backup og meta

ဟယ်လီကော်ပတာ မိဘ (helicopter parent) ဆိုတာ ဘာလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟယ်လီကော်ပတာ မိဘ (helicopter parent) ဆိုတာ ဘာလဲ

    ဟယ်လီကော်ပတာမိဘဆိုတာ ဘာလဲ။

    “ဟယ်လီကော်ပတာမိဘ” ဆိုတဲ့ စကားအသုံးအနှုန်းကို ဆယ်ကျော်သက်ကလေးတွေက စတင်တီထွင်ခဲ့ကြတာပါ။ သူတို့ရဲ့မိဘတွေက သူတို့အပေါ်မှာ ဟယ်လီကော်ပတာလိုပဲ အသံစုံမြည်နားညည်းစေပြီး အုပ်မိုးနေတဲ့အကြောင်း တင်စားပြောရာကနေ ခေတ်စားအသုံးများလာခဲ့တဲ့အတွက်၂၀၁၁ခုနှစ်မှာ အင်္ဂလိပ်အဘိဓါန်ထဲ ထည့်သွင်းခဲ့ပါတယ်။ ခပ်ဆင်ဆင်တူတဲ့ တခြားအသုံးအနှုန်းတွေလည်း အများကြီးရှိပါသေးတယ်။ ဟယ်လီကော်ပတာမိဘတွေဟာ သားသမီးတွေကို ဂရုအစိုက်လွန်၊အာရုံအစိုက်လွန်နေတဲ့ မိဘတွေ ဖြစ်ပါတယ်။ သူတို့ဟာ သားသမီးတွေကို အကုန်လိုက်လုပ်ပေးပြီး ကလေးရဲ့အောင်မြင်မှု၊ ကျရှုံးမှုအားလုံးဟာ မိဘဖြစ်တဲ့သူတို့ကြောင့်ချည်းပဲလို့ အလွန်အကျွံခံယူထားပါတယ်။

    ဘယ်သူတွေက ဟယ်လီကော်ပတာမိဘတွေ ဖြစ်နိုင်လဲ။

    များသောအားဖြင့် အထက်တန်းကျောင်းသားအရွယ်နဲ့ကောလိပ်ကျောင်းသားအရွယ် ကိုယ့်သားသမီးတယောက်တည်းလုပ်ရမယ့် အလုပ်မျိုးတွေ (ဥပမာ-စာနားမလည်တာတွေရှိလို့ဆရာကိုစာမေးတာ၊ ကိုယ်တက်ရမယ့်အတန်းချိန်တွေကို စီမံတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရမယ့် အလေ့အထတွေကိုလိုက်ပြီးသတ်မှတ်ပေးတာမျိုး စသဖြင့်) ကိုရှေ့ကနေ ကန့်လန့်ကန့်လန့်လိုက်လုပ်ပေးနေတဲ့မိဘတွေဟာ ဟယ်လီကော်ပတာမိဘတွေ ဖြစ်လေ့ရှိပေမယ့် တခြားအသက်အရွယ်တွေမှာလည်း ဟယ်လီကော်ပတာမိဘတွေရှိနေနိုင်ပါတယ်။ ကိုယ့်ကလေးမတ်တပ်ပြေးအရွယ်မှာ ဟယ်လီကော်ပတာမိဘဟာ ကလေးနောက်ကို တကောက်ကောက်အရိပ်လို လိုက်နေမယ်။ အမြဲတမ်း အတူဆော့မယ်၊ ညွှန်ကြားချက်တွေပေးမယ်၊ ကလေးတွေရဲ့အမူအကျင့်တွေကို ထိန်းချုပ်မယ်စသဖြင့် ပြုလုပ်လေ့ရှိကြပြီး ကလေးကို သူတယောက်တည်းနေဖို့အချိန်တောင်မပေးပါဖူး။ မူလတန်းလောက်ရောက်တဲ့အခါ ဟယ်လီကော်ပတာမိဘတွေအနေနဲ့သူတို့စိတ်တိုင်းကျရွေးချယ်ထားတဲ့ဆရာတွေ၊ ဂိုက်တွေနဲ့ကလေးကိုစာသင်စေမယ်၊ သူငယ်ချင်းထားတဲ့နေရာမှာလည်း လိုက်ရွေးပေးမယ်၊ ကစားရင်လည်းဟိုလိုကစား၊ ဒီလိုကစားစသဖြင့် လိုက်ထိန်းချုပ်မယ် ဒါမှမဟုတ် အိမ်စာတွေကို လိုက်လုပ်ပေးမယ် (ဘေးကနည်းနည်းပါးပါး ကူညီပေးတာမျိုးမဟုတ်ဘဲ အကုန်လိုက်လုပ်ပေးမယ်) စသဖြင့်ပြုလုပ်ကြပြန်ပါတယ်။

    ဘာလို့ဒီလိုတွေ လိုက်လုပ်ပေးနေရတာလဲ။

    အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အများဆုံးကြုံတွေ့ရတတ်တဲ့ အကြောင်းပြချက်လေးမျိုးရှိပါတယ်။ ဒါတွေကတော့ ကလေးပျက်စီးသွားမှာကို အရမ်းကြောက်တာ၊ စိုးရိမ်ပူပန်စိတ်လွန်ကဲတာ၊ အနစ်နာခံလိုစိတ်အရမ်းများတာနဲ့တခြားမိဘတွေနဲ့ ပြိုင်ဆိုင်ချင်တာစတာတွေပဲ ဖြစ်ပါတယ်။

    ဟယ်လီကော်ပတာနည်းနဲ့သားသမီးကို ပြုစုစောင့်ရှောက်ရင် အကျိုးဆက်တွေက ဘာတွေဖြစ်လာနိုင်သလဲ။

    မိဘတွေဟာ ဘာပဲလုပ်လုပ် သားသမီးတွေကိုကောင်းစေချင်တဲ့စေတနာအရင်းခံတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဖူး။ သားသမီးတွေကိုလမ်းမှားမရောက်အောင်ထိန်းကျောင်းပေးတာ၊ အကူအညီပေးတာနဲ့သူတို့လေးတွေရဲ့ဘဝကို အတင်းအကြပ်ချုပ်ကိုင်ချယ်လှယ်တာဟာ မျဉ်းပါးပါးလေးပဲ ခြားပါတယ်။ သားသမီးတွေရဲ့ဆန္ဒကိုလည်း လျစ်လျူမရှုရပါဖူး။ သားသမီးတွေကို ရင်အုပ်မကွာစောင့်ရှောက်တာ ကောင်းမွန်တဲ့ကိစ္စဖြစ်ပြီး မိဘနဲ့ကလေးကြား ချစ်ခြင်းမေတ္တာကို တိုးပွားစေတာ၊ မိမိကိုယ်ကိုယုံကြည်မှုရှိလာတာ၊ နည်းပေးလမ်းညွှန်မှုရတာ၊ အပူအပင်ကင်းမဲ့စွာကြီးပြင်းရတာ စတဲ့ အကျိုးကျေးဇူးများစွာရစေပါတယ်။ ပြဿနာကဘာလဲဆိုတော့ မိဘတွေကသားသမီးဒုက္ခရောက်မှာစိုးလို့အကုန်လိုက်လုပ်ပေးနေတဲ့အခါ မိဘတွေဘေးနားမရှိတော့တဲ့အချိန် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရတော့မယ့်အနေအထားမှာ ကလေးက ဘာမှမလုပ်တတ်တော့တာပါပဲ။

    • မိမိကိုယ်ကို ယုံကြည်မှုတွေလျော့နည်းလာမယ်၊ ကိုယ်စွမ်းကိုယ်စတွေပျောက်ဆုံးလာမယ်။

    • ပြဿနာတွေကို ရင်ဆိုင်ကိုင်တွယ်နိုင်စွမ်းမရှိဖြစ်မယ်။

    • စိတ်ဓါတ်တွေကျလာမယ်။

    • ငါလုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့ အယူအဆတွေစွဲလာမယ်။

    • ဘဝမှာနေသားတကျမနေထိုင်တတ်ဖူး စတဲ့ ပြဿနာတွေ တသီတတန်းကြီးရင်ဆိုင်ရပါမယ်။

    ဟယ်လီကော်ပတာမိဘဖြစ်မလာအောင် ဘယ်လိုလုပ်ရမလဲ။

    ဒီတော့ မေးစရာဖြစ်လာတာက မိဘမေတ္တာအပြည့်နဲ့သားသမီးကို ပြုစုစောင့်ရှောက်ရင်း သူတို့ကိုယ့်အားကိုယ်မကိုးတတ်တော့တာမျိုး ဖြစ်မလာရစေဖို့ဘယ်လိုလုပ်ရမလဲ။ မိဘတယောက်ရဲ့တာဝန်ဟာ မသေးသလို လွယ်လည်းမလွယ်လှပါဖူး။ ကျွန်တော်တို့မိဘတွေအနေနဲ့တဖက်မှာ ကလေးတွေရဲ့စိတ်ဖိစီးမှုတွေ၊စိတ်ခံစားချက်တွေကိုကူညီမြှင့်တင်ပေးရင်းသူတို့လေးတွေစိတ်ခွန်အားရအောင်၊ကိုယ်ဖြစ်စေချင်တဲ့လူကြီးတယောက်ဖြစ်လာအောင် ပျိုးထောင်ပေးရပါမယ်။ တချို့ထိခိုက်နာကျင်စရာကိစ္စလေးတွေကိုသင်ဝင်မစွက်ဖက်ဘဲ ပေးခံစားလိုက်တာဟာ ကလေးအတွက်ရော မိဘအတွက်ပါကောင်းပါတယ်။ လက်တွေ့ကျကျပြောရရင် သင့်ကလေးတွေကို ရုန်းကန်ခိုင်းပါ၊ စိတ်ပျက်စရာတွေကြုံတွေ့ခွင့်ပြုပါ။ ပြီးတော့ ကျရှုံးတဲ့အခါ၊ အမှားအယွင်းတွေ ဖြစ်တဲ့အခါ သူတို့ဖြတ်ကျော်နိုင်အောင် အားပေးကူညီပေးပါ။ သူတို့လုပ်နိုင်စွမ်းရှိတဲ့ အရာလေးတွေကိုပေးလုပ်ပါ။ သုံးနှစ်သားလေးကို အိပ်ယာခင်းပေးတာ ပြဿနာမဟုတ်ပေမယ့် ၁၃နှစ်သားကို အိပ်ယာပြင်ပေးရင်တော့ သင်ဟယ်လီကော်ပတာမိဘဖြစ်ပါပြီ။ ကလေးတွေ ပြဿနာနဲ့ကြုံတွေ့လာပြီဆိုရင် မိဘကအလျင်စလိုဖြေရှင်းမပေးဘဲ ခြေတစ်လှမ်းဆုတ်ပြီး သူတို့လေးတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်ဖို့အခွင့်အရေးကိုအမြဲအမိအရယူဖို့စိတ်ထဲမှာ စွဲမှတ်ထားပြီး တကယ်လည်း လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့မိဘတွေအားလုံးလိုချင်တဲ့ ကိုယ့်အားကိုယ်ကိုးပြီး မိမိကိုယ်မိမိယုံကြည်မှုအပြည့်ရှိတဲ့ ရင်သွေးလေးတွေ ဖြစ်လာမှာအမှန်ပဲ ဖြစ်ပါကြောင်း။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement