backup og meta

ဘေဘီလေးတွေကို ခေါင်းအုံးနဲ့ သိပ်ခြင်းရဲ့ ဆိုးကျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေကို ခေါင်းအုံးနဲ့ သိပ်ခြင်းရဲ့ ဆိုးကျိုး

    ခေါင်းအုံးမပါရင် မအိပ်တတ်ဘူးဆိုတာ မေမေဖေဖေတို့မှာပဲ ဖြစ်တဲ့ခံစားမှုပါ။ မေမေ့ဗိုက်ထဲက အသစ်စက်စက်ထွက်လာတဲ့ ဘေဘီလေးမှာ ဒီခံစားချက်မရှိပါဘူး။ ခေါင်းအုံးဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ ကလေးတစ်ယောက်အဖို့ ခေါင်းအုံး မအုံးရတာက ပြဿနာမဟုတ်ပါဘူး။ ခေါင်းအုံး အုံးခိုင်းရင်သာ ပြဿနာဖြစ်မှာပါ။ ဘေဘီလေးတွေကို ခေါင်းအုံးနဲ့ သိပ်ခြင်းရဲ့ ဆိုးကျိုး တွေက ကြောက်စရာကောင်းပါတယ်။

    မွေးကင်းစ ကလေးအရွယ် ခေါင်းအုံးအုံးဖို့လိုလား

    ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ ခေါင်းအုံးဆိုတာကို မသိဘဲ ကိုးလလောက် နေလာခဲ့တာပါ။ ဒါကြောင့်ခေါင်းအုံး မပါဘဲ အိပ်ရတာက သူတို့လေးတွေကိုထွေထွေထူးထူး ခံစားရစေတာမျိုးမရှိပါဘူး။

    မိဘမို့ သားသမီးကို ပြည့်ပြည့်စုံစုံလေး ဖြစ်စေချင်တာသိပေမယ့် လသားအရွယ် ကလေးတစ်ယောက်အဖို့ နူးညံ့တဲ့ အခင်းကတင် အဆင်ပြေနေပါပြီ။ ဒါကြောင့် လိုရင်းပြောပြရရင်တော့ ဘေဘီလေးတို့ အိပ်စက်မှုအတွက် ခေါင်းအုံးမလိုပါဘူး။

    ဘေဘီလေးတွေကို ခေါင်းအုံးနဲ့ သိပ်ခြင်းရဲ့ ဆိုးကျိုး

    လသားအရွယ်ကလေးလေးတစ်ယောက်က ခေါင်းနဲ့ လည်ပင်းကို ဟန်ချက်ညီအောင် မထိန်းနိုင်သေးပါဘူး။ ဒီလိုအချိန်မှာ ကလေးရဲ့ အိပ်ရာမှာ လိုအပ်တဲ့အရာကလွဲလို့ ခေါင်းအုံးအပါအဝင် လိုအပ်တဲ့အရာတွေကို မထားတာက အကောင်းဆုံးပါ။

    ကလေးက ကစားစရာကို မသိသေးသလို ခေါင်းအုံး၊ ဖက်လုံး၊ စောင်ဆိုတာကိုလည်း နားမလည်သေးပါဘူး။ ဒါတွေက သူတို့လေးတွေအတွက် သဘောကျစရာမရှိသလို အခန့်မသင့်ရင် ဘေဘီလေးရဲ့ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။

    ခေါင်းအုံးကြောင့် ဘေဘီလေးမှာ ဘာထိခိုက်မှုတွေ ဖြစ်နိုင်လဲ

    ဘေဘီလေးတွေကို ခေါင်းအုံးနဲ့ သိပ်ခြင်းရဲ့ ဆိုးကျိုး က ဒါတွေပါ။

    • ကလေးကို မွန်းစေနိုင်တယ်
    • အသက်ရှူ ကျပ်စေနိုင်တယ်
    • တစ်နှစ်အောက် ကလေးတွေမှာ ရုတ်တရက်သေဆုံးနိုင်ခြေများစေတယ်
    • ခေါင်းအုံးအသားနဲ့ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်တယ်
    • ကလေးရဲ့ ကျောရိုးကို ထိခိုက်စေနိုင်တယ်

    အဓိကကတော့ ကလေးက အိပ်နေရင်း မတော်တဆ ခေါင်းအုံးက သူ့မျက်နှာပေါ် ရောက်လာရင် ပြန်ဖယ်နိုင်လောက်အောင် ကြွက်သားတွေက မသန်မာသေးပါဘူး။ အော်ငိုပြီး ဖယ်ခိုင်းရကောင်းမှန်းလည်း မသိပါဘူး။ ဒီလိုနဲ့ အသက်ရှူကျပ်ပြီး သေဆုံးကြတာ ဖြစ်ပါတယ်။

    ဒါက ‌ခေါင်းအုံးနဲ့တင်မကပါဘူး။ စောင်တွေ၊ အရုပ်တွေကလည်း ဒီလိုမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်အောက် ကလေးတွေကို သိပ်တဲ့အခါ အခင်းထူထူမှာ ဘာမှမပါဘဲ သိပ်ပေးပါ။ အဝတ်အစားကို လုံခြုံအောင် ဝတ်ထားပေးရင် ရပါပြီ။ ကလေးအိပ်ရာမှာ ဘာပစ္စည်းမှ မထားတာ သူ့အတွက် အန္တရာယ်အကင်းဆုံးပါ။

    ဘေဘီလေးကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့ သိပ်မလဲ

    ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူတွေကတော့ ကလေးကို အသက် ၁ နှစ်မတိုင်ခင်အထိ ခေါင်းအုံးနဲ့ မသိပ်တာက အကောင်းဆုံးပါလို့ အကြံပြုထားကြပါတယ်။ ခေါင်းအုံးနဲ့ သိပ်မယ်ဆိုရင်တောင် ခေါင်းအုံးက ချည်သားနဲ့ချုပ်ထားတဲ့ ခပ်ပါးပါးခေါင်းအုံးက အဆင်ပြေဆုံးပါ။ ကလေးကို လူကြီးခေါင်းအုံးတွေနဲ့လည်း ပေးမအိပ်သင့်ပါဘူး။ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းအုံး ခပ်သေးသေးလေးက အဆင်ပြေဆုံးဖြစ်မှာပါ။

    ခေါင်းအုံးမှာပါတဲ့ ငှက်မွှေးလိုအရာတွေ၊ အစိလေး‌တွေပါ‌တာတွေက ကလေးနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နိုင်သလို အစေ့လေးတွေ ပေါက်ထွက်ပြီး ကလေးကို နင်စေတတ်ပါတယ်။ ဒါကြောင့် ဒီလိုခေါင်းအုံးတွေကို ရှောင်သင့်ပါတယ်။

    ကလေးကို ခေါင်းအုံးနဲ့ သိပ်တဲ့အချိန်မှာလည်း ကလေးရဲ့ အိပ်စက်မှုအနေအထားကို အမြဲသတိထားပေးပါ။ ကလေးက မှောက်ရက်အနေအထားနဲ့ အိပ်တဲ့အခါ နှာခေါင်းကို ဖိမိနေတာမျိုး မဖြစ်စေဖို့ စောင့်ကြည့်ပေးပါ။ ကလေးရဲ့ အိပ်ရာထဲမှာ မလိုအပ်ဘဲ ခေါင်းအုံးအပိုတွေ  ထားပေးတာ၊ စောင်တွေထားတာ၊ အရုပ်တွေထားတာမျိုး မလုပ်ပါနဲ့။ ကလေးကို အသက်ရှူကျပ်တာ၊ မတော်တဆသေဆုံးတာမျိုးတွေ ဖြစ်စေနိုင်တာကြောင့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement