backup og meta

အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင်

    အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ ဘဝက လွယ်ကူလှတယ်တော့ မရှိလှပါဘူး။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တာဝန်မကျေမိမှာလည်း စိုးရိမ်ရ၊ ကိုယ့်ရဲ့ ကလေးအတွက်လည်း စိတ်ပူရ၊ အလုပ်မှာလည်း ပင်ပန်းရ၊ နားချိန်တောင် အနိုင်နိုင်ယူရတဲ့ မေမေတွေ ဒီခေတ်ကြီးထဲမှာ ပိုများလာပါပြီ။

    ဒီလိုမျိုး အဖက်ဖက်ကနေ ကိုယ့်အပေါ် တာဝန်တွေ ပိကျလာတဲ့အခါမျိုးမှာ ကိုယ့်အနေနဲ့ မိသားစုအတွက်ကိုရော၊ အလုပ်အတွက်ပါ စည်းကမ်းတွေ သတ်မှတ်ထားဖို့ လိုအပ်လာပါပြီ။ ကလေး၊ မိသားစု၊ အိမ်မှုကိစ္စ၊ ရုံးအလုပ်တွေနဲ့ လုံးပမ်းနေရတဲ့ မေမေတို့အတွက် မိသားစုတာဝန် မလစ်ဟင်းစေဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

    အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင်

    အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကတော့

    ၁။ မိသားစုတွေကို တာဝန်ခွဲဝေပေးပါ။

    ကိုယ်တစ်ယောက်ထဲ အရာရာကို လုပ်နေရမယ်ဆိုရင်တော့ ရေရှည်တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ကိုယ်လုပ်မှ ဖြစ်မယ်လို့ မတွေးထားပါနဲ့။ ကိုယ့်ရဲ့ မိသားစုဝင်တွေ လုပ်ပေးနိုင်တဲ့အရာတွေကို သူတို့ကို လုပ်ခိုင်းပေးပါ။ လုပ်ဖို့လည်း အကူအညီတောင်းပါ။

    ကိုယ်စားပြီးသား ပန်းကန်တွေ ဆေးတာ၊ မီတာခ၊ အခွန်အခတွေကို ဆောင်ပေးတာက ကိုယ့်ရဲ့ အမျိုးသားအနေနဲ့ ကူညီပေးလို့ ရပါတယ်။ လွယ်ကူတဲ့ အိမ်အလုပ်မျိုးတွေဆိုရင် ကလေးတွေကို လုပ်ခိုင်းဖို့ တာဝန်ပေးပါ။ အိမ်သားတွေကို အမှိုက်မဖွဖို့၊ ကိုယ့်အိပ်ရာ ကိုယ်သိမ်းဖို့၊ ကိုယ်လုပ်နိုင်တဲ့ အရာတွေကို ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လုပ်နိုင်ဖို့ အလေ့အကျင့် လုပ်ထားပေးပါ။

    ၂။ တစ်နေ့တာ အလုပ်တာဝန်တွေကို ကြိုစီစဉ်ထားပါ။

    ကိုယ်ဘယ်အချိန်မှာ ဘာလုပ်ရမလဲဆိုတာကို ကြိုပြီး စီစဉ်ထားတာဟာ ကိုယ့်အတွက် အချိန်ကုန်သက်သာပြီး အကျိုးရှိစေသလို ထင်ထားသလောက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်တော့မှာ မဟုတ်ပါဘူး။

    ဘယ်နေ့မှာတော့ ဈေးသွားမယ်၊ ဘယ်နေ့အတွက်ကို ဘာချက်ပြုတ်မလဲ၊ ဘယ်အချိန်မှာ ကိုယ့်ရဲ့ ကလေးကို ကျောင်းကြို၊ ကျောင်းပို့ လုပ်ရမလဲ၊ ဒီနေ့ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်က ဘာလဲ၊ နောက်နေ့တွေမှာရော ဘာလုပ်ဖို့ ရှိမလဲ အစရှိသဖြင့် ကြိုပြီး အစီအစဉ်လုပ်ထားကြည့်ပါ။

    မိသားစုလိုက် တစ်နေ့တာ ဘာလုပ်ရမလဲဆိုတာကို အချိန်ဇယားရေးဆွဲပြီး ကြိုတင်စီစဉ်တဲ့ အလေ့အကျင့်မျိုး လုပ်ပေးထားတာဟာ အချိန်ကုန်၊ လူပင်ပန်းသက်သာစေတဲ့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။

    ၃။ ကလေးတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။

    ကိုယ်က မနက်ပိုင်း အလုပ်သွားတဲ့အချိန် ကလေးတွေနဲ့ အဆက်အသွယ် မပြတ်အောင် ဖုန်းဆက်တာဖြစ်စေ၊ အသက်ငယ်သေးတဲ့ ကလေးတွေဆိုရင် သီချင်းဆိုပြ၊ စကားပြောပြ၊ ရယ်မောပျော်ရွှင်နေတာကို video ရိုက်တာဖြစ်စေ၊ အသံသွင်းတာဖြစ်စေ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဖွင့်ပြခိုင်းပါ။

    မေမေတွေအနေနဲ့ ကိုယ့်ရဲ့ ကလေး ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ စိတ်ထဲမှာတော့ လွမ်းနေမှာ၊ သတိရနေမှာပါပဲ။ အပြင်မှာ အလုပ်ထွက်နေရလို့ ကိုယ့်ရဲ့ ကလေးက ကိုယ့်အပေါ်များ စိမ်းကားသွားမလားဆိုပြီး စိတ်ပူနေရင် ဖုန်းဆက်တာဖြစ်စေ၊ အင်တာနက်ကနေ video call ခေါ်ပြီးတော့လည်း အဆက်အသွယ် မပြတ်အောင် နေလို့ရပါတယ်။

    ၄။ လိုအပ်လာရင် တခြားသူတွေကို အကူအညီတောင်းပါ။

    တစ်ခါတလေမှာ ထင်မထားတတ်တဲ့ ကိစ္စဆိုတာ ပေါ်လာတတ်ပါတယ်။ ဥပမာ – ကိုယ့်ကလေးရဲ့ ကျောင်းက မိဘ၊ အုပ်ထိန်းသူတစ်ယောက်ယောက်ကို ခေါ်ခိုင်းတာ၊ ညက အလုပ်တွေ အရမ်းများသွားလို့၊ မနက်ပိုင်းမှာ အချိန်သိပ်မရှိလို့ ဟင်းမချက်လိုက်ရတာ၊ ကိုယ့်ရဲ့ အိမ်နားမှာ မီးလောင်တာ စတဲ့ အရေးပေါ် အခြေအနေမျိုးတွေ ကြုံလာတဲ့အခါမှာ ကိုယ့်အိမ်နီးနားချင်း၊ ကိုယ့်အိမ်နဲ့ နီးတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို ဖုန်းလှမ်းဆက်ပြီး အကူအညီတောင်းပါ။

    ၅။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

    လူတိုင်းအတွက် အဓိကအကျဆုံး အရာက ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်တာပါပဲ။ အထူးသဖြင့် အိမ်မှုတာဝန်၊ အလုပ်ကိစ္စ၊ ကလေးကိစ္စ အစရှိတဲ့ တာဝန်ဝတ္တရားတွေ ပိနေတဲ့ မိခင်တွေအတွက်တော့ ကိုယ့်ရဲ့ ကျန်းမာရေးကို ပိုလို့တောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရရှိတဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပါ။ ဒါမှမဟုတ် ကိုယ့်ရဲ့ အိမ်သားတွေကို ချက်ပြုတ်ဖို့ အကူအညီတောင်းပါ။ ဗီတာမင်နဲ့ အာဟာရဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ် မျှတစွာ စားသုံးပါ။ ရေများများသောက်ပါ။

    ညဘက်တွေမှာ စောစောအိပ်ပါ။ တစ်နေ့တာ အိပ်ချိန်ဟာ ၇နာရီ နဲ့ ၈နာရီကြားမှာ ရှိဖို့လည်း မမေ့သင့်ပါဘူး။ အလုပ်များလို့ဆိုပြီး အစားအသောက်ပျက်တာ၊ အိပ်ချိန်နောက်ကျတာ၊ အိပ်ချိန်မမှန်တာမျိုးကို တတ်နိုင်သလောက် ရှောင်ကြဉ်တာဟာ အကောင်းဆုံးပါပဲ။

    ၆။ အချိန်ကို တန်ဖိုးရှိစွာ အသုံးချပါ။

    အလုပ်တာဝန်တွေ၊ အိမ်မှုကိစ္စတွေနဲ့ ပြည့်နှက်နေတဲ့ မေမေတို့အတွက် အချိန်ဆိုတာ သိပ်ကို တန်ဖိုးရှိတဲ့အရာပါ။ ဒါကြောင့် ဖုန်းသုံးတဲ့အချိန်၊ တီဗီကြည့်တဲ့အချိန်ကို တတ်နိုင်သလောက် လျှော့ချပြီး ကိုယ့်ရဲ့ မိသားစုအတွက်ကို အချိန်ပေးတာဟာ ပိုကောင်းပါတယ်။

    အင်တာနက်သုံးတဲ့အခါမှာလည်း အချိန်အကန့်အသတ်နဲ့ သုံးသင့်ပါတယ်။

    ၇။ ပိတ်ရက်မှာ မိသားစုဝင်တွေကို အချိန်ပေးပါ။

    ရုံးတက်ရက်တွေမှာ ကိုယ့်မိသားစုနဲ့ စကားလက်ဆုံမပြောရလို့၊ အတူမရှိရတဲ့အတွက် ပိတ်ရက်တွေမှာ သူတို့နဲ့အတူ ပျော်စရာကောင်းမယ့် အရာတွေ လုပ်ပါ။

    ရုံးပိတ်ရက်မနက်ခင်းမှာ မိသားစုအတူ လေ့ကျင့်ခန်းထွက်လုပ်တာ၊ ပျော်ပွဲစားထွက်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ အိမ်မှာ မုန့်အတူလုပ်စားကြတာ အစရှိသဖြင့် ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးပေးတာဟာ မိသားစုအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ မေတ္တာကို ထုတ်ဖော်ပြသရာ ရောက်ပါတယ်။

    အားလပ်ရက်မှာ ကိုယ့်ရဲ့ ကလေးတွေနဲ့ဖြစ်စေ၊ ကိုယ့်ရဲ့ ခင်ပွန်းနဲ့ဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်စေ အပြင်ထွက်လည်တာမျိုး လုပ်ပေးပါ။

    အကြံပြုချက်

    အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ တွေက အစစအရာရာကို လစ်ဟင်းမှုမရှိအောင် ဂရုစိုက်နေရတဲ့အတွက် စိတ်ဖိစီးမှုများတတ်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ မိသားစုဘဝကို မျှတအောင် နေပါ။ အကူအညီတောင်းသင့်တာ တောင်းပါ။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါ။ ကလေးတွေနဲ့ အလုပ်တွေကြား ဟန်ချက်ညီအောင် နေကြပါလို့ အကြံဉာဏ်ပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement