backup og meta

သင့်ကလေးဟာ အစာမာစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးဟာ အစာမာစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ

    ကလေးပေါက်စနတွေကို ကျွေးမွေးပြုစုရတာဟာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ သူတို့ရဲ့ အာဟာရလိုအပ်ချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာမဟုတ်ပါလား။ သင့်ကလေးမှာတွေ့ရတဲ့ ပြောင်းလဲမှုသေးသေးလေးတွေကအစ သင်အမြဲမပြတ် ဂရုစိုက်နေဖို့လိုပြီး သင်ပြင်ဆင်ထားတဲ့စားစရာဟာ သူတို့အတွက် အာဟာရပြည့်မပြည့်ဆိုတာအပြင် သူတို့အသက်အရွယ်အပိုင်းအခြားအလိုက်သင့်လျော်မှုရှိမရှိ ဆိုတာကိုပါ ဂရုစိုက်နေဖို့လိုပါတယ်။

    တကယ်လို့များသင်က သင့်ကလေးကို ဘယ်အချိန်မှာအစာမာ စကျွေးရမယ်မှန်းမသိဘူးဖြစ်နေရင် ဒီဆောင်းပါးကိုဖတ်ကြည့်ပါ။ ဒီဆောင်းပါးဟာ သင့်ကလေးဟာ အစာမာတွေအတွက် အဆင်သင့်ဖြစ်မဖြစ်ဆိုတာကို သင်ဆုံးဖြတ်တဲ့အခါ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    ကျွန်မကလေးအတွက် ဘယ်အချိန်မှာ အစာမာတွေ စကျွေးသင့်သလဲ။

    အစာမာတွေကိုတော့ ကလေးအသက် ၄လကနေ ၆လအတွင်းမှာ စပြီးကျွေးနိုင်ပါတယ်။ ဒီအရှေ့မှာတော့ နို့မှုန့်၊ နို့ဘူးနဲ့ မိခင်နို့တွေဟာ သူတို့လိုအပ်တဲ့ အာဟာရဓါတ်တွေနဲ့ ကယ်လိုရီတွေကို လုံလုံလောက်လောက် ဖြည့်တင်းပေးနိုင်ပါတယ်။ မွေးပြီးစ လအနည်းငယ်မှာတော့ သင့်ကလေးရဲ့ အစာခြေစနစ်ဟာ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အစာမာပဲဖြစ်စေ၊ အခြားမည်သည့်အစာမျိုးဖြစ်စေ လုံးဝ (လုံးဝ)မကျွေးသင့်ပါဘူး။

    ဒါ့အပြင် American Academy of Pediatrics ရဲ့ အဆိုအရ အစာမာတွေကို သင့်ကလေးအသက် ၆လပြည့်ပြီးတဲ့အခါမှသာ စကျွေးသင့်တယ်လို့ ဆိုပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ဒီအရွယ်မရောက်သေးခင်ထက်စောပြီး အစာမာတွေကျွေးချင်တယ်ဆိုရင်တော့ အောက်ပါလက္ခဏာတွေ သင့်ကလေးမှာရှိနေသလားဆိုတာကို အရင်ကြည့်ပါ။

    – ခေါင်းလှုပ်ရှားမှုကို သိသိသာသာထိန်းချုပ်လာနိုင်ခြင်း။ ။ သင့်ကလေးဟာ သူ့ခေါင်းကို ထောင်မတ်နေအောင်ထိန်းထားနိုင်တာမျိုး၊ ငြိမ်နေအောင်ထိန်းထားနိုင်တာမျိုးကို လူကြီးတွေရဲ့အကူအညီမပါဘဲ လုပ်ကိုလုပ်နိုင်နေရပါမယ်။

    – လျှာထိုးတာ ရပ်ရပါလိမ့်မယ်။ တကယ်လို့ကလေးက အစာတွေကို ပါးစပ်အပြင်ဘက်ရောက်အောင် လျှာနဲ့ အလိုအလျောက် ထိုးထုတ်နေတယ်၊ ထွေးထုတ်နေတယ်ဆိုရင်တော့ အစာမာတွေ ဆက်မကျွေးပါနဲ့။

    – လူကြီးတွေရဲ့အကူအညီမပါဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နိုင်နေရပါမယ်။ မှန်ကန်စွာဝါးဖို့နဲ့ မြိုချဖို့အတွက် ကလေးဟာ တည့်တည့်မတ်မတ်နဲ့ ငြိမ်ငြိမ်သက်သက် ထိုင်နိုင်ရပါလိမ့်မယ်။

    – ဝါးခြင်း။ ။ ကလေးကြီးလာတာနဲ့အမျှ ပါးစပ်နဲ့လျှာကလည်း အချိုးညီညီ ဖွံ့ဖြိုးလာတာပါ။ ဒါကြောင့် အစာမာတွေစားတော့မယ်ဆိုရင် ကလေးဟာ အစာတွေကို ပါးစပ်နောက်ကို ဘယ်လိုပို့ရမယ်ဆိုတာနဲ့ ဘယ်လိုမြိုချရမယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ကလေးဟာ အစာမာတွေကို ဝါးတာ ကျင့်သားရလာပြီဆိုရင်တော့ အရင်ကထက် သွားရည်ကျတာ သိသိသာသာလျော့နည်းလာတာကို သင်သတိထားမိမှာပါ။

    – သိသိသာသာ အလေးချိန်တိုးလာတာ။ ။ မွေးစကလေးအများစုဟာ သူတို့ရဲ့မွေးကာစအလေးချိန်ရဲ့ ၂ဆဖြစ်လာတဲ့အချိန် (၁၅ပေါင်လောက်) နဲ့ အနည်းဆုံး အသက်၄လပြည့်ပြီးတဲ့နောက် (၄လအထက်)မှာ အစာမာတွေ စပြီးစားနိုင်လာပါတယ်။

    – အစာစားချင်စိတ်များလာခြင်း။ ။ သင့်ကလေးဟာ ပိုပိုပြီးစားနိုင်လာတာကိုတွေ့ရပါလိမ့်မယ်။ သင်က တစ်ရက်ကို ၈ကြိမ်ကနေ ၁၀ကြိမ်ထိ မိခင်နို့တိုက်နေတာတွေ၊ နို့ဘူးတိုက်တာတွေလုပ်နေပေမယ့်လည်း ကလေးက ထပ်ပြီးတောင့်တနေတုန်းဆိုရင်ပေါ့။

    – သင်ဘာစားနေတယ်ဆိုတာကို သိချင်မှုများလာရင် (စပ်စုနေရင်)။ ။ သင်ဘာစားနေတာဆိုတာကို ကလေးက လိုက်ကြည့်နေတာမျိုး စားစရာတွေဆီ လက်လှမ်းတာမျိုးနဲ့ စားစရာကိုင်မိသွားရင် ပါးစပ်ထဲထည့်လိုက်တာမျိုးတွေ လုပ်နေတာကို သင်သတိထားမိပါလိမ့်မယ်။

    သင့်ကလေးကို အစာမာဘယ်တော့စကျွေးသင့်သလဲဆိုတာဟာ သင်နဲ့သင့်ကလေးရဲ့လိုအပ်ချက်တွေပေါ်မူတည်ပါတယ်။ တကယ်လို့များ သင့်ကလေးက အရသာသစ်တွေကို တောင့်တနေပေမယ့် သူ့အသက်က အစာမာစားရမယ့်အရွယ်မရောက်နေသေးဘူးဆိုရင် ဆရာဝန်ဆီဆက်သွယ်လို့ အကြံဉာဏ်တောင်းကြည့်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement