backup og meta

ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း

    သင့်မှာ သားသားလေးမွေးထားပါသလား။ သားသားလေးကို လိင်တံအရေပြား ဖြတ်သင့်မဖြတ်သင့် စဉ်းစားနေပါသလား။ ဒါဟာ မိသားစုကဆုံးဖြတ်ရမယ့် ကိစ္စပါ၊ဆရာဝန်က ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ပါဖူး။ ဒါကြောင့် လိင်တံအရေပြားဖြတ်ပေးဖို့ ဆုံးဖြတ်ချက်မချခင် အသေအချာ စဉ်းစားဖို့လိုပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေက သင်ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။

    သားသားလေးကို လိင်တံအရေပြား ဖြတ်ပေးသင့်သလား။

    သားသားလေးကို လိင်တံအရေပြားဖြတ်ပေးဖို့ မဆုံးဖြတ်ခင် မိသားစုအစည်းအဝေးထိုင်ပြီး အောက်ဖော်ပြပါ အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။

    • လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ ဘယ်လိုမြင်သလဲ။
    • လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်ဘာသာရေးက ဘယ်လိုမြင်လဲ။
    • သင်ကော ဘယ်လိုထင်လဲ။ လိင်တံအရေပြားဖြတ်တာဟာ သင်နဲ့ သင့်မိသားစုအတွက် အရေးကြီးတယ်လို့ ထင်ပါသလား။
    • ကလေးအဖေကရော လိင်တံအရေပြား ဖြတ်ထားလား။ လိင်တံပုံစံကော တူလား။ မတူဖူးဆိုရင် ဒါဟာ အရေးကြီးတယ်လို့ ထင်ပါသလား။

    လိင်တံအရေပြားဖြတ်ခြင်းရဲ့ ကောင်းတဲ့အချက်တွေ

    ဒီလုပ်ဆောင်မှုကို ယောက်ျားလေးတိုင်း မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်လို့ ပြောရလောက်တဲ့ အကျိုးကျေးဇူးတွေတော့ မရှိပါဖူး။ ဒါကြောင့် သင့်အနေနဲ့ သားသားလေးကို လိင်တံအရေပြားဖြတ်ပေးသင့်တယ်လို့ ဆုံးဖြတ်ပြီးရင် ဆရာဝန်နဲ့ အမြဲတမ်း ဆွေးနွေးသင့်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ကောင်းကျိုးတွေကိုတော့ ရရှိနိုင်ပါတယ်။

    • လိင်တံအရေပြားဖြတ်ခြင်းဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်တာတွေ၊လိင်တံကင်ဆာ(အရွယ်ရောက်လာတဲ့အခါ) တွေကို ကာကွယ်ပေးနိုင်သလို လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

    လိင်တံအရေပြားဖြတ်ခြင်းဟာ ဘာအန္တရာယ်တွေ ရှိနိုင်လဲ။

    လိင်တံအရေပြားဖြတ်ခြင်းဟာ ယေဘုယျအားဖြင့် စိတ်ချရတယ်ဆိုပေမယ့် ရှားရှားပါးပါး နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ပိုးဝင်တာ၊သွေးထွက်တာ ဒါမှမဟုတ် ဖြတ်လိုက်တဲ့ အရေပြားပမာဏ နည်းသွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အဆိုးရွားဆုံး နောက်ဆက်တွဲ ပြဿနာတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

    • လိင်တံနဲ့ ဆီးလမ်းကြောင်းတလျှောက် ရောင်ရမ်းတာ ဒါမှမဟုတ် တခြားပြဿနာတွေဖြစ်လာတာ။
    • လိင်တံထိခိုက်ဒဏ်ရာ ရတာ။
    • ဖယ်ထုတ်လိုက်တဲ့ အရေပြားပမာဏ လိုအပ်တာထက် များသွားတဲ့အတွက် နောင်အရွယ်ရောက်လာလို့ လိင်တံထောင်မတ်တဲ့အခါ နာကျင်တာတွေ။
    • လိင်ဆက်ဆံတဲ့အချိန်မှာ ထိတွေ့ခံစားနိုင်မှု လျော့နည်းသွားတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဒီ နောက်ဆက်တွဲကိစ္စတွေဟာ ရှားရှားပါးပါး ဖြစ်တတ်တာမျိုးဆိုပေမယ့် သင့်အနေနဲ့ သင့်ကလေးကို လိင်တံအရေပြား မဖြတ်ပေးခင်မှာ ဒီပြဿနာတွေကို အသေအချာစဉ်းစားသင့်ပါတယ်။

    သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်

    သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ။

    တချို့ကျွမ်းကျင်သူတွေက လိင်တံအရေပြားဖြတ်ခြင်းဟာ စောစောလုပ်ပေးသင့်တယ်လို့ ယူဆပြီး တချို့ကတော့ ကလေးအသက်ကြီးလာတဲ့အထိ စောင့်ပြီး သူ့ဖာသာ ဆုံးဖြတ်စေတာပိုကောင်းတယ်လို့ ဆိုကြပြန်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး(လုပ်ပေးသင့်တဲ့ အရွယ်နဲ့ ပတ်သက်ပြီး) ဆရာဝန်နဲ့ အသေအချာ ဆွေးနွေးပါ။

    ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ပဲ ပြုလုပ်ပါ။

    ဆရာဝန်နဲ့ အောက်ပါအချက်တွေကို ဆွေးနွေးမေးမြန်းပါ။

    • လိင်တံအရေပြားဖြတ်တာကို ဘယ်လိုလုပ်မှာလဲ။
    • ဘယ်အချိန်မှာ လုပ်မှာလဲ။။
    • ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ၊နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ စသဖြင့် မေးမြန်းပါ။

    လိင်တံအရေပြားဖြတ်တာဟာ နာကျင်စေမှာ ဖြစ်တဲ့အတွက် ဒါကို သက်သာစေဖို့ သင့်ဆရာဝန်အနေနဲ့ ထုံဆေး/မေ့ဆေးတွေကို အသုံးပြုပါလိမ့်မယ်။ သင့်သားသားလေးအနေနဲ့ ဒီခွဲစိတ်မှု အသေးစားလေးနဲ့ ပတ်သက်ပြီး ဘာမှမှတ်မိမှာ မဟုတ်ပါဖူး။

    ခွဲစိတ်မှု ပြုလုပ်ပြီးတဲ့အခါ

    လိင်တံအရေပြားက အနာကျက်ဖို့ အကြမ်းဖျဉ်းအနေနဲ့ ၁၀ရက်လောက်ကြာလေ့ရှိပါတယ်။ ဒါကြောင့် သင့်သားလေးမှာ ပိုးဝင်တာ အပါအဝင် တခြား နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် ဂရုစိုက်ပေးရမယ့် တာဝန်သင့်မှာ အပြည့်ရှိပါတယ်။

    • ဖြတ်ထားတဲ့နေရာကို ရေနွေးနွေးသန့်သန့်လေးနဲ့ ဆေးကြောသန့်စင်ပေးပါ။
    • ချောဆီလေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သုံးစွဲပေးပါ။
    • သွေးနည်းနည်းထွက်တာ၊ အဝါရောင်အရည်လေးတွေထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာခဲ့ရင် အဲ့ဒီနေရာကို မပွတ်ပါနဲ့။ibuprofen ဒါမှမဟုတ် paracetamol စတဲ့ အကိုက်အခဲပျောက်ဆေးလေးတွေတိုက်ဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
    • ခပ်ပျော့ပျော့နဲ့ အရမ်းကြီးမတင်းကျပ်တဲ့ အဝတ်အစားလေးတွေကို ဝတ်ပေးထားပါ။ ဒါမှ သင့်သားသားလေး နေရတာ သက်တောင့်သက်သာရှိမှာပါ။

    ဘယ်အချိန်မှာ ဆရာဝန် ပြန်ပြရမလဲ။

    လိင်တံအရေပြား ဖြတ်ပြီးချိန်မှာ အောက်ပါ လက္ခဏာတွေပြလာမယ်ဆိုရင် ဆရာဝန်ကို အကြောင်းကြားပါ။

    • သွေးအရမ်းထွက်တာ၊ရောင်ရမ်းတာမျိုးက နှစ်ပတ်ကျော်တဲ့အထိ ပျောက်မသွားဘူး။
    • ကလေး အဖျားတက်နေတယ်။
    • အစိမ်းရောင် အရည်လေးတွေ ထွက်နေတယ်(ပိုးဝင်တဲ့ လက္ခဏာတွေပေါ့)။
    • သားသားလေး ဆီးမသွားနိုင်ဖူး ဒါမှမဟုတ် ဆီးသွားရင် နာနေတယ်။

    ဒီလိုတွေ ကြုံတွေ့လာရပြီဆိုရင် ဆေးရုံ/ဆေးခန်းဆီ အမြန်သွားပါ။

    သင့်ကလေးကို လိင်တံအရေပြား ဖြတ်ပေးခြင်းဟာ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆုံးဖြတ်ချက်မချခင်မှာ ဒီလုပ်ဆောင်မှုဟာ သင့်ကလေးအတွက် သင့်တော်ရဲ့လားဆိုတာ ဆရာဝန်နဲ့ အသေအချာ ဆွေးနွေးတိုင်ပင်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement