backup og meta

မွေးပြီးပြီးချင်း မိခင်နှင့်ရင်သွေးအသားချင်း ထိကပ်စေခြင်း၏ အကျိုးကျေးဇူးများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးပြီးပြီးချင်း မိခင်နှင့်ရင်သွေးအသားချင်း ထိကပ်စေခြင်း၏ အကျိုးကျေးဇူးများ

    မိဘနဲ့ကလေး ဆက်ဆံမှုနဲ့ ပတ်သက်လာရင် အမေရိကန် တက္ကသိုလ် က Susan M. Ludington က မွေးကင်းစကလေးဘဝဟာ ကလေးငယ်ရဲ့ ဘဝတစ်သက်တာ ဆက်ဆံမှုတွေ အစပြုတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းတော့ မွေးကင်စကလေးကို မိခင်နဲ့ အရေပြား အချင်းချင်း ထိကပ်ထားခြင်းဟာ မိဘတွေနဲ့ လုံခြုံတဲ့ ဆက်နွယ်မှုတစ်ခုကို ပေးစွမ်းနိုင်ပြီး မိဘနဲ့ကလေးကြားမှာ ဖျက်မရနိုင်တဲ့ ရင်းနှီးမှုတစ်ခုကို သန်မာစေပါတယ်။ ဒါ့ပြင် အခြားကောင်းကျိုးတွေလည်း ရှိပါသေးတယ်။

    ကလေးငယ်ကို နေသားတကျရှိစေပါတယ်။

    အပူထိန်းညှိခြင်းဟာ ကလေးငယ်တွေအတွက် ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဟာ မွေးမလာမချင်း သူတို့ကိုယ်ခန္ဓါအပူချိန်ကို ကိုယ်တိုင်ထိန်းညှိစရာ မလိုအပ်ပါဘူး။ မွေးပြီးနောက်မှာတော့ သင့်ကလေးငယ်ကို ပတ်ဝန်းကျင်အသစ်မှာ အသားကျစေဖို့ သင့်လက်မောင်းထဲမှာ ထွေးပွေ့ထားနိုင်ပါတယ်။ သင့်အရေပြားဟာ ကလေးကို သင့်သားအိမ်လိုမျိုး ပူနွေးအောင် ပြုလုပ်ပေးနိုင်ပါတယ်။

    ဒါဟာ သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးပါတယ်။

    ကနေဒီနိုင်ငံမှ သုတေသီတွေ ပါဝင်တဲ့ လေ့လာမှုတစ်ခုမှာ အရေပြားချင်း ထိတွေ့ခွင့်ရတဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းမွန်တာတွေ့ရပါတယ်။ ဒါဟာ အရေပြားချင်း ထိတွေ့မှုရဲ့ ကောင်းကျိုးတွေ ဖြစ်ပြီး နှလုံးခုန်နှုန်း တည်ငြိမ်ခြင်း၊ အောက်စီဂျင်ကောင်းစွာ ရရှိခြင်း၊ ပိုမိုအိပ်ပျော်ခြင်းတွေ ပါဝင်ပါတယ်။

    သူဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို တိုးမြှင့်ပေးပါတယ်။

    သင့်ကလေးငယ်ဟာ သင့်လက်မောင်းအတွင်းမှာ နွေးထွေးစွာ ရှိမယ်ဆိုရင် သူတို့ ကိုယ်ခန္ဓါ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ကိုယ်ခန္ဓါ အပူချိန်ထိန်းညှိဖို့၊ မွေးပြီး ပတ်ဝန်းကျင်ကို နေသားကျဖို့အတွက် သုံးစရာမလိုတော့တာကြောင့် စွမ်းအင်သိုလှောင်ထားနိုင်ပါတယ်။ ရလဒ်အနေနဲ့ ကလေးငယ်တွေဟာ အနွေးပေးစက် အတွင်းထည့်ထားသူတွေနဲ့ ယှဉ်ရင် ပိုမို ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိနိုင်ပါတယ်။

    ကလေးနို့တိုက်ခြင်းကို လွယ်ကူစေပါတယ်။

    မိခင်နှင့်အသားချင်းထိကပ်ပြီးရင်ငွေ့လှုံခွင့် ရရှိတဲ့ မွေးကင်းစကလေးတွေဟာ မိခင်ရဲ့ နို့သီးခေါင်းကို အလွယ်တကူ ရှာဖွေနိုင်ပြီး နို့စို့ရာမှာလည်း လွယ်ကူနိုင်ပါတယ်။ ဒါ့ပြင် သုတေသန အတော်များများက အရေပြားအချင်းချင်း ထိတွေ့တဲ့မိခင်တွေဟာ မထိတွေ့တဲ့ မိခင်တွေထက် သုံးလပိုမို မိခင်နို့တိုက်ကျွေးနိုင်တယ်လို့ ဆိုပါတယ်။

    မိခင်နို့ ပိုထွက်စေပါတယ်။

    Feinberg ဆေးတက္ကသိုလ် မွေးကင်းစကလေးဌာန လက်ထောက်ပရော်ဖက်ဆာ Malika D. Shah က မိခင်နှင့် ကလေး အရေပြားအချင်းချင်း ထိတွေ့မှုဟာ မိခင်နို့ ပိုမိုထွက်စေတယ်လို့ ဆိုပါတယ်။ မိခင်တွေနဲ့ကလေးတွေ ပိုမို ဆက်နွယ်ရင်းနှီးမိကြတဲ့အခါမှာ မိခင်နို့ိထွက်စေတဲ့ ဟော်မုန်းတွေပိုအားကောင်းလာတယ်လို့ ဆိုပါတယ်။

    ကလေးငယ်ရဲ့ စိတ်ဖိစီးမှုနဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။

    ကလေးငယ်တွေကို ရင်ဘတ်ထဲမှာ မကြာခဏ ထွေးပွေ့ခြင်းဟာ သူတို့ကို တည်ငြိမ်စေပြီး လုံခြုံမှုကို ခံစားရစေပါတယ်။ သုသေတနတစ်ခုမှာ Lundington က အရေပြား အချင်းချင်း ထိတွေ့ခြင်းဟာ သင့်ကလေးရဲ့ ကော်တီဆုန်း ဟော်မုန်း ပမာဏကို ကျဆင်းစေပြီး oxytocin ဟော်မုန်း ထုတ်လုပ်နှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။

    ကလေးကို အိပ်စေပါတယ်။

    ကောင်းမွန်စွာ အိပ်ပျော်ခြင်းကလည်း အရေပြား အချင်းချင်း ထိတွေ့မှုကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးငယ်ဟာ စိတ်ဖိစီးမှု လျော့နည်းမယ်ဆိုရင် အခြား မိခင်နှင့် အရေပြားချင်းထိကပ် ရင်ငွေ့လှုံခွင့် မရတဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် သူဟာ ပိုမို နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပြီး မကြာခဏ နိုးထမှုလည်း နည်းပါးနိုင်ပါတယ်။

    ကလေးအဖေနဲ့ ရင်းနှီးမှုကိုလည်း မြှင့်တင်ပေးပါတယ်။

    သုတေသီတွေက အရေပြား အချင်းချင်း ထိတွေ့မှုဟာ မိခင်နဲ့ကလေးကြားက ရင်းနှီးမှုကို တိုးတက်စေရုံသာမက သူတို့ကို ပိုမိုတည်ငြိမ်စေတာမို့ ကလေးနဲ့ ကလေးအဖေရင်းနှီးမှုကိုလည်း တိုးတက်စေပါတယ်။

    ကလေးမွေးပြီး စိတ်ကျမှုကို ကာကွယ်ပေးခြင်း။

    အမေရိကန် မိခင်နှင့် ကလေးပြုစုစောင့်ရှောက်ရေး ဂျာနယ်က ကျွမ်းကျင်သူတွေက အရေပြားအချင်းချင်း ထိတွေ့ခြင်းဟာ Oxytocin ဟော်မုန်းထုတ်ပေးတယ်လို့ ဆိုပါတယ်။ ဒီဟော်မုန်းဟာ အမေတွေ စိတ်ပူပန်လွန်ခြင်းကို လျှော့ချပေးပြီး ရင်းနီးမှုကို တိုးတက်စေတာမို့ ကလေးမွေးပြီး စိတ်ဓါတ်ကျရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေပါတယ်။

    အရေပြား အချင်းချင်း ထိတွေ့ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တိုးမြှင့်ဖို့အတွက် သင့်ကလေးငယ်ကို မွေးပြီး ပထမ နှစ်နာရီမှာ ထွေးပွေ့ထားသင့်ပါတယ်။ ဒီအလေ့အကျင့်ကို ကလေးဘဝရဲ့ ပထမ ရက်သတ္တပတ် ၂၀ ကျော်မှာ ထိန်းသိမ်းထားသင့်ပြီး သူတို့ လှုပ်လှုပ်ရှားရှားလှုပ်ကာ ရင်ခွင်အတွင်းမှ ထွက်လိုဟန် မပြုမချင်း ပြုလုပ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement