backup og meta

ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

    ထူးချွန်ထက်မြက်သူ တစ်ယောက်အဖြစ်နဲ့ အရွယ်ရောက်လာဖို့ဆိုရင်ဘေဘီလေးကို ငယ်စဉ်ကတည်းက IQရော EQ ပါ ကောင်းအောင် ပျိုးထောင်ပေးဖို့ပါ။ ဒီလိုပြောလို့ ဒါတွေကို ပျိုးထောင်လို့ ရလို့လားဆိုတော့ ရာနှုန်းပြည့် မဟုတ်ရင်တောင် ထက်ဝက်ကျော်လောက်အထိတော့ ပျိုးထောင်ပေးလို့ ရပါတယ်။ ဒါဆို မေးစရာရှိလာနိုင်တာက ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား ဆိုတာပါ။

    ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက စပြီး သေချာလေး ပျိုးထောင်ပေးမှုက ကလေးအနာဂတ်အတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ဦး အဖြစ် ကြီးပြင်းလာစေဖို့ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာကို ပြောပြပေးပါရစေနော်။

    ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား

    ဘေဘီလေး EQ ကောင်းအောင်ပျိုးထောင်လို့ရလား ဆိုတော့ ရပါတယ်။ ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ဦး ဖြစ်လာစေဖို့ဆိုရင် ဒီအချက်လေးတွေကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးထားဖို့ လိုပါမယ်။

    အမှီအခို ကင်းပါစေ

    ကလေးကို ငယ်စဉ်ကတည်းက သူ့ကိုယ်သူ အားကိုးတတ်အောင် လေ့ကျင့်ပေးထားပါ။ ကလေးတစ်ယောက်အတွက် မသင့်တော်တဲ့ အနေအထားတွေကလွဲလို့ အချို့သော အခြေအနေတွေကို ကလေးကိုယ်တိုင် ဖြေရှင်းနိုင်စေဖို့ လေ့ကျင့်ပေးထားပါ။ ကလေးကို လိုလေသေးမရှိ လိုက်မလုပ်ပေးဘဲ ဘေးကနေ လိုအပ်တာလေးတွေကို ပြုပြင်ပေးရုံလောက်ပဲ လုပ်ပေးပါ။ အမှီအခိုကင်းစေဖို့ နဲ့ ဆက်ဆံရေးကောင်းစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

    ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ပျိုးထောင်ပါ

    ကလေးကို ငယ်စဉ်ကတည်းက သူ့ကိုယ်သူ ယုံကြည်မှုရှိသူလေး တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးပါ။ လှုပ်ရှားမှုတိုင်း ဆုံးဖြတ်ချက်တိုင်းကို သူ့စိတ်နဲ့သူ လှုပ်ရှားတတ်စေဖို့ လေ့ကျင့်ပေးထားပါ။ ဒါမှ ကလေးက အရွယ်ရောက်လာလေလေ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးလာလေလေ ဖြစ်လာမှာပါ။

    ကိုယ်ချင်းစာတတ်အောင် လေ့ကျင့်ပေးပါ

    ကလေးတွေ အထူးသဖြင့် တစ်ယောက်တည်း မွေးထားတဲ့ ကလေးတွေဟာ ငယ်စဉ်ကတည်းက မျှဝေပေးရမယ့် မောင်နှမ မရှိတာကြောင့် အခြားသူတွေအပေါ်မှာ ကိုယ်ချင်းစာပေးတတ်တဲ့စိတ် နည်းတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးကို ငယ်စဉ်ကတည်းက ကိုယ်ချင်းစာတတ်သူ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးပါ။

    ကလေးရဲ့ ရင်ဖွင့်မှုကို နားထောင်ပေးပါ

    ကလေးက သူ့အတွေ့အကြုံ ဒါမှမဟုတ် အခက်အခဲ တစ်ခုခုကို ပြောပြလာတဲ့အခါ အေးအေးဆေးဆေး နားထောင်ပေးပါ။ ဒီလို နားထောင်ပေးတာကလည်း ကလေးကို အကောင်းဆုံး နားထောင်သူ ဖြစ်လာစေပြီး အခြားသူတွေရဲ့ ခံစားချက်ကို မျှဝေတတ်သူ ဖြစ်လာစေမှာပါ။ ဒီလို မျှဝေတတ်မှုကပဲ ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေး အရည်အသွေးကို မြှင့်တင်ပေးနိုင်မှာပါ။

    ကိုယ်တိုင်က စံပြ ဖြစ်ပေးပါ 

    ဘေဘီလေးတွေရဲ့ လက်ဦးဆရာက မေမေဖေဖေပါ။ ဒါကြောင့် ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်တယ်ဆိုရင် မိဘတွေ ကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းသူ တစ်ယောက်ဖြစ်အောင် လေ့ကျင့်ယူပါ။

    အသင်းအဖွဲ့နဲ့ ကစားတတ်အောင်လုပ်ပေးပါ

    ကလေးကို ငယ်စဉ်ကတည်းက အသင်းအဖွဲ့နဲ့ ကစားရတဲ့ အားကစားတစ်ခုခုကို ပေးလုပ်တာကလည်း ကလေးကို စိတ်ရော ကိုယ်ပါကျန်းမာစေနိုင်ပြီး အသင်းအဖွဲ့ စိတ်ဓါတ်ရှိအောင် ပျိုးထောင်ပေးနိုင်မှာပါ။ ဒါတွေအပြင် အများနဲ့ ပြောဆိုဆက်ဆံရမှုကို စိမ်းမနေစေဘဲ ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းလာစေမှာပါ။

    ကဲ… ဘေဘီလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းသူလေးတစ်ဦးအဖြစ် ကြီးပြင်းလာအောင် ငယ်စဉ်ကတည်းက သေချာလေးပျိုးထောင်ပေးနိုင်ကြပါစေကြောင်း……………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement