backup og meta

ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ
    ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ ……. ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုရတာ လွယ်တဲ့အလုပ် မဟုတ်မှန်း အသစ်စက်စက် မေမေတို့ အသိဆုံးပါ။ အတွေ့အကြုံ မရှိသေးတဲ့အချိန် နုနုနယ်နယ်ဘေဘီလေးရဲ့ဝေယျာဝစ္စတွေကို လုပ်ပေးရတဲ့အခါ တစ်စုံတစ်ခု မှားယွင်းသွားမှာ သိပ်စိုးရိမ်ကြပါတယ်။ တကယ်လည်းမေမေတို့ရဲ့ပြုစုဂရုစိုက်မှုက ကလေးရဲ့ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုတွေအားလုံးအတွက် အဓိက အခြေခံဖြစ်နေတာမို့ သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် ကလေးပြုစုစောင့်ရှောက်ရေးအတွက် ဖေဖေမေမေတို့ ကြိုတင်လေ့လာတန်လေ့လာ၊မေးမြန်းစရာရှိမေးရပါမယ်။ ဒါမှ အယူအဆမှားတွေကြားမှာ ကလေးကို မပင်ပန်းစေမှာဖြစ်ပါတယ်။
    ကလေးလေးလေးတစ်ယောက်ရှိနေတဲ့ မိသားစုမှာ အဖြစ်များဆုံးပြဿနာက အိပ်စက်မှုပုံစံပါပဲ။ ညဘက်ဆို ကလေးက မအိပ်လို့ ညတိုင်းအိပ်ရေးပျက်ရတယ်၊နေ့ဘက်လည်းကလေးကိုပြုစုနေတာနဲ့ မနားရဘူး။ ဒီလိုနဲ့မေမေတို့မှာ ဆံမဖြီးနိုင်၊ မှန်မကြည့်နိုင်နဲ့ လုံးပမ်းနေရတော့တာပါပဲ။ ကလေးတွေမှာ တချို့က နေ့နဲ့ည အိပ်ချိန်လွဲတတ်တယ်၊နေ့ဘက်မှာ စွတ်အိပ်ပြီး ညကျ ဂျီကျတတ်တယ်၊ တချို့ကျတော့နေ့ဘက်လည်း မအိပ်၊ ညဘက်လည်း တော်တော်နဲ့မအိပ်လို့ ဒုက္ခများရတဲ့အပြင် ကလေးရဲ့ကျန်းမာရေးအတွက်ပါ စိတ်ပူရတော့တာပေါ့။

    ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ

    ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ ဆိုတော့

    ကလေးလေးရဲ့ အိပ်ချိန်

    မွေးကင်းစကလေးတစ်ယောက်ရဲ့အိပ်ချိန်က ပုံမှန်အားဖြင့် တစ်နေ့ကို ၁၆ နာရီ ၊ ၁၇ နာရီအထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် လသားအရွယ်ကလေးအများစုက တစ်ကြိမ်အိပ်ရင် ၂ နာရီကနေ ၄ နာရီအတွင်းထက် ပိုမကြာတတ်ပါဘူး(နေ့ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ်)။ ဒီအရွယ်အတွင်းမှာ အိပ်ချိန်က မမှန်တတ်ပါဘူး။

    ၃ လကနေ ၆ လအတွင်းမှာတော့ ပုံမှန်အိပ်စက်ချိန်ရှိလာပြီး မိုးလင်းတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ကြပါတယ်။ ပထမလပိုင်းတွေအတွင်းမှာ ကလေးရဲ့ဦးနှောက်က ဖွံ့ဖြိုးလာပြီး အိပ်စက်မှုပုံစံတစ်ခု အတည်တကျဖြစ်လာနိုင်ပေမယ့်မေမေတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးလေးရဲ့အိပ်ချိန်ကို ပုံမှန်ဖြစ်ဖို့မေမေတို့ရဲ့ ပုံသွင်းကူညီမှုကို လိုအပ်ပါတယ်။

    အိပ်စက်ချိန်မှန်အောင် ဘယ်လိုလုပ်ပေးရမလဲ

    ကလေး အိပ်ချိန်မှန်စေဖို့ ဆိုရင်

    (၁) အိပ်ချင်နေတဲ့ လက္ခဏာကို သတိထားကြည့်ပါ

    ကလေးတွေက အိပ်ချိန်ပြည့်ဝဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် သူ့ဘာသူ အိပ်ချင် အိပ်သွားလိမ့်မယ်၊ အိပ်တော့မှ သိပ်လိုက်မယ်လို့တော့ ထားလို့မရပါဘူး။ အိပ်ချင်လာတဲ့ အရိပ်အငွေ့လေးတွေ ကလေးရဲ့အမူအရာတွေမှာတွေ့ရတတ်ပါတယ်။
    • မျက်လုံးပွတ်တာ
    • သမ်းတာ
    • တစ်နေရာရာကိုငေးငေးလေးကြည့်နေတာ
    • ဂျီကျလာတာ စတဲ့ငြီးငွေ့နေတဲ့ လက္ခဏာတွေကို သတိထားကြည့်မိဖို့လိုပါတယ်။ သူအိပ်ချင်နေတဲ့အချိန်မှာ သိပ်ရတာပိုလွယ်တာပေါ့။

    ကလေးကအိပ်ချင်လာတဲ့အချိန်မအိပ်လိုက်ရဘဲကျော်လွန်သွားတဲ့အထိ မစောင့်ပါနဲ့။ အဲဒီအခါကျ အိပ်လို့လည်းမရတော့ဘဲခေါင်းလည်းမကြည်၊ ကလေးကဂျီကျပါလိမ့်မယ်။ ဒီလက္ခဏာတွေတွေ့ရရင် သူဂျီမကျခင် အသာအယာချော့သိပ်ပါ။

    (၂) နေ့နဲ့ည အိပ်စက်ချိန်စက်ဝန်းကို ပုံမှန်သတ်မှတ်ပါ

    ကလေးရဲ့အသက် ၂ ပတ်လောက်ကစပြီးနေ့နဲ့ည အိပ်ချိန်မှန်အောင် ကျင့်ပေးသင့်ပါတယ်။နေ့ဘက်မှာ ကစားဖို့ချော့မြှူပါ။နေ့ဘက်အိပ်ချိန်လည်း လိုအပ်ပေမယ့် တစ်ချိန်လုံးအိပ်မနေစေဖို့ ကလေးကိုလန်းအောင် အသစ်အဆန်းကစားစရာလေးတွေပေးထားတာ၊ချော့မြှူတာ၊ပြင်ပရှုခင်းကိုမြင်တွေ့စေတာလိုမျိုး လုပ်ပေးသင့်ပါတယ်။

    ညဘက်ရောက်ပြီဆိုတာနဲ့ ကလေးကိုအာရုံနိုးကြားစေမယ့်၊ စိတ်ဝင်စားစေမယ့် အရာတွေကို တတ်နိုင်သလောက်ရှောင်ထားပေးပါ။ အလင်းရောင်တွေလျှော့ထားပါ၊ ဆူညံသံတွေလျှော့ထားပါ။နေ့ဘက်က နိုးကြားလှုပ်ရှားရမယ့်အချိန်၊ ညဘက်က အိပ်ရမယ့်အချိန် လို့ သူတဖြည်းဖြည်းကျင့်သားရသွားပါလိမ့်မယ်။

    (၃) အိပ်ချိန်နဲ့ စားချိန်ကို ခွဲခြားပေးပါ

    လသားအရွယ်မှာ နို့စို့ရင်းအိပ်ပျော်သွားတဲ့ ဒါမှမဟုတ် အာဟာရထမင်းစားရင်းအိပ်ပျော်သွားတဲ့ကလေးကို အိပ်မောကျနေတာလေး မနှိုးရက်ကြဘူးမလား။ လှုပ်လိုက်ရင် နိုးသွားမှာကို စိုးရိမ်နေရတာ။

    ဒါပေမယ့် ဒီလိုထားတာကြာလာရင် စားချိန်တိုင်းမှာ အိပ်ငိုက်တာအကျင့်ပါလာမယ်၊ အိပ်ချိန်သီးသန့်ကျ မအိပ်တော့ဘူးဆိုတာတွေဖြစ်လာပါမယ်။ နို့စို့ရင်းအိပ်သွားတာဆို ရပ်ပြီး သိပ်လိုက်ပါ။ နှိုးသင့်နှိုးလိုက်ပါ။ အိပ်ချိန်ဇယား သတ်မှတ်ပြီး အချိန်မှန်ချော့သိပ်ပါ။ အစားပိုကျွေးရင် အိပ်မယ်ဆိုပြီး ကလေးကြာကြာအိပ်အောင် များများပိုကျွေးတာမျိုးက အိပ်စက်မှုအတွက်ရော၊ ကလေးအစာခြေစနစ်အတွက်ရောမကောင်းပါဘူး။ နို့ဘူးတပ်ထားလျက် အိပ်ပျော်စေတာမျိုး၊ အစားစားရင်းအိပ်သွားတာမျိုးက အသက်ရှူလမ်းကြောင့်ပိတ်ဆို့တာဖြစ်နိုင်လို့ အန္တရာယ်ရှိပါတယ်။

    (၄) ၂ လကျော်ပြီးတဲ့ကလေး အိပ်နေတဲ့အခါ နှိုးပြီးနို့မတိုက်ပါနဲ့

    ကလေးက ပုံမှန်ကိုယ်အလေးချိန်တက်လာတယ်ဆိုရင် ညဘက်နှိုးပြီးနို့တိုက်စရာမလိုပါဘူး။ ကလေးရဲ့အိပ်စက်ချိန်ဇယားကို ထိန်းသိမ်းပေးပါ။ အသက်လေးတိုးလာတာနဲ့အမျှ နေ့ဘက်မှာပိုကျွေးပြီး ညဘက်မှာ အပြည့်အဝအိပ်စေဖို့ဂရုစိုက်ပေးရပါမယ်။

    ကလေးကို နှိုးသင့်တဲ့အခြေအနေတွေက –

    • ညဘက်ထက်နေ့ဘက်မှာပိုအိပ်နေပြီးနေ့ဘက် နို့စို့ချိန် သို့မဟုတ် ထမင်းစားချိန်တွေ လွတ်ကုန်တာမျိုး၊
    • နို့မစို့ရ၊ အစားမစားရဘဲ ၄နာရီဆက်တိုက်အိပ်နေတာမျိုးဖြစ်ပါတယ်။

    (၅) စိတ်ရှည်ပါ

    ဒီအရွယ်ကလေးငယ်တွေအတွက်က စားသောက်မှုပုံစံ၊ အိပ်စက်မှုပုံစံနဲ့ အမူအကျင့်လေးတွေက တသမတ်တည်းပုံသေတွက်လို့မရနိုင်သေးပါဘူး။ တတ်နိုင်သလောက် မိဘက ပုံသွင်း၊ စည်းကမ်းချပေးရပါတယ်။ ချက်ချင်းလည်းပြောင်းလဲမလာနိုင်တဲ့အတွက် စိတ်ရှည်ပါ။

    တကယ်လို့ ကလေးရဲ့အိပ်စက်မှုပုံစံက ရုတ်တရက်ပြောင်းလဲသွားခဲ့ရင်ရောဂါလက္ခဏာတွေရှိမရှိ ဆန်းစစ်ကြည့်ပါ။ အကြောင်းရင်းတစ်ခုခုရဲ့ လက္ခဏာပြတာဖြစ်နေနိုင်လို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement