backup og meta

ဘေဘီလေး နေမကောင်းဖြစ်နေလားဆိုတာကို ဒီအချက်တွေနဲ့သိနိုင်ပါတယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး နေမကောင်းဖြစ်နေလားဆိုတာကို ဒီအချက်တွေနဲ့သိနိုင်ပါတယ်နော်
    အိမ်မှာ ဘေဘီလေးတစ်ယောက်ရောက်လာရင်ပျော်စရာတွေများသလို သူ့အတွက်စိုးရိမ်ပူပန်ရတာတွေကလည်း အများသား။ ငိုရင်လည်း ဘာလို့ ငိုတာလဲ၊ အိပ်နေရင်လည်း နေများမကောင်းဘူးလားဆိုပြီးတော့ပေါ့။ ဒီတစ်ခေါက်တော့ စိုးရိမ်တတ်တဲ့မေမေဖေဖေတွေ ဘေဘီလေးရဲ့ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေပြောပြပေးမယ်နော်။

    ကလေးရဲ့ ကျန်းမာရေးကို ဒီအချက်တွေနဲ့သိနိုင်ပါတယ်

    ကလေးရဲ့ ကျန်းမာရေးကိုသိနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။ ဒီအချက်တွေထဲမှာမှ အခုအချက်ကလေးတွေကို သိရုံနဲ့တင်ကလေးကနေကောင်းရဲ့လားဆိုတာကို သိနိုင်မှာပါ။

  • ခန္ဓာကိုယ်အပူချိန်
  • နှလုံးခုန်နှုန်း
  • အသက်ရှူနှုန်း
  • (၁) ခန္ဓာကိုယ်အပူချိန်
    ကလေးက ပုံမှန်ကိုယ်အပူချိန်ထက်ပိုများနေပြီဆိုရင် အဖျားရှိနေတာပါ။ ဒါက ခန္ဓာကိုယ်က ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်နေတယ်ဆိုတဲ့ အဓိကလက္ခဏာတစ်ရပ်ပါ။ ကလေးတစ်ယောက်က ပုံမှန်အနေနဲ့ ပါးစပ်ကနေ အပူချိန်တိုင်းကြည့်ရင် ၉၈.၆ ဒီဂရီဖာရင်ဟိုက်ရှိရမှာဖြစ်ပြီး စအိုကနေတိုင်းကြည့်မယ်ဆိုရင် အပူချိန်က ၉၉.၆ ဒီဂရီဖာရင်ဟိုက်ရှိရမှာဖြစ်ပါတယ်။ ပါးစပ်ကနေတိုင်းတဲ့အပူချိန်က ၉၉.၅ ဒီဂရိဖာရင်ဟိုက်ထက်များနေမယ်။ စအိုကနေတိုင်းကြည့်တဲ့အခါ အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ဆိုရင်တော့ ကလေးကဖျားနေပါပြီ။
    ကလေးကိုအပူချိန် ဘယ်လိုတိုင်းမလဲ
    ကလေးကို စအိုကနေအပူချိန်တိုင်းမယ်ဆိုရင်တော့ အရင်ဆုံး
    • ကလေးကိုပေါင်ပေါ်မှာ မှောက်ရက်အနေအထားတင်ပါ
    • အဖျားတိုင်းတံရဲ့ ထိပ်ပိုင်းလေးကို petroleum jelly နည်းနည်းလောက်လူးပေးလိုက်ပါ
    • စအိုထဲသို့ အဖျားတိုင်းတံကို လက်မဝက်လောက်ထည့်လိုက်ပါ
    • ခဏနေရင် ပြန်ထုတ်ပြီး အပူချိန်ကိုဖတ်ကြည့်ပါ။

    ကလေးကို ပါးစပ်ကနေ အပူချိန်တိုင်းမယ်ဆိုရင်တော့

    • အဖျားတိုင်းတံကို ကလေးရဲ့ လျှာအောက်မှာထားပေးပါ
    • ပြီးရင်ကလေးကို နှုတ်ခမ်းစေ့လို့ ပါးစပ်ပိတ်ခိုင်းထားပါ
    • ခဏနေရင်ထုတ်ပြီး အပူချိန်ကိုဖတ်ကြည့်ပေးပါ။
    • စအိုမှာတိုင်းတဲ့ သာမိုမီတာကို ပါးစပ်ထဲ မထည့်ပါနဲ့။
    (၂) နှလုံးခုန်နှုန်း
    ကလေးရဲ့ နှလုံးခုန်နှုန်းကလည်း သူတို့လေးတွေ ကျန်းမာရဲ့လားဆိုတာကို ဖော်ပြပေးနိုင်ပါတယ်။ ကလေးက အရမ်းဆော့ထားမယ်၊ လှုပ်ရှားထားမယ်ဆိုရင် နှလုံးခုန်နှုန်းကမြန်နေနိုင်ပြီး ကလေးက အိပ်နေချိန်မှာဆိုရင်တော့ နှလုံးခုန်နှုန်းကနှေးနိုင်ပါတယ်။ ကလေးတစ်ယောက်ကို ကျန်းမာနေစေချင်တယ်ဆိုရင် နှလုံးခုန်နှုန်းက လျစ်လျူရှုထားလို့မရပါဘူး။
    ကလေးက အခုလိုမျိုးအခြေအနေတွေ ဖြစ်နေမယ်ဆိုရင်တော့ဆေးကုသမှုခံယူဖို့လိုမှာပါ။
    • ကလေးက နှလုံးခုန်နှုန်းအရမ်းမြန်နေမယ်
    • သတိလစ်မယ်
    • မှိန်းနေမယ်
    • ပန်းနာရင်ကျပ် မရှိပါဘဲ အသက်ရှူရခက်နေမယ်
    • ခန္ဓာကိုယ်က ဖျော့တော့နေမယ်
    • နှုတ်ခမ်းတွေ ပြာနေမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေပါနော်။

    ကလေးရဲ့ နှလုံးခုန်နှုန်းကို ဘယ်လိုတိုင်းတာမလဲ

    ကလေးရဲ့နှလုံးခုန်နှုန်းကို မတိုင်းတာခင် ၅ မိနစ်လောက် ကလေးကို သက်သောင့်သက်သာနေခိုင်းပါ။ ပြီးရင် လက်ညှိုးနဲ့လက်ခလယ်ထိပ်လေးတွေကိုသုံးပြီး ကလေးရဲ့ လည်ပင်းက သွေးကြော ဒါမှမဟုတ် လက်ကောက်ဝတ်၊ တံတောင်ခွက်တို့ကသွေးခုန်နှုန်းကိုစမ်းကြည့်ပါ။ လက်ထိပ်မှာ လာတိုးတာကိုခံစားမိမှာပါ။ စက္ကန့် ၃၀ အချိန်မှတ်ထားပြီး သွေးခုန်တဲ့အကြိမ်ရေကိုတိုင်းတာပါ။ ပြီးရင်တော့ ရလာတဲ့အရေအတွက်ကို ၂ နဲ့မြှောက်လိုက်ပါ။ ဒါက ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းပါ။

    ဘေဘီလေးတို့ရဲ့ ပုံမှန်နှလုံးခုန်နှုန်း

    မွေးစကနေ ၁၂ လ အတွင်းမှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၀၀ ကနေ ၁၆၀ ရှိရပါမယ်။
    တစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၉၀ ကနေ ၁၅၀ ရှိရပါမယ်။
    သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၈၀ ကနေ ၁၄၀ ရှိရပါမယ်။
    အသက် ငါး နှစ်ကနေ ၁၂ နှစ်အတွင်းမှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၇၀ ကနေ ၁၂၀ ရှိရပါမယ်။
    ၁၂ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၆၀ ကနေ ၁၀၀ ရှိရပါမယ်။
    ဘေဘီလေးတွေက လူကြီးတွေထက်နှလုံးခုန်နှုန်းပိုမြန်နေကြသလို အရွယ်ရောက်လာတာနဲ့အမျှ နှလုံးခုန်နှုန်းကနှေးသွားတတ်ကြပါတယ်။

    (၃) အသက်ရှူနှုန်း

    ဒါကတော့ ဘေဘီလေးရဲ့ တစ်မိနစ်အတွင်း အသက်ရှူနှုန်းကို တိုင်းတာပါ။ ကလေးက စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ရှုပ်ထွေးတဲ့အခါ၊ နာကျင်မှုတစ်ခုခုကိုခံစားရတဲ့အခါမျိုးနဲ့ အဖျားရှိနေတဲ့အခါမျိုးမှာ အသက်ရှူနှုန်းက ပုံမှန်ထက်ပိုမြန်နိုင်ပါတယ်။ အသက်ရှူနှုန်းမြန်နေတာ နှေးနေတာက ကလေးမှာ အသက်ရှူရတာအခက်အခဲရှိနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့် ကလေးက အသက်ရှူတာအပြောင်းအလဲဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်နော်။

    ကလေးက အသက်ရှူမြန်နေပြီး အခုလိုလက္ခဏာတွေပြနေမယ်ဆိုရင် ကလေးအခြေအနေက ချက်ချင်းကုသမှုခံယူဖို့လိုနေပါပြီနော်။

    • ပါးစပ်တစ်ဝိုက် ပြာနှမ်းနေမယ်
    • အသားအရေက သွေးရောင်ပျောက်ပြီးဖျော့တော့နေမယ်
    • အသက်ရှူတဲ့အခါ အသံတွေထွက်ပြီး ကလေးက အသက်ရှူရတာ ခက်ခဲနေပုံရနေမယ်
    • နှာခေါင်းကို ပွပြီ အသက်ကိုရှိုက်ရှူနေမယ်
    • အသက်ရှူတာ ချွဲသံပါနေမယ်
    • ချွေးတွေ အရမ်းထွက်နေမယ်
    • ပင်ပန်းနေမယ်
    • အသက်ရှူလိုက်တိုင်း ရင်ဘတ်အပေါ်ပိုင်းက ချိုင့်ဝင်နေမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်နဲ့အမြန်ဆုံးပြသပေးပါ။
    ကလေးအသက်ရှူနှုန်းကို ဘယ်လိုတိုင်းတာမလဲ
    စက္ကန့် ၃၀ အတွင်း ကလေးရင်ဘတ်အနိမ့်အမြင့်ဖြစ်တာကိုတွက်ရပါတယ်။ပြီးရင်ရလာတဲ့ အရေအတွက်ကို ၂ နဲ့မြှောက်ရပါမယ်။ ဒါကဘေဘီလေးရဲ့ ပုံမှန် အသက်ရှူနှုန်းပါ။
    ကလေးတစ်ယောက်မှာရှိသင့်တဲ့ ပုံမှန်အသက်ရှူနှုန်း
    • မွေးစကနေ ၁၂ လအရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၃၀ ကနေ ၆၀
    • ၁ နှစ်ကနေ ၃ နှစ်အရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၂၄ ကနေ ၄၀
    • အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းက တစ်မိနစ်ကို ၂၂ ကြိမ်ကနေ ၃၄ ကြိမ်
    • အသက် ၅ နှစ် ကနေ ၁၂ အရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းက တစ်မိနစ်ကို ၁၈ ကြိမ်ကနေ အကြိမ်ရေ ၃၀
    • အသက်၁၂ နှစ် ကန ၁၈ နှစ်အရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းကတစ်မိနစ်ကို ၁၂ ကြိမ် ကနေ ၁၆ ကြိမ်ရှိရပါမယ်။

    ဒီအချက်လေးတွေကို ဆန်းစစ်ကြည့်လို့ ကလေးကျန်းမာရဲ့လားဆိုတာကို ကိုယ်တိုင်အဖြေထုတ်ကြည့်လိုက်ပါနော်။ ဘေဘီလေးတိုင်း ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်ကြပါစေကြောင်း……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement