backup og meta

လမ်းလျှောက်ခြင်း အနုပညာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Thi Han Soe မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လမ်းလျှောက်ခြင်း အနုပညာ

    နေ့စဉ်လျှောက်လှမ်းနေတဲ့ခြေလှမ်းလေးတွကို သဘောကျရဲ့လား။ အခြားသူတွေက လမ်းလျှောက်ရင် စမတ်ကျလှပပြီး ကိုယ့်ကျမှအဆင်မပြေဘူးဖြစ်နေတယ်၊လို့ ထင်နေလား။ ဒီလိုဖြစ်နေတာက ဘာကြောင့်လို့ သင်ထင်လဲ။ အဖြေသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ကိုယ့်ဆီမှာရှိနေတဲ့ အပြုအမူတွေရဲ့ ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက်က ငယ်စဉ်ဘဝက ထိတွေ့မြင်တွေ့ခဲ့ရသူတွေထံကနေ သင်ယူထားတာပါနော်။

    ခြေလှမ်းလှလှလှမ်းပါစေ

    သင်စီးနေတဲ့ ဖိနပ်နှစ်ဖက်မှာ တစ်ဖက်နဲ့ တစ်ဖက် အထူအပါးမညီတာမျိုး၊ နောက်မြီးပေါက် ထိပ်ပေါက်ဖြစ်နေမျိုးတွေ ရှိနေလား။ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့လမ်းလျှောက်ပုံနဲ့ ခြေထောက်အနေအထားကြောင့်ဖြစ်နေတာပါ။ ဒီပြဿနာတွေရဲ့အစက ဘာဖြစ်မယ်လို့ သင်ထင်ပါသလဲ။ မြန်မာမှုနယ်ပယ်မှာ ” လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ” ဆိုတဲ့စကားရှိပါတယ်။ သင့်ရဲ့လမ်းလျှောက်တဲ့ပုံစံ၊ အမူအကျင့်စတာတွေက သင်ငယ်စဉ်က သင့်မိဘနဲ့ ပတ်ဝန်းကျင်ကနေ သင်ယူရရှိလာတာပါ။ လက်ဦးဆရာက မိဘတွေဆိုပေမယ့် ဒီနေ့ခေတ်မှာတော့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ကြတာက မိဘတွေတင်မဟုတ်တော့ပါဘူး။ မိဘတွေက အလုပ်တွေ၊ စားဝတ်နေရေးတွေနဲ့ မအားမလပ်ဖြစ်လာတော့ အဖိုးအဖွားတွေ၊ ကလေးထိန်းတွေ၊ အိမ်ဖော်တွေနဲ့ ကလေးကို ထားခဲ့ရပါတယ်။ ကလေးငယ်စဉ် လမ်းမလျှောက်တတ်ခင်ကာလအထိမှာတော့ သိပ်မထူးခြားသေးပေမယ့် လမ်းစလျှောက်ပြီဆိုရင်တော့ သတိထားရတော့မှာပါ။

    ဘာလို့လဲ

    ကလေးတစ်ယောက်ရဲ့ သင်ယူမှုက လမ်းလျှောက်တာတင်လားဆိုတော့ မဟုတ်ပါဘူးနော်။ ကလေးငယ်တစ်ယောက်က မွေးဖွားလာပြီး အရွယ်မရောက်ခင်ကာလအထိ အဆက်မပြတ်သင်ယူမှုတွေကို လုပ်ပါတယ်။ သူလမ်းစလျှောက်တတ်ပြီးနောက် သူ့ရဲ့ လှုပ်ရှားမှုတွေကို သတိထားကြည့်ပေးပါ။ သူ့ကို ထိန်းကျောင်းပေးတဲ့သူရဲ့ လှုပ်ရှားပုံနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်။ဥပမာ – ကလေးကို အဖွားက ထိန်းတယ်။ အဖွားက အသက်ကြီးနေပြီ ဝလည်း ဝနေတယ်ဆို သူ့ရဲ့လမ်းလျှောက်ပုံက ပုံမှန်ဖြစ်မနေတော့ပါဘူး။ လမ်းလျှောက်ရင် ကွတကွတဖြစ်နေမယ်၊ ခြေခွင်နေမယ်၊ ပစ်တိုင်းထောင်လိုယိမ်းပြီးလမ်းလျှောက်မယ် အဲဒီလိုတွေဖြစ်နေတတ်ပါတယ်။ ကလေးလမ်းစလျှောက်ကတည်းကနေ လေး၊ ငါးနှစ်အထိ အဖွားက ဒိုင်ခံထိန်းနေရင် ကလေးရဲ့ လမ်းလျှောက်ပုံက အဖွားရဲ့ပုံစံနဲ့ အနီးစပ်ဆုံးဖြစ်လာပါတယ်။ ဒါပေမယ့် တချို့ကလေးတွေကတော့ မိဘတွေဆီက ဂျင်းန်( Genes ) ကို အပြည့်အဝယူတတ်ပါတယ်။ သူတို့ကို ဘယ်သူထိန်းထိန်း မိဘလမ်းလျှောက်ပုံနဲ့ပဲ တူတတ်ပါတယ်။ တခြား မြင်နိုင်တာတွေက ကလေးငယ်ကို ထိန်းတဲ့သူရဲ့ဘာသာစကားလေယူလေသိမ်းနဲ့ ကလေးက စကားပြောတာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။ အိမ်တစ်အိမ်က မိသားစုတစ်ခုမှာ ချောင်းဆိုးပုံ၊ နှာချေပုံ၊ သန်းဝေတဲ့ပုံစံတွေကလည်း မိဘနဲ့ မောင်နှမတွေမှာ ပုံစံတူဖြစ်နေတတ်ပါတယ်။ စကားပြောရင် အော်ပြောတတ်တဲ့အိမ်က ကလေးဟာလည်း သူစကားပြောတဲ့အခါ အော်ပြောတော့တာပါပဲ။

    နောက်တစ်ခုက လမ်းမှာ လမ်းလျှောက်နေတဲ့သူတွေကို သေချာလိုက်ကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ပုံစံမျိုးစုံလမ်းလျှောက်နေတာကို မြင်ရလိမ့်မယ်။ ခြေနှစ်ချောင်း လက်နှစ်ချောင်းပါတာချင်းတူတူကို မတူကွဲပြားစွာ လမ်းလျှောက်နေကြတာပါ။ရှေ့ကို စိုက်စိုက် စိုက်စိုက်နဲ့လျှောက်သူ၊ ကုန်းကုန်း ကုန်းကုန်းနဲ့ လျှောက်သူ၊ ဘယ်ညာယိမ်းပြီး လျှောက်သူ၊ ဆတ်တောက်ဆတ်တောက်လျှောက်သူ၊ ကားကား ကားကားနဲ့လျှောက်သူ၊ ခြေဦးနှစ်ဘက်ကို အတွင်းဘက်ထည့်ပြီး လျှောက်သူ စသည်ဖြင့်တွေ့ရမှာပါ။ တချို့သူတွေမှာ ရောဂါကြောင့် လမ်းလျှောက်ပုံမမှန်တာမျိုးတွေတော့ ရှိတတ်ပါတယ်။ ရောဂါမရှိဘဲ လမ်းလျှောက်ပုံမမှန်ဖြစ်နေတဲ့သူတွေကတော့ ပြန်ပြုပြင်ပြီး အကျင့်ပြန်လုပ်လျှောက်ရင် ရပါတယ်။ မော်လ်ဒယ်တွေ Catwalk လျှောက်လေ့ကျင့်ပြီးနောက် အပြင်မှာပါလျှောက်နေသလိုမျိုးပေါ့။ လျှောက်ပါများရင် အကျင့်ဖြစ်သွားပြီး ပုံမှန်လမ်းလျှောက်သလိုပဲဖြစ်သွားမှာပါ။

    အခုလို လမ်းလျှောက်ပုံ၊ ကိုယ်အမူအရာ အလေ့အကျင့်တွေကို ကလေးငယ်တွေမှာ မှန်ကန်စွာပုံသွင်းပေးနိုင်ဖို့ သတိထားပေးသင့်ပါတယ်။ဥပမာ – လမ်းလျှောက်ပုံမှန်တဲ့၊ စကားပီတဲ့၊ အမူအကျင့်ကောင်းတဲ့ ကလေးထိန်းတဲ့သူကို ကလေးငယ်ရဲ့ အရေးကြီးတဲ့အသက်အပိုင်းအခြားလေးမှာ ထိန်းပေးဖို့ထားသင့်ပါတယ်။ အခုလိုပြောပေမယ့် အဖိုးအဖွားတွေနဲ့ မြေးတွေ မြစ်တွေကြားမှာ သွေးခွဲတာမဟုတ်ပါဘူး။ မိဘတွေက ကလေးငယ်နဲ့အတူ လမ်းလျှောက်ထွက်ပေးတာ အဖေ အမေ တစ်ယောက်ယောက်က ရှေ့ကလျှောက်ပြပြီး ကလေးငယ်ကို အနောက်ကနေလိုက်စေတာမျိုး ပြုလုပ်ပေးပါ။ ကလေးငယ်ရဲ့ ပတ်ဝန်းကျင်မှာ ကောင်းတာတွေချည်းပဲရှိနေအောင် ဖန်တီးပေးပါ။ အဲဒီလိုဆိုရင် ကလေးငယ်ဟာ ပုံမှန်အပြုအမူနဲ့ ပုံမှန်ထက်ပိုကောင်းတဲ့ အလေ့အကျင့်တွေနဲ့ ကြီးပြင်းလာမှာပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Thi Han Soe မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement