးတိတ်ရန် ပြုလုပ်ပေး၏။ ၎င်းသည် ကော်ကဲ့သို့ဆောင်ရွက်ပြီး ပြဲသွားသည့်မျက်နှာပြင်များကို စေ့ပေးကာ သွေးတိတ်စေပါသည်။

    အစိမ်းရောင်ဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများနှင့် ပဲပိစပ်ဆီများသည် ဗီတာမင်ကေ ကြွယ်ဝသော အစားအစာများဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement