backup og meta

ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ

    ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အသက်တစ်နှစ်မပြည့်ခင်ကာလက အရေးကြီးဆုံးအချိန်ပါ။ မွေးစကနေခြောက်လအတွင်းတော့ မိခင်နို့ သို့မဟုတ် နို့မှုန့်နဲ့ အာဟာရဖြည့်တင်းလာခဲ့ပေမယ့်ခြောက်လကျော်၊ တစ်နှစ်ဝန်းကျင်လောက်ဖြစ်လာရင်ကြေညက်အောင်ချေထားတဲ့ထမင်း သို့မဟုတ်ဖြည့်စွက်အာဟာရတွေပါ တွဲကျွေးလို့ရပါပြီ။ နို့ဖြတ်သင့်တဲ့ အရွယ်ကိုလည်း ရောက်လာပါပြီ။

    ဒါပေမယ့် နို့ချိုအာဟာရနဲ့ပဲ အမြဲအားဖြည့်လာခဲ့တဲ့ ကလေးကို နို့ဖြတ်ဖို့ ဆိုတာ လွယ်ပါ့မလား။ မိခင် အတော်များများက အတွေ့အကြုံရှိသူတွေအကြံပေးတဲ့အတိုင်း ရင်သားထိပ်မှာ ဆားခါး သုတ်ထားတာ၊ ခါးတဲ့အရာ တစ်ခုခု သုတ်လိမ်းထားတာ စတဲ့နည်းတွေကို သုံးတတ်ကြပါတယ်။နောက်ဆုံးတော့ နို့ပြတ်သွားတယ်ဆိုပေမယ့် ကလေးက နို့မစို့ရလို့ ငိုယို၊ လျှာမှာခါးသွားတဲ့အရသာကြောင့် ဒုက္ခရောက်နေရတာတွေကိုမြင်ရတဲ့အခါ အမေဖြစ်သူရင်ထဲမှာလည်း စိတ်မသက်မသာဖြစ်ရ၊ သနားရ နဲ့ ပင်ပန်းရပါတယ်။

    ကလေးကိုဘယ်အချိန်မှာ နို့ဖြတ်မလဲ

    နို့ဖြတ်သင့်တဲ့ အချိန်ကိုရောက်လာပြီဆိုရင် ရုတ်တရက် ချက်ချင်းဖြတ်တာထက် တဖြည်းဖြည်းချင်း နို့ဖြတ်တာ ပိုကောင်းပါတယ်။ ကလေးကိုယ်တိုင်က နို့မစို့ချင်တော့ဘဲ အစာအာဟာရဘက်ကို ဦးစားပေးလာအောင် ကျင့်ယူပေးရမှာဖြစ်ပါတယ်။ ဒီအနေအထားမှာ စိတ်မလောဘဲ ကလေးရဲ့ကျန်းမာစွာကြီးထွားဖွံ့ဖြိုးမှုကို အားပေးနိုင်တဲ့ အစာအာဟာရကိုဖြည့်တင်းပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ကလေးနို့ဖြတ်တဲ့အခါမှာ နည်းလမ်းမှန်ကန်စေဖို့၊ အဆင်ပြေစေဖို့ သိထားသင့်၊ သတိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။

    ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ

    ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ ကတော့

    • အစောကြီး နို့မဖြတ်ပါနဲ့

    ကလေးကို သိပ်အစောကြီး နို့ဖြတ်ပြီး အစာစကျွေးဖို့ မကြိုးစားပါနဲ့။ ကလေးဆိုတာ ခြောက်လ မပြည့်မချင်း မိခင်နို့ သို့မဟုတ် နို့မှုန့် အာဟာရသောက်သုံးဖို့ လိုအပ်ပါတယ်။ စောစောစီးစီး နို့ဖြတ်ခြင်းက တကယ်တော့ မကောင်းတဲ့ အကျိုးရလဒ်တွေ ရှိစေနိုင်ပါတယ်။ ဥပမာ -ကလေးအသက် ၃လ – ၅လ အတွင်းမှာ နို့ဖြတ်လိုက်တယ်ဆိုရင် အဲဒီကလေးက ဓါတ်မတည့်မှုနဲ့ ရောဂါပိုး ဝင်နိုင်ခြေ ပိုများတာကြောင့် မကြာခဏ နာမကျန်းဖြစ်လွယ်တတ်ပါတယ်။

    • နေ့ချင်းညချင်း နို့ပြတ်သွားဖို့ စိတ်မလောပါနဲ့

    မိခင်နို့ရည်ဟာ ကလေးကစို့လေ ပိုထွက်လေဖြစ်တာကြောင့် နို့ဖြတ်ဖို့စဉ်းစားတဲ့အခါ ချက်ချင်းကြီးအဆင်ပြေသွားဖို့မကြိုးစားပါနဲ့။ ချက်ချင်းကြီးနို့ဖြတ်လိုက်ရင် နို့ကြောင်းပိတ်တာ၊နာကျင်ရတာ၊ရောဂါပိုးဝင်တာ၊ နို့နာ ဖြစ်တာတွေ လည်း ခံစားရနိုင်ခြေများပါတယ်။ ဒါ့ကြောင့် နို့ရည်အစား အစားထိုးအာဟာရကို တွဲဖက်ကျွေးပေးရင်း ကလေးရဲ့စားသောက်ပုံကို ဖြည်းဖြည်းချင်းပြောင်းလဲပေးသင့်ပါတယ်။

  • ကလေးရဲ့ကိုယ်အလေးချိန်ကိုစောင့်ကြည့်ပါ
  • အသက်ခြောက်လကနေ ၁၈ လအတွင်း ကလေးငယ်တွေရဲ့ကိုယ်အလေးချိန်က တက်လွယ်ကျလွယ်ပြီး အာဟာရချို့တဲ့မှုမဖြစ်အောင်လည်း ဂရုစိုက်ရပါတယ်။ ကလေးကို နို့ဖြတ်တဲ့ အစီအစဉ်ကလည်း စနေပြီး ထမင်းစကျွေးကာစ အကူးအပြောင်းကာလမှာ ကလေးရဲ့ကိုယ်အလေးချိန်ကို စောင့်ကြည့်နေသင့်ပါတယ်။ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ တခြားဖွံ့ဖြိုးမှု အခြေအနေတွေ မဆုတ်ယုတ်သွားဖို့ကို သတိထားရပါမယ်။

  • ဘူးနဲ့မဟုတ်ဘဲ ခွက်နဲ့တိုက်တဲ့အကျင့်လုပ်ပေးပါ
  • ကလေးကို နို့တိုက်တာပဲ ဖြစ်ဖြစ်ရေတိုက်တာ ဖြစ်ဖြစ် ဘူးအစား ပန်းကန်လုံး၊ ရေခွက်တို့ကို သုံးပေးတာက ကလေးကိုကျင့်သားရစေပါတယ်။ ခွက်နဲ့ သောက်တတ်လာပြီဆိုရင် တဖြည်းဖြည်းနဲ့ ထမင်းစားဖို့၊ မုန့်စားဖို့ ပိုကျင့်သား ရလာမှာပါ။ နို့စို့ဖို့ပဲ အားသန်နေတော့မှာမဟုတ်တဲ့အတွက် နို့ဖြတ်ရတာပိုလွယ်စေပါတယ်။

    • မှန်ကန်မျှတတဲ့အစာအာဟာရကိုပဲကျွေးတယ်ဆိုတာသေချာပါစေ

    ကလေးကို အစားအစာအသစ်တွေ စကျွေးတဲ့အခါ အာဟာရ ပြည့်ပြီး ဗီတာမင်ဓါတ်တွေ အချိုးအဆ မျှတစွာ ပါဝင်ဖို့ လိုအပ်ပါတယ်။ ခြောက်လကနေ ၈ လ အတွင်း ကလေးတွေကို အစားထိုး အာဟာရ(ကြိတ်ချေထားတဲ့ထမင်း)ကို တစ်နေ့ နှစ်ကြိမ်ကနေ သုံးကြိမ် ကျွေးပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။ ကိုးလလောက်ဆို တစ်နေ့ သုံးကြိမ်၊ လေးကြိမ်အထိ တိုးကျွေးပြီး တစ်နှစ်ကျော်ရင်တော့ ထမင်းကျွေးချိန်တွေကြားမှာ သရေစာ အနည်းငယ် ကျွေးပေးလို့ ရပါတယ်။

    • ကိုယ်နဲ့ကလေးအတွက် အသင့်တော်ဆုံးကိုဆုံးဖြတ်ပါ

    တကယ်တော့ အရေးကြီးဆုံးက ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို အမြဲမပြတ် စောင့်ကြည့်နေဖို့ပါပဲ။ နို့မဖြတ်သေးဘဲ ထမင်းပါတွဲကျွေးတာက ကလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုအတွက် ပိုကောင်းတယ်ဆိုရင် ကလေး အသက် နှစ်နှစ်ကျော်တဲ့အထိ နို့ဆက်တိုက်လို့ ရပါတယ်။ ဒါပေမယ့် အများစုက ကလေးအသက်တစ်နှစ်ကျော်တာနဲ့ နို့ဖြတ်ဖို့ စဉ်းစားကြပါတယ်။ အစားထိုး ကျွေးမယ့် အာဟာရကို ကလေးကလက်ခံရင် ပြဿနာ မရှိပေမယ့် နို့မစို့ရချိန်မှာ တခြားအစာလည်း ဟုတ်တိပတ်တိ လက်မခံတဲ့ ကလေးတွေဆိုရင်တော့ အာဟာရချို့တဲ့မှုမရှိအောင် ဂရုစိုက်ရပါမယ်။ အပေါ်မှာပြောခဲ့သလို နို့လည်းတိုက်ရင်း အစားလည်းကျွေးရင်း တဖြည်းဖြည်းချင်း ဖြတ်ပါ။ ကလေးကိုယ်တိုင် လိုလိုလားလားနဲ့ နို့ဖြတ်နိုင်ဖို့ ကြိုးစားတာ အကောင်းဆုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement