backup og meta

မေမေပေးတဲ့ သဘာဝခြုံလွှာ


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေပေးတဲ့ သဘာဝခြုံလွှာ

    ကလေးလေးတွေရဲ့ အရေပြားလေးတွေဟာ နှင်းဆီပွင့်ဖတ်လေးလို သိပ်ကိုနူးညံ့တယ်။ တိမ်မျှင်စလေးလို ဖြူစင်လွန်းတယ်။ မိဘတွေအဖို့ ချစ်ခင်နှစ်လိုဖွယ်အပြည့်။ မထိရက်ထိရက်စရာ ‌မွှေးပျံ့နူးညံ့လွန်းတဲ့ အလွှာလေး။

    အသက်တစ်နှစ်အောက်ကလေးငယ်လေးတွေမှာ အပေါ်ယံအရေပြားက လူကြီးတွေထက် ၃၀% လောက် ပိုပါးလွှာတာမို့ သတိထားစရာအချက်တွေ များလှပါတယ်။ သိပ်နူးညံ့တာကြောင့် အရေပြားပြဿနာတွေ အလွယ်တကူဖြစ်နိုင်တာမို့ ဂရုတစိုက်ရှိဖို့လိုပါတယ်။ မိဘတွေအဖို့ ဒီနူးညံလွန်းတဲ့ အသားအရေလေးအတွက် ဘာတွေသတိထားရမယ် ဘာတွေရှောင်ကျဉ်ရမယ်ဆိုတာ သေချာမသိထားရင် စိတ်ဖိစီးပြီး မလိုအပ်ဘဲစိတ်ပူပန်တတ်ကြရတာမို့ ကလေးအ‌ရေပြားနဲ့ပတ်သက်လို့ ဗဟုသုတလေးတွေ မျှဝေပေးချင်ပါတယ်။

    ပထမဆုံး ကလေးငယ်တွေရဲ့အရေပြားလေး ဘာအလုပ်တွေ လုပ်ကြရတယ်ဆိုတာ ပြောပြချင်ပါတယ်။

    ၁။ အကာအကွယ်ပေးတဲ့တံတိုင်းလေး

    ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့အရာတွေ မဝင်အောင် ကာကွယ်ရတဲ့အလွှာလေးဖြစ်ပါတယ်။ မွေးပြီးပထမသုံးလအတွင်း ကလေးရဲ့အရေပြားမှာ အက်စစ်ဓာတ်ကဲနေ‌အောင် သဘာဝက ဖန်တီးပေးထားလို့ ရောဂါပိုးမွှားတွေနဲ့ Allergen လို့ခေါ်တဲ့ ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ ပစ္စည်းတွေ၊ Irritant လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ပစ္စည်းတွေကို ရှေ့ဆုံးကနေ အကာအကွယ်ပေးထားနိုင်တာပါ။ ဒါကြောင့် အရေပြားရဲ့ သဘာဝအက်ဆစ်ဓာတ်လေးကို ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။

    ၂။ ရေဓာတ်ထိန်းပေးတယ်။

    အရေပြားကနေ ရေဓာတ်ဆုံးရှုံးတာကို ချိန်ညှိပေးပါတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေထက် ရေဓာတ်ထိန်းထားနိုင်မှု လျော့နည်းပါသေးတယ်။ လမစေ့တဲ့ကလေးငယ်တွေမှာ ပိုလျော့နည်းပါတယ်။ ရေဓာတ်ကိုသေချာထိန်းပေးထားမှ ကလေးအရေပြားလေးဟာ စိုစိုပြည်ပြည် တင်းတင်းရင်းရင်းနဲ့ ကျန်းမာတဲ့အသွင်ကိုဆောင်ပါလိမ့်မယ်။

    ၃။ ခန္ဓာကိုယ်အပူချိန်ကိုထိန်းထားပေးတယ်။

    ကလေးငယ်လေးတွေရဲ့အရေပြားက ပူလွယ်အေးလွယ်ပါတယ်။ ပတ်ဝန်းကျင်အပူချိန်ကိုမူတည်လို့ အပူချိန်ထိန်းညှိတဲ့တာဝန်ကို ထမ်းဆောင်ပေမယ့်လည်း လူကြီးအရေပြားလို တာဝန်အပြည့်မလုပ်‌နိုင်သေးတာမို့ ပတ်ဝန်းကျင်အပူချိန် ချိန်ညှိပေးဖို့ လိုအပ်သလိုအဝတ်အထည်ရွေးချယ်ဝတ်ဆင်ပေးဖို့တွေ လိုအပ်နေပါသေးတယ်။

    သတိထားစရာလေးတွေ ~

    မွေးပြီးပြီးချင်း ပထမဆုံး သန့်ရှင်းရေးလုပ်ပေးတဲ့အခါ

    ကလေးငယ်လေးကို မိခင်ဝမ်းကကျွတ်ပြီးပြီးချင်းမှာ ချက်ချင်းရေမချိုးသင့်ပါဘူး။ နှလုံးခုန် အသက်ရှုမှန်နေပြီ နွေးနွေးထွေးထွေး ထားပြီးပြီဆိုမှ ပထမဆုံးအကြိမ် သန့်ရှင်းရေးကို လုပ်ပေးသင့်ပါတယ်။ သန့်ရှင်းပေးရာမှာ ရေနွေးသာသုံးသင့်ပါတယ်။ သန့်ရှင်းပေးသူက လက်အိပ်ဝတ်ပြီး ဂွမ်းလုံးလေးနဲ့သန့်ရှင်းပေးသင့်ပါတယ်။ သန့်ရှင်း‌ပေးဖို့ အချိန်ခဏပဲယူသင့်ပါတယ်။ ရည်ရွယ်ချက်က မိခင်ရဲ့သွေးနဲ့ရေမွှာရည်ကိုသာ သန့်ရှင်းဖို့ပါ။ ကလေးအရေပြားပေါ်ကပ်နေတဲ့ Vernix caseosa လို့ခေါ်တဲ့ မလိုင်လိုအဖြူနှစ်အဖတ်လေးတွေကို ဖယ်မပစ်ရပါဘူး။ ဒီအနှစ်လေးတွေက waterproof သဘောမျိုးရေလုံသလိုအာနိသင်ရှိတာကြောင့် အပူချိန် ချိန်ညှိပေးရာမှာ သိပ်ကို အသုံးဝင်တာကြောင့် ဖယ်မပစ်သင့်ပါဘူး။

    နေ့စဉ်သန့်ရှင်းရေး

    မွေးကင်းစလေးကို ချက်မကြွေခင်ထိတော့ ရေချိုးပေးဖို့ မလိုအပ်သေးပါဘူး။ မျက်စိ မျက်နှာကို ရေနွေးနဲ့ ဂွမ်းလုံးလေးတွေသုံးပြီး သန့်ရှင်းပေးရင် လုံလောက်ပါပြီ။ မကြွေသေးတဲ့ ချက်တိုင်လေးကို သန့်ရှင်းပြီးခြောက်သွေ့အောင်ထားဖို့ အရေးကြီးပါတယ်။ ဘာမှထည့်ဖို့မလိုပါဘူး။ ချက်ကြွေအပြီး ရေချိုးပြီးတိုင်းလည်း ချက်လေးကို အဝတ်သန့်နဲ့ ခြောက်သွေ့အောင် သုတ်ပေးဖို့လိုပါတယ်။

    ရေချိုးပေးခြင်း

    ပထမခြောက်လမှာ တစ်ပတ်ကို ၂-၃ ကြိမ် ရေချိုးပေးရင် လုံလောက်ပါပြီ။ ရာသီဥတုပေါ်မူတည်လို့ ကလေးသက်တောင့်သက်သာဖြစ်မယ့်အနေအထား ချင့်ချိန်ဆုံးဖြတ်နိုင်ပါတယ်။ ရေနွေးနွေးနဲ့သာ ချိုးပေးပါ။ ဆပ်ပြာအများကြီးသုံးဖို့ မလိုပါဘူး။ ဆပ်ပြာသုံးခဲ့ရင်တော့ ရောဂါပိုးတွေသေစေနိုင်တယ်ဆိုတဲ့ဆပ်ပြာတွေ Alkaline ဆပ်ပြာတွေ ရှောင်ရပါမယ်။ အရေပြားရဲ့ Acid pH ကို ဖျက်ဆီးပစ်နိုင်လို့ပါ။

    ပေါင်ဒါနဲ့ တခြားလိမ်းစရာတွေ

    ပေါင်ဒါကိုတော့ နောက်ပိုင်းမှာ ကလေးအဆုတ်ထဲရှိုက်မိစေနိုင်လို့ သုံးစွဲဖို့အားမ‌ပေးကြ‌ပါဘူး။ လိုးရှင်း နဲ့ moisturizer တွေ သုံးပေးချင်ရင်တော့ ကလေးအသားအရေနဲ့ သင့်တော်မယ့် parabens, phthalates and sulfates မပါဝင်သော နူးညံ့တဲ့ Formula နဲ့ထုတ်လုပ်ထားသည့် ပစ္စည်းများကို သာရွေးသုံးဖို့လိုပါမယ်။ တည့် မတည့်အမြဲ စောင့်ကြည့်ဖို့လည်း လိုပါမယ်။

    Nappy care

    ရှူးရှူးဝတ်လဲတိုင်း Diaper လဲတိုင်း အရေပြားကို စစ်ဆေးကြည့်ရှုဖို့လိုပါတယ်။ ရေနွေးနဲ့ဂွမ်းလုံးလေးတွေသုံးပြီး သန့်ရှင်းတာ အန္တရာယ်အကင်းဆုံးပါ။ တစ်ခါသုံးအဝတ်စိုလေးတွေ သုံးမယ်ဆိုရင်တော့ Alcohol နဲ့ Fragrance မပါတာ ရွေးသုံးဖို့လိုပါတယ်။ Barrier cream တစ်ခုခုလိမ်းပေးဖို့လိုပါတယ်။ Diaper size ကလေးနဲ့သက်တောင့်သက်သာရှိဖို့လိုပါတယ်။ Diaper မလောင်စေဖို့ ဝမ်းသွားရင် ချက်ချင်းလဲပေးဖို့လိုပြီး လဲချိန်တန်ရက်နဲ့မလဲဘဲအကြာကြီးထားတာမျိုးရှောင်ကျဉ်ရပါမယ်။

    နေရောင်ခြည်နဲ့‌ထိတွေ့မှု

    ခြောက်‌လအောက်ကလေးငယ်တွေကို နေရောင်ခြည်တိုက်ရိုက်မထိစေဖို့ သတိထားရပါမယ်။ ကလေးကြီးလာတဲ့အခါမှာလည်း မနက် ၁၀နာရီကနေ ညနေသုံးနာရီကြားအချိန်တွေမှာ နေပြင်းတာကြောင့် နေရောင်အောက်မသွားသင့်ပါဘူး။

    ရာသီဥတု

    အပူကြောင့် မိတ်ထွက်တတ်ပြီး အအေးကြောင့် အသားခြောက်တာ ယားတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ကလေးသက်တောင့်သက်သာရှိမယ့် အပူချိန်ထိ အေးအေးလူလူထားဖို့ မိုးနဲ့ဆောင်းမှာ နွေးနွေးထွေးထွေးရှိစေဖို့အတွက် အခန်းအပူချိန်၊ အဝတ်အစား စတာတွေသတိထားပေးဖို့လိုအပ်ပါတယ်။

    ထိတွေ့တဲ့ပစ္စည်းတွေ

    ကလေးအရေပြားနဲ့ အများဆုံးထိတွေ့လေ့ရှိတဲ့ အဝတ်အထည်၊ အိပ်ရာ စတာတွေ သန့်ရှင်းဖို့ နူးညံ့ပြီးသက်တောင့်သက်သာရှိဖို့ကိုလည်း ဂရုစိုက်ပေးရပါမယ်။

    အရေပြားပြဿနာတွေကြုံတဲ့အခါ ~

    တချို့အခြေအနေတွေက အလိုလိုပျောက်တတ်ပါတယ်။ တချို့ကတော့ ဆေးကုသမှုခံဖို့လိုပါတယ်။ ကလေးတွေရဲ့အရေပြားက သိပ်နူးညံ့တာမို့ နားလည်တတ်ကျွမ်းသူရဲ့ ကုသမှုကိုပဲ ခံယူဖို့ အရေးကြီးပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက် ဖြစ်ပွားတဲ့အကြောင်းရင်း တူ၊ မတူမသိနိုင်တာကြောင့် မိဘအချင်းချင် အကြံပေးတာ ဆေးဆိုင်ကအကြံပေးတာတွေနဲ့ ကလေးအရေပြားပြဿနာတွေကို မကုသကြဖို့ တိုက်တွန်းချင်ပါတယ်။

    ချစ်စရာရင်သွေးတို့ အရေပြားပြဿနာများ ကင်းဝေးပါစေ။

    Dr. Thet Htar Shwe Sin Win

    Yangon Children Hospital

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement