backup og meta

ဘေဘီတို့အတွက် အရေးကြီးလွန်းတဲ့ အသားဓာတ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီတို့အတွက် အရေးကြီးလွန်းတဲ့ အသားဓာတ်

    ပရိုတင်းလို့ပဲခေါ်ခေါ်၊ အသားဓာတ် လို့ပဲ ပြောပြော ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဆိုတာ မေမေတို့သိထားပြီးသားဖြစ်မှာပါ။ ဘာလို့ဆို ပရိုတင်းက သားသားမီးမီးတို့ရဲ့ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေလို့ပါပဲ။

    ဘယ်လို အရေးပါနေတာလဲ

    ကိုယ့်ကလေးက သူများတန်းတူ ကြီးထွားလာဖို့၊ သန်စွမ်းကျန်းမာဖို့၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းဖွံ့ဖြိုးလာဖို့အတွက် ပရိုတင်းကို မရှိမဖြစ်လိုအပ်ပါတယ်။ အဓိကအားဖြင့် ပရိုတင်းရဲ့အရေးပါတဲ့ ဖွံ့ဖြိုးမှုအပိုင်းတွေက –

    ကြွက်သားတည်ဆောက်မှုကို အားဖြည့်တယ်

    ကလေးရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတစ်ရှူးတွေ တည်ဆောက်မှု၊ ထိန်းသိမ်းမှုနဲ့ အစားထိုးဖြစ်ပေါ်မှုတွေမှာ အားဖြည့်ကူညီပေးနိုင်တာ ပရိုတင်းဓာတ်ပါ။ ကြွက်သားတည်ဆောက်မှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ ပရိုတင်းက အရေးကြီးဆုံးပါပဲ။

    ဆဲလ်တွေဖွံ့ဖြိုးမှုမှာ ကူညီပေးတယ်

    အရေပြား၊ လက်သည်း၊ ခြေသည်းနဲ့ ဆံပင် တို့အတွက် ဆဲလ်တွေဖွံ့ဖြိုးမှုနဲ့ ပြန်လည်ဖြစ်ပေါ်မှုကို ကူညီပေးနိုင်ပါတယ်။ အနာကျက်မြန်တာ၊ ဆံပင်သန်တာ၊ လက်သည်းခြေသည်းကျန်းမာတာက အသားဓာတ် ရဲ့ အကျိုးကျေးဇူးတွေပါ။

    ကိုယ်ခံအား ကောင်းစေတယ်

    ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း၊ ဟော်မုန်းတွေဖြစ်တည်လာဖို့ အရေးကြီးတဲ့ပရိုတင်းက ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်ပါတယ်။

    ကယ်လိုရီ အရင်းအမြစ်လည်း ဖြစ်တယ်

    ခန္ဓာကိုယ်လှုပ်ရှားနိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ရဖို့ ကာဗိုဟိုက်ဒရိတ်လိုအပ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်နည်းလာတဲ့အခါ ကယ်လိုရီရဖို့နဲ့ ခွန်အားဖြစ်စေဖို့ ပရိုတင်းတွေကို သုံးရပါတယ်။

    ဒီလိုတွေ အကျိုးကျေးဇူးပေးနိုင်တဲ့ ပရိုတင်းအာဟာရကို ဘယ်ကနေရနိုင်မလဲ

    နို့

    နွားနို့ သို့မဟုတ် ပရိုတင်းအချိုးကျပါဝင်နေတဲ့ ဖြည့်စွက်နို့မှုန့်တွေက‌နေ ရနိုင်ပါတယ်။ အချိန်မှန်မှန် နို့အာဟာရတိုက်ကျွေးရင်းနဲ့ ကလေးကို အသားဓာတ် ပြည့်ဝအောင် ဖြည့်တင်းပေးနိုင်ပါတယ်။

    အသား

    အဆီနဲ့အရေခွံဖယ်ပြီး အသားသီးသန့်ကနေ ပရိုတင်းဓာတ်များများရနိုင်ပါတယ်။ ကလေးရဲ့ နေ့စဉ်အာဟာရမှာ နည်းနည်းဖြစ်ဖြစ် အသားဓာတ်ကိုညီညွတ်မျှတအောင် ထည့်သွင်းပေးနိုင်ပါတယ်။

    ပဲ

    ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အပြင် အမျှင်ဓာတ်လည်းများပါတယ်။ နေ့စဉ်အာဟာရမှာ ထည့်သွင်းတဲ့အပြင် သရေစာ အစားအစာတွေအဖြစ်လည်း ပြင်ဆင်ကျွေးလို့ရပါတယ်။

    ငါး

    ငါးမှာ ပရိုတင်းအပြင် အကျိုးပြုအဆီဓာတ် omega-3 fatty acids တွေနဲ့ တခြား အာဟာရဓာတ်တွေပါဝင်ပါတယ်။

    ဒိန်ချဉ်

    နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်ဟာ ပရိုတင်းအပြင် ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းအတွက် ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယား Probiotics တွေလည်း ပါဝင်ပါတယ်။

    ပရိုတင်းဘယ်လောက် လိုအပ်တာလဲ

    ကလေးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ပရိုတင်းပမာဏက ၁၃ ဂရမ်ဝန်းကျင်ရှိပါတယ်။ ပရိုတင်းက ကလေးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပေမယ့် လိုအပ်တဲ့ပမာဏထက် ကျော်လွန်ခဲ့ရင် ပိုအကျိုးမထူးသလို ဘေးပါဖြစ်စေနိုင်ပါတယ်။

    • ကိုယ်အလေးချိန်များလာတာ – ပရိုတင်းလွန်ကဲရင် ကယ်လိုရီပိုများပါမယ်။ ကလေးက ပိုလျှံနေတဲ့ ကယ်လိုရီကို မလောင်ကျွမ်းနိုင်တဲ့အခါ အဆီအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။
    • ကိုယ်တွင်းအင်္ဂါထိခိုက်လာတာ – ပရိုတင်းလွန်ကဲတဲ့အခါ ကျောက်ကပ်က သေချာမစွန့်ထုတ်နိုင်တော့ဘဲ ကျောက်တည်တာတွေဖြစ်လာစေနိုင်ပါတယ်။

    ဒါ့ကြောင့် ကလေးဘဝရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဖွံ့ဖြိုးဆဲအရွယ်မှာ တခြားအာဟာရဓာတ်တွေနဲ့အတူ ပရိုတင်းကို အချိုးအစားမှန်ကန်စွာနဲ့ ရရှိနိုင်ဖို့လိုပါတယ်။ အရည်အသွေးကောင်းတဲ့ပရိုတင်းကို မှန်ကန်တဲ့ပမာဏနဲ့ နေ့စဉ်ဖြည့်တင်းပေးနိုင်တဲ့ ဖြည့်စွက်နို့မှုန့်တွေက ကွက်တိပါပဲ။ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းပါဝင်မှုကို အတိအကျ တွက်ချက်တိုက်ကျွေးနိုင်တဲ့ ဖြည့်စွက်နို့မှုန့်တွေနဲ့ အားဖြည့်ပေးလိုက်ပါ မေမေတို့ရေ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement