backup og meta

အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။

    ကလေးပြုစုစောင့်ရှောက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ အမြွှာဆိုတော့ ပိုဆိုးပြီပေါ့။ သေသေချာချာ မစီစဉ်ထားဘူးဆိုရင် သူတို့နှစ်ယောက်ကို ပျိုးထောင်ရ၊ ထိန်းရတာနဲ့ တစ်အိမ်လုံး ကမ္ဘာပျက်သွားနိုင်ပြီး ကလေးတွေလည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမြွှာလေးတွေ မွေးထားတဲ့သူတွေအတွက် အကူညီပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးသွားချင်ပါတယ်။

    အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။

    ၁။ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေကို ချရေးထားပါ။

    အမြွှာမွေးထားတဲ့ မိခင်တွေဟာ ပုံမှန် မိခင်တွေထက် အလုပ်ပိုများ၊ ပိုပင်ပန်းပါတယ်။ ဒါ‌ကြောင့် ကလေးတွေအတွက် အိပ်ချိန်၊ စားချိန် နဲ့ ဘယ်အချိန်လောက်မှာ ဘာလုပ်မယ် ဆိုတာကို အချိန်ဇယားကြိုဆွဲထားပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားမယ် ဆိုတာကို ရေးမှတ်ထားသင့်ပါတယ်။

    တခြား အမြွှာမွေးဖူးတဲ့ အသိတွေရှိရင် အကြံဉာဏ်ကြိုတောင်းပြီး ကိုယ်ဝန်ဆောင်ချိန်ကတည်းက လေ့လာထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ဆိုတဲ့ အတိုင်း ကြိုတင်ပြင်ဆင်မှုရှိထားတာက ကလေးတွေကို ထိန်းတဲ့အခါ အကောင်းဆုံးလုပ်ဆောင်နိုင်အောင် အထောက်အကူ ဖြစ်စေမှာပါ။

    ၂။ ကလေးနှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း နို့တိုက်နိုင်အောင် ကြိုးစားပါ။

    တစ်ယောက်တစ်ခါ မိခင်နို့ကို တိုက်နေမယ်ဆိုရင် ကလေးတွေ အသက် ၆လ မပြည့်မီအထိ တစ်ယောက်ကို တစ်နေ့ ပျှမ်းမျှ ၇ကြိမ်၊ ရှစ်ကြိမ်လောက် နဲ့ နှစ်ယောက်ဆိုတော့ အကြိမ်၂၀ နီးပါး (တစ်ခါတိုက်ရင် အနည်းဆုံး၁၅ မိနစ်မှ ၃၀ မိနစ်ထိ) ဆိုတော့ တစ်နေကုန်နို့တိုက်ရင်း အချိန်ကုန်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးနှစ်ယောက်လုံးကို နို့တစ်ဖက်စီမှာ တစ်ခါတည်း တိုက်နိုင်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

    ၃။ ကလေးနှစ်ယောက်လုံးကို တစ်ပြိုင်နက် သိပ်နိုင်အောင် နည်းလမ်းတွေ ရှာဖွေပါ။

    ဥပမာ- ပုခက်ထဲတည့်ပြီး သိပ်ခြင်း၊ ချီပြီးသိပ်ခြင်း၊ တွန်းလှဲလေးနဲ့ တွန်းပေးခြင်း၊ ခြင်းတောင်းလေးထဲ အတူတူထည့်ပြီး သိပ်ခြင်း၊ သီချင်းဆိုပြခြင်း စတဲ့ နည်းလမ်းတွေကို ကြိုတင်လေ့လာပြီး သူတို့နှစ်ယောက်လုံးအတွက် အဆင်ပြေမယ့် နည်းလမ်းကို တဖြည်းဖြည်း သိလာအောင် ကြိုးစားသင့်ပါတယ်။

    ၄။ ကလေးကို ထိန်းပေးဖို့ အခြားသူတွေဆီက ကူအညီယူပါ။

    အထူးသဖြင့် အမြွှာမွေးထားတဲ့အခါမှာ မိခင်တစ်ယောက်တည်း ပြုစုစောင့်ရှောက်တာထက် အဖေရော၊ အဘိုးအဘွားတွေနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေထံကပါ အကူအညီရယူသင့်ပါတယ်။ ကလေးမွေးထားတဲ့ မိခင်အနေနဲ့ ကျန်းမာရေးအတွက်လည်း အထိုက်အလျောက် အနားယူသင့်တာကြောင့် မိခင်တစ်ယောက်တည်း ကလေးကို ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ပါဘူး။

    ဒါ့ကြောင့် အဖေအပါအဝင်၊ အဘိုးအဘွားတွေ နဲ့ ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတွေကလည်း ကလေးနဲ့ ကစားပေးတာ၊ ကြည့်ရှုပေးတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။ အခြား အိမ်မှုကိစ္စတွေအတွက်လည်း မိဘဆွေမျိုး မိတ်ဆွေတွေကို အကူညီတောင်းသင့်ပါတယ်။

    ၅။ မိမိအတွက်လည်း ကိုယ်ပိုင်နားနေချိန် သတ်မှတ်ထားပါ။

    မိခင်က ကျန်းမာ ပျော်ရွှင်နေမှ ကလေးလေးတွေကို ကောင်းကောင်း ပြုစုနိုင်မှာ ဖြစ်တာကြောင့် ကလေးနှစ်ယောက်နဲ့ အလုပ်များတာမှန်ပေမယ့် မိမိကိုယ်ပိုင် အနားယူဖို့လည်း အချိန် တစ်ခု သတ်မှတ်ထားသင့်ပါတယ်။

    ၆။ တစ်ယောက်ချင်းစီအတွက် သတ်သတ်မှတ်မှတ် အချိန်ပေးပါ။

    အမြွှာဆိုပေမယ့် မတူနိုင်တဲ့ အချက်တွေ အများကြီးရှိနိုင်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ နှစ်ယောက်လုံးကို တူတူပဲလို့ သတ်မှတ်ပြီး အမြဲအတူတူ အချိန်ပေးတာမျိုးထက် တစ်ယောက်ချင်းစီကို အချိန်တစ်ခု သတ်သတ်မှတ်မှတ် ထားပေးသင့်ပါတယ်။ သူတို့ စိတ်ဝင်စားတာလေးတွေကို သင်ကြားပေး၊ လုပ်ဆောင်ပေးသင့်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်စိတ်ပါဝင်စားမှုနဲ့ အရည်အချင်းတွေကို အသိမှတ်ပြုပေးသင့်ပါတယ်။

    ၇။ တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်တာမျိုး မလုပ်မိပါစေနဲ့။

    တစ်ယောက်နဲ့ တစ်ယောက် ကြီးထွားဖွံ့ဖြိုးလာနိုင်တဲ့ နှုန်းထားတွေ မတူညီနိုင်ပါဘူး။ တစ်ယောက်က ဒါလုပ်နိုင်ပေမယ့် နောက်တစ်ယောက်က လုပ်နိုင်ချင်မှ လုပ်နိုင်မယ်ဆိုတာကို နားလည်ထားရမှာပါ။ အမြွှာဆိုပြီး နှစ်ယောက်လုံးကို အတူတူပဲ ဖြစ်ရမယ်လို့ မုချ တွေးထားလို့မရပါဘူး။

    မွေးစမို့လို့ မသိနိုင်လောက်ဘူးထင်ပေမယ့် ငယ်ဘဝမှာ ဒီလိုနှိုင်းယှဉ်ပြီး ပြောလိုက်ခြင်းဟာ ကလေးငယ်ကို အားငယ်စေပြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးနှစ်ယောက်ကို တစ်ယောက်နဲ့ တစ်ယောက်နှိုင်းယှဉ်ပြီး မပြောမိဖို့က အရေးကြီးပါတယ်။

    ၈။ ကိုယ်ပိုင် ပစ္စည်းလေးတွေ ထားပေးပါ။

    နှစ်ယောက်လုံးကို ဘုံ ပစ္စည်းတွေ ထားပေးတာထက် ကိုယ်ပိုင်အဝတ်အစား၊ အရုပ်၊ စာအုပ် သပ်သပ်စီ ပေးထားသင့်ပါတယ်။ ကလေးတိုင်းမှာ သူတို့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်နာမည်နဲ့ ပစ္စည်းလေးတွေ ရှိခြင်းက သူတို့ကို အားတစ်ခု ဖြစ်စေနိုင်ပါတယ်။

    ၉။ တစ်ယောက်ချင်းစီကို အားပေး ချီးမြှောက်ပါ။

    တစ်ယောက်ချင်းစီကို “တော်လိုက်တာ” “ လိမ္မာလိုက်တာ” “လုပ်နိုင်ပါတယ်” စတဲ့ ချီးကျူးစကားလေးတွေကို ပြောပေးသင့်ပါတယ်။ ကလေးတိုင်းက သူတို့ကို အားပေး ချီးမွမ်းတဲ့ စကားလေးတွေကို လိုအပ်ပါတယ်။ အပြစ်တင်တဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ စကားတွေက သူတို့ကို ထိခိုက်အားငယ်စေပြီး၊ လုပ်နိုင်တဲ့ စွမ်းရည်တွေကို ကျဆင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် “ဒါလေးတောင် မလုပ်နိုင်ဘူးလား” “ မှားပြန်ပီလား” ဆိုတာမျိုးထက် “လုပ်နိုင်မှာပါ” “ထပ်လုပ်ကြည့်ပါဦး”  စတဲ့ ကောင်းတဲ့ စကားလေးတွေ သုံးပေးသင့်ပါတယ်။

    ဒီဆောင်းပါးလေးက နည်းလမ်းလေးတွေကို ဖတ်ပြီး အမြွှာလေးတွေရဲ့ မိဘတွေအနေနဲ့ ကလေးလေးတွေကို အကောင်းဆုံးပြုစု ပျိုးထောင်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement