backup og meta

ကလေးတွေ အိပ်ပါစေ…


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ အိပ်ပါစေ…

    ကလေးတွေအတွက် အိပ်စက်ခြင်းဟာ အစားအစာ နှင့် လုံခြုံစွာနေထိုင်ရမှုထက်မနည်း အရေးကြီးပါတယ်။ အကြောင်းကတော့ အိပ်စက်ခြင်းဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်မှာသာမက ကိုယ်ကာယဖွံ့ဖြိုးမှုအပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှု ရှိနေလို့ပါပဲ။

    ဒါပေမယ့် အိပ်ချိန်တစ်ခုပဲ အရေးကြီးတာတော့ မဟုတ်ပါဘူး။ အိပ်စက်တဲ့အချိန်အတွင်းမှာလည်း အနှောင့်အယှက်ကင်းကင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့နဲ့ နေ့လည်နေ့ခင်းလိုအချိန်တွေမှာ တစ်မှေးအိပ်စက်ခြင်းတွေဟာဆိုရင်လည်း အရေးကြီးပါတယ်။

    ယေဘုယျအားဖြင့်

    • မွေးကင်းစအရွယ်မှ ၃ လ ကလေးငယ်များဟာ တစ်နေ့ကို စုစုပေါင်း ၁၀.၅ နာရီ မှ ၁၈ နာရီကြာအောင် အိပ်တတ်ကြပြီး တစ်ဆက်တည်း အိပ်တာမျိုးမဟုတ်ဘဲ ကြားထဲမှာ (၁ နာရီ မှ ၃နာရီ‌လောက်အထိ) နိုးထနေမှုများလည်း ရှိတတ်ပါတယ်။
    • အသက် ၄ လ မှ ၁၁လ ကလေးငယ်များဟာ ညအိပ်ချိန်ကို ၉နာရီမှ ၁၂နာရီခန့် ယူလေ့ရှိကြပြီး မိနစ် ၃၀ မှ ၂ နာရီအထိကြာမြင့်တတ်သော တစ်မှေးအိပ်စက်ခြင်းကိုလည်း ၁ကြိမ်မှ ၄ကြိမ်အထိ ဆောင်ရွက်တတ်ပါတယ်။
    • အသက် ၁ နှစ် မှ ၂ နှစ်အရွယ်လေးများကတော့ ၂၄နာရီအတွင်း အိပ်ချိန် ၁၁ နာရီမှ ၁၄နာရီ ကြား လိုအပ်ပါတယ်။
    • ၃ နှစ် မှ ၅ နှစ် အရွယ်မှာဆိုရင်ဖြင့် ညအိပ်ချိန် နဲ့ တစ်ရေးတစ်မောအိပ်ချိန်အပါအဝင်ဟာ ၁၁ နာရီမှ ၁၃ နာရီအတွင်း ကြာမြင့်တတ်ပြီး
    • ၆ နှစ် မှ ၁၃ နှစ်အရွယ်မှာတော့ အိပ်ချိန်ဟာ ၉ နာရီမှ ၁၁ နာရီအကြား ရှိသင့်ပါတယ်။
    • ၁၄ နှစ် မှ ၁၇ နှစ် အရွယ်မှာဆိုရင်ဖြင့် အိပ်ချိန်ဟာ ၇နာရီမှ ၉နာရီ အကြား ကြာမြင့်သင့်ပါတယ်။

    အိပ်ချိန်မှန်မှန်နဲ့ ကောင်းမွန်စွာ အိပ်စက်ခွင့်ရတဲ့ ကလေးတစ်ယောက်မှာဆိုရင်

    • အခြားသူများထက် အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်တယ်
    • ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်တယ်
    • ပိုမို ပျော်ရွှင်တတ်တယ်
    • အခြားကလေးများထက် တောင်းဆိုမှုတွေလည်း ပိုနည်းတယ် စတဲ့အချက်တွေ တွေ့မြင်နိုင်ချေ ပိုများပါတယ်။

    လေ့လာတွေ့ရှိချက်တစ်ခုမှာဆိုရင် IQ မြင့်တဲ့သူတွေဟာ အိပ်ချိန် ပိုများကြကြောင်းတွေ့ရှိထားပါတယ်။ အဲလိုပြောလို့ ပိုအိပ်တာကောင်းတယ်ချည်း မဟုတ်ပါဘူးနော်။ ယနေ့ခေတ်အချိန်အရ လူတွေဟာ ဖျော်ဖြေရေးတွေ၊ အင်တာနက်၊ ရုပ်ရှင်၊ ဂိမ်း စတာတွေကြောင့် အိပ်ချိန် လျော့နည်းလာကြချိန်မှာ IQ မြင့်တဲ့လူတွေက ယေဘုယျအားဖြင့် အိပ်ချိန်ပိုကြကြောင်း လေ့လာတွေ့ရှိထားတာဖြစ်ပါတယ်။ နေ့စဉ် အခြားကလေးများထက် အိပ်ချိန်ပိုလာတာကို သတိထားမိလာပြီဆိုရင်တော့လည်း ဒါဟာ စိတ်ကျခြင်းရဲ့ လက္ခဏာဖြစ်နိုင်တာမို့လို့ မိဘတွေအနေနဲ့ သတိထားသင့်ပါတယ်။ အကြောင်းကတော့ လူတော်တော်များများ တွေးထင်ထားတဲ့ ကလေးတွေဟာ depression မဝင်နိုင်ဘူးဆိုတဲ့အချက်ဟာ အမှန်မဟုတ်လို့ပါပဲ။ ကလေးတွေဟာလည်း စိတ်ကျခြင်းကို ခံစားရနိုင်ပါတယ်။

    အိပ်ချိန်လျော့နည်းလာပြီဆိုရင်တော့…

    • စိတ်ခံစားမှုအပြောင်းအလဲမြန်တဲ့ mood swing လိုအရာတွေ
    • attention deficit hyperactivity disorder(ADHD) မှာ တွေ့ရတတ်တဲ့ အာရုံစူးစိုက်နိုင်မှုအားနည်းခြင်း၊ တစ်နေရာတည်းတွင် ကြာကြာ ငြိမ်သက်စွာ မနေနိုင်ခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုစွမ်းအားနည်းခြင်း စသော အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ
    • စိတ်ဖိစီးမှုဖြစ်လာခြင်း၊ ပင်ပန်းထိုင်းမှိုင်းနေခြင်းတွေ
    • ဆီးချိုဖြစ်ရန် အခွင့်အလမ်းပိုများခြင်း
    • အဝလွန်ရောဂါ ဖြစ်ပွါးနိုင်ချေ ပိုများခြင်း
    • ကြီးကောင်ဝင်ချိန်တွင် သွေးတိုးရောဂါဖြစ်ပွါးနိုင်ချေ ပိုများခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    နောက်တစ်ခုကတော့ အိပ်ချိန်လေး အနည်းငယ်လောက် လျော့နည်းရုံပါလို့ ပေါ့ပေါ့ဆဆတွေးလို့ မရပါဘူး။ အနည်းငယ်သောအိပ်ချိန်လျော့နည်းခြင်းဟာဆိုရင်လည်း ကလေးတွေကို နွမ်းလျစေပါတယ်။ တစ်ခါတစ်ရံ ကလေးတွေဟာ တက်ကြွနေတယ်လို့ ထင်ရနိုင်ပြီး အမှန်တကယ်မှာ မိဘတွေ၊ သူငယ်ချင်းတွေနှင့် ကစားချင်သောကြောင့် အဲ့ဒီလို တက်ကြွနေဖို့ကို သူတို့ကိုယ်တိုင်က ကြိုးစားနေကြတာဖြစ်ပြီး နောက်ပိုင်းမှာ အလွန်အမင်း ခြေကုန်လက်ပန်းကျခြင်းမျိုးကဲ့သို့သော အရာတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ ဇီဇာကြောင်တာတွေ၊ ဒေါသထွက်လွယ်တာတွေ၊ ဒါမှဒါဆိုပြီး တစ်ယူသန်တာတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ပျော်ဖို့ ခက်ခဲသွားတာတွေ၊ ညအချိန်မှာ နိုးနေတာမျိုးတွေလည်း ဖြစ်လာနိုင်လို့ မပေါ့ဆသင့်ပါဘူး။

    ဒီလိုတွေမဖြစ်ဖို့ကတော့…

    • မိဘက ကိုယ့်သားသမီးရဲ့ အိပ်ချိန်ကို လေ့လာတတ်ပြီး ပုံမှန် အိပ်ချိန် သတ်မှတ်ပေးသင့်ပါတယ်။
    • စနေ၊ တနင်္ဂနွေနဲ့ ကြားရက်တွေရဲ့ အိပ်ချိန်ဟာဆိုရင်လည်း ကျောင်းနေအရွယ်ကလေးများအတွက် မိနစ် ၃၀ အထက် ကွာဟချက် မရှိသင့်သလို ပျိုဖော်ဝင်ချိန် အရွယ်အတွက်ကတော့ ၁.၅နာရီ အထက် ကွာဟချက် မရှိသင့်ပါဘူး။
    • ကလေးတွေအတွက် သတ်မှတ်ပေးထားတဲ့ အိပ်ချိန်မတိုင်ခင် မိနစ် ၃၀ မှ မိနစ် ၆၀ အတွင်းကိုလည်း မည်သည့် လျှပ်စစ်ပစ္စည်းမှ ပေးမကိုင်သင့်ပါဘူး။ (ဖုန်း၊ TV စတဲ့ အရာတွေဟာဆိုရင် အိပ်ရာမဝင်ခင်အချိန်အထိ အသုံးပြုမယ်ဆိုရင် အိပ်ပျော်ဖို့ ခက်ခဲစေခြင်း၊ အိပ်ချိန်ကို လျော့နည်းသွားစေခြင်းတို့ ဖြစ်စေနိုင်ပါတယ်)
    • ကလေးတွေရဲ့ အိပ်ရာပေါ် နဲ့ အိပ်ရာဝန်းကျင်မှာလည်း လျှပ်စစ်ပစ္စည်းများ မရှိသင့်သလို အခန်းအပူချိန်ဟာလည်း အသင့်အတင့်နှင့် မီးမှိတ်ထားပြီး မှောင်နေတာမျိုး ဖြစ်သင့်ပါတယ်။

    ဒီလိုမျိုးလေး ကလေးအတွက် ဆောင်ရွက်ပေးထားမယ်ဆိုရင် ကလေးအတွက် အများကြီး အကျိုးရှိသလို မိမိကိုယ်တိုင်အတွက်လည်း ကောင်းမွန်စွာ အိပ်ပျော်ခွင့်ရနိုင်ဖို့ အခွင့်အလမ်းများသွားမှာပဲ ဖြစ်ပါတယ်။

    ကျေးဇူးတင်ပါတယ်

    ‌ရေးသားသူ – May Kham Eain

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement