backup og meta

တစ်နှစ်အောက်ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအစာ (၁၀) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နှစ်အောက်ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအစာ (၁၀) မျိုး

    ဘေဘီလေးတွေကို အစားစကျွေးတဲ့အခါ ဟိုဟာလည်းကျွေးချင်၊ ဒီဟာလည်းကျွေးချင်ဖြစ်ကြဖူးမှာပါ။ စားလို့ကောင်းတာလေးဆို ကလေးပါးစပ်ထဲ တစ်တို့လောက်ဖြစ်ဖြစ် ခွံ့လိုက် တို့ပေးလိုက်ရမှ။ဘေဘီလေးတွေကတော့ မစားဖူးသေးတဲ့အရာ၊ စားလို့ကောင်းတဲ့အရာဆို အရသာခံနေမှာပါ။ အဲဒီအစားအစာက ဒီအရွယ်ကလေးငယ်အတွက် သင့်တော်ပါ့မလား၊ တည့်ပါ့မလား ဆိုတာတွေးရမှာတော့ မိဘတာဝန်ဖြစ်ပါတယ်။

    တစ်နှစ်မပြည့်သေးတဲ့ အစားစားတတ်ခါစအရွယ်၊ ဘာမဆိုကောက်ဝါးတတ်ပြီး သွားလည်းအပြည့်အစုံမပေါက်သေးတဲ့ ကလေးငယ်အတွက်က မသင့်တော်တဲ့အစားအစာတွေရှိပါတယ်။ စပ်ကူးမပ်ကူးအရွယ်မှာ ကလေးကို ဘာကျွေးကျွေးသေချာစဉ်းစားစီမံမှဘေးကင်းကျန်းမာတဲ့သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ တစ်နှစ်အောက်ကလေးငယ်တွေအတွက် မကျွေးသင့်တဲ့ အစားအစာတွေကတော့ –

    (၁) ပျားရည်

    ပျားရည်က ကလေးရဲ့အူထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ဘက်တီးရီးယားတွေပါနိုင်တာကြောင့်infantbotulism (အစာအဆိပ်သင့်ခြင်း)ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့အသက် တစ်နှစ်မပြည့်ခင် ပျားရည်မကျွေးတာကောင်းပါတယ်။

    (၂) နွားနို့

    နွားနို့ကခန္ဓါကိုယ်အတွက်ကောင်းပေမယ့် တစ်နှစ်အောက်ကလေးတွေကိုတော့ နွားနို့မတိုက်သင့်ပါဘူး။ ကလေးအတွက် အစာကြေဖို့ခက်နိုင်ပါတယ်။ တစ်နှစ်ပြည့်ပြီးမှ ထိုက်သင့်သလောက် တိုက်နိုင်ပါတယ်။

    (၃) အသီးဖျော်ရည်

    အသီးဖျော်ရည်ကကောင်းကျိုးတွေရှိတယ်ဆိုပေမယ့် ကလေးငယ်တွေအတွက်လိုအပ်တဲ့ အဆီဓါတ်၊ပရိုတင်း၊ကယ်လ်စီယမ်၊ဇင့်နဲ့ ဗီတာမင်ဒီဓါတ်တွေမပါဝင်ပါဘူး။ အသီးဖျော်ရည်တွေကြောင့် တစ်နှစ်အောက်ကလေးငယ်တွေအတွက် အဓိကအာဟာရဖြစ်တဲ့ မိခင်နို့ သို့မဟုတ် နို့မှုန့်တွေကို စားချင်စိတ်လျော့နည်းစေပါတယ်။ အသီးဖျော်ရည်ကြောင့် ကလေးငယ်တွေမှာ သွားပိုးစားခြင်း၊ဝမ်းပျက်ခြင်းနဲ့ ကလေးဝမ်းဗိုက်ပြဿနာတွေဖြစ်စေနိုင်ပါတယ်။

    (၄) အချိုများတဲ့စားစရာတွေ

    ကလေးတွေရဲ့လျှာပေါ်က အာရုံခံဖုလေးတွေက အချိုကို စွဲလမ်းတတ်တဲ့သဘာဝရှိတာကြောင့် စစချင်းမှာ ကိတ်မုန့်တွေ၊ သကြားလုံးတွေလို အချိုများတဲ့အစားအစာတွေနဲ့မိတ်မဆက်ပါနဲ့ဦး။ အချိုပဲတောင်းနေရင် အာဟာရရှိတဲ့အစာတွေ ကိုငြင်းနေပါလိမ့်မယ်။ ဒါပေမယ့် ငှက်ပျောသီးလိုမျိုး သဘာဝအချိုဓါတ်ပါတဲ့အရာတွေကို ကလေးကကြိုက်တယ်ဆိုရင်တော့ တခြားအာဟာရဓါတ်တွေလည်းပါဝင်တာမို့ တားမြစ်ဖို့မလိုပါဘူး။ ကလေးကိုကျွေးမယ့်စားစရာမှန်သမျှကို အချိုကဲထားတာမျိုးတော့ မလုပ်သင့်ပါဘူး။

    (၅) အငန်

    အငန်က ကျောက်ကပ်အတွက်မကောင်းတာကြောင့် ကလေးတွေကို အငန်များတာမကျွေးသင့်ပါဘူး။ ကလေးစားမယ့်အစားအစာထဲ အငန်သိပ်မထည့်ပါနဲ့။

    (၆) အစေ့အဆံများ

    အသက် ၅ နှစ်အောက် ကလေးတွေကို မြေပဲအပါအဝင် အစေ့အဆံတွေမကျွေးသင့်သေးပါဘူး။ အဝင်လွဲပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့စေနိုင်လို့ပါ။ ဓါတ်မတည့်မှုဖြစ်တတ်တဲ့မိသားစုမျိုးရိုးမရှိဘူးဆိုရင်တော့မြေပဲကိုထောင်းပြီး၊ကြိတ်ပြီးဖြစ်ဖြစ် မုန့်ထဲထည့်ပြီးဖြစ်ဖြစ် ကလေးအသက် ၆ လအထက်မှာကျွေးလို့ရနိုင်ပါတယ်။

    (၇) အဆီထုတ်ထားတဲ့အစားအစာတွေ

    အဆီဓါတ်ဟာမွေးကင်းစတွေနဲ့ကလေးငယ်တွေအတွက် ကယ်လိုရီနဲ့ဗီတာမင်တွေရရှိနိုင်တဲ့ အရေးပါတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ အသက် ၂ နှစ်အောက် ကလေးတွေအတွက် အဆီမထုတ်ထားတဲ့ သဘာဝနွားနို့၊ဒိန်ချဉ်၊ချိစ်တွေပဲရွေးချယ်သင့်ပါတယ်။

    (၈) မာကျူရီများတဲ့ ငါးများ

    ကလေးငယ်တွေကို ငါးကျွေးတာက ဉာဏ်ရည်ကိုတိုးတက်စေနိုင်တယ်လို့ သုတေသနတွေကပြောကြပါတယ်။ ဒါပေမယ့် မာကျူရီပါဝင်မှုများတဲ့ ငါးတွေ(တူနာ၊ငါးသေတ္တာ၊မက်ခရယ် စတဲ့ပင်လယ်ငါးတွေကို မကျွေးသင့်ပါဘူး။ရေမသန့်တဲ့နေရာတွေကနေ ရရှိတဲ့ငါးတွေကိုလည်း မကျွေးသင့်ပါဘူး(ဥပမာ- ငါးမျှားပြီးရလာတဲ့ငါးတွေ)။ အဲဒီအစား တီလားပီးယား၊ ငါးကြင်း၊ပုဇွန် စတဲ့တခြားအမျိုးအစားတွေကိုကျွေးလို့ရပါတယ်။

    (၉) မာတဲ့ အသီးအရွက်စိမ်းများ

    မုန်လာဥနီလိုမျိုး မာတဲ့ဟင်းသီးဟင်းရွက်တွေလှီးထားပေးတာ၊စည်သွပ်ထားတဲ့အသီးအနှံတွေ၊စပျစ်သီးလို လုံးဝိုင်းတဲ့အသီးတွေ အားလုံးက အသက်ရှူလမ်းကြောင်းပိတ်ဆို့စေနိုင်တဲ့အရာတွေပါ။ကျွေးချင်တယ်ဆိုရင်သေးသေးလေးလှီးဖြတ်တာ၊ ကြိတ်ထားတာတွေကျွေးနိုင်ပါတယ်။

    (၁၀)ပြည့်ဝဆီ

    ကလေးတွေကို ဆီသိပ်များတာတွေ၊ အကြော်တွေ(ဥပမာ -အာလူးကြော်)၊ ဆီများတဲ့ဘီစကစ်နဲ့ကိတ်မုန့်တွေ များများမကျွေးပါနဲ့။ပြည့်ဝဆီပါဝင်မှုနည်းတဲ့ အစားအစာတွေကိုပဲရွေးသင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement