backup og meta

သင့်ကလေး ခဏခဏ နားပြည်ယို နေရင် ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး ခဏခဏ နားပြည်ယို နေရင် ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    သင့်ကလေးဟာ ခဏခဏ နားပြည်ယို တတ်သူလား။ ကုလိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေပါသလား။ ဒါဆို သင့်ကလေးကို ခဏထားပြီး ပတ်ဝန်းကျင်ကို တစ်ချက်သတိထားကြည့်ပါ။ သင့်ကလေးရဲ့ အနီးအနားမှာ ဆေးလိပ်သောက်တဲ့သူ ရှိနေပါသလား။ သင်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူ့အဖေ၊ အဘိုး၊ ဦးလေးပဲ ဖြစ်ဖြစ်ပေါ့။ ဒါဆိုရင် ကလေး နားပြည်ယိုရတာက သူတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။

    ကလေးများနဲ့ ဆေးလိပ်ငွေ့

    ဆေးလိပ်ငွေ့ကြောင့် ကလေးတွေမှာ နားပြည်ယိုတာ အပါအဝင် အဆုတ်ပျက်စီးတာ၊ အဆုတ်ပိုးဝင်တာ၊ ပန်းနာရင်ကျပ်ထတာ၊ ကလေးငယ်လေးတွေမှာ ရုတ်တရက် သေဆုံးတာ (SIDS)တွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ခဏခဏ သက်သေပြပြီးသား အချက်တွေပါ။ လေ့လာချက်တွေအရ ဆေးလိပ်ငွေ့ကို မီးညှိရာမှ ထွက်လာတဲ့အငွေ့တွေ၊ ဆေးလိပ်သောက်တဲ့သူ ပြန်မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ပြန်ရှူမိတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် နားပြည်ယိုတာ ဖြစ်နိုင်ခြေ ပိုများပါတယ်တဲ့။ ဒါကြောင့် အလွယ်ပြောရမယ်ဆိုရင် အိမ်မှာ ဒါမှမဟုတ် ကလေးနားမှာ ဆေးလိပ်သောက်တဲ့သူ ရှိနေရင် ဒီကလေးဟာ နားပြည်ယိုဖို့ အခွင့်အလမ်း ပိုများပါတယ်။

    ဆေးလိပ်ငွေ့က နားပြည်ယို တတ်ပါသလား။

    ရုတ်တရက် စဉ်းစားလိုက်ရင် ဆေးလိပ်ငွေ့ကြောင့် ကလေး အဆုတ်ပျက်စီးတယ်လို့ပြောရင် အလွယ်တကူ လက်ခံပေမယ့် နားပြည်ယိုတယ်လို့ ပြောရင် လက်ခံဖို့ ခဲယဉ်းမှာပါ။ ဒါပေမယ့် ဒါဟာ တကယ်ပါပဲ။ ဖြစ်နိုင်တာမှ ၂ဆပိုဖြစ်နိုင်တာပါ။ အချက်နှစ်ချက်နဲ့ ရှင်းပြပေးပါမယ်။

  • ဆေးလိပ်ငွေ့က ခုခံအားကို ကျဆင်းစေပါတယ်။
  • နား၊ နှာခေါင်း၊ လည်ချောင်းမှာရှိတဲ့ တစ်ရှူးတွေကို ပျက်စီးစေတဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။
  • ကလေးတွေရဲ့ နားတည်ဆောက်ပုံအရလည်း ပိုးဝင်လွယ်စေပါတယ်။ ဒီလိုသာ ခဏခဏ ပိုးဝင်နေမယ်ဆိုရင်တော့ ကြာလာရင် နားမကြားတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

    နောက်တစ်ခုက ဆေးလိပ်ငွေ့ကြောင့် တိုက်ရိုက် နားမကြားတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်ငွေ့မှာပါတဲ့ နီကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုဒ်က နားက သွေးကြောတွေအပါအဝင် တစ်ကိုယ်လုံးက သွေးကြောတွေကို ကျုံ့စေပါတယ်။ ဒါ့ပြင်

    • နားအာရုံကြောမှာ ရှိတဲ့ အကြားအာရုံကို လက်ခံတဲ့ neurotransmitterတွေကို မထွက်အောင် တားပစ်ပါတယ်။
    • နားစည်ပြွန်ကို ပျက်စီးစေပါတယ်။
    • ဒီအန်အေကို ပျက်စီးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထွက်စေပါတယ်။
    • တဖြည်းဖြည်းနဲ့ အသံတွေကို ခံနိုင်ရည်မရှိ ဖြစ်လာပြီး နောက်ဆုံး အကြားအာရုံချို့ယွင်းသွားပါလိမ့်မယ်။

    နားပြည်ယို ရာကနေ ဘာဖြစ်သွားနိုင်လဲ။

    နားပြည်ယိုတာကို ကုလိုက် ပျောက်လိုက်နဲ့ ကြာလာရင် အကြားအာရုံ ချို့ယွင်းလာပါလိမ့်မယ်။ ငယ်လွန်းတဲ့ ကလေးတွေ၊ မွေးကင်းစ ကလေးတွေမှာ ဆိုရင် စကားမပြောနိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲဆို ကလေးတွေက နားကြားမှ ကြားတာကို မှတ်မိပြီး ပြန်ပြောနိုင်မှာပါ။ စကားတောင် မပြောတတ်သေးဘူး။ မကြားရဘူးဆိုရင် ဘာမှပြောတတ်မှာ မဟုတ်ပါဘူး။

    နောက်တစ်ခုက အဆုတ်တွေ ပျက်စီးတာ၊ အဆုတ်ထဲရေဝင်တာတွေ ဖြစ်တတ်ပါတယ်။ နားပြည်ယိုရာကနေတဆင့် အခန့်မသင့်ရင် ဦးနှောက်ထဲ ပိုးဝင်ပြီး ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်ရောင်တာတွေ ဖြစ်တတ်ပါတယ်။

    ဆေးလိပ်သောက်တဲ့ မိဘတွေအနေနဲ့ အမေးများတဲ့ မေးခွန်းတွေက

    • သူက ဆေးလိပ်သောက်နေကြ၊ လတ်တလောလည်း ဖျက်ဖို့ ကြိုးစားနေတုန်းမို့လို့ ကလေးကို မထိခိုက်အောင် ကာကွယ်လို့ရလား။

    ဒါက သူဆေးလိပ်သောက်လို့ ကလေးနားပြည်ယိုရတာကို လက်ခံသွားတဲ့ မိဘတွေရဲ့ စကားသံပါ။ ဘာပဲဖြစ်ဖြစ် ဖြတ်ဖို့ကြိုးစားတယ်၊ ကလေးရှိတဲ့ နေရာကို ရှောင်ပြီး အပြင်ထွက် ဆေးလိပ်သောက်တယ်ဆိုရင် ဒါဟာ သူကြိုးစားတာပါပဲ။ အကောင်းဆုံးကတော့ ဆေးလိပ်ဖြတ်လိုက်တာပါပဲ။ ဒါပေမယ့် ဒီလိုအချိန်မှာ မိဘတွေက သူတို့ ဆေးလိပ်သောက်တာကြောင့် ကလေးထိခိုက်တယ်ဆိုတာ သိလိုက်ရပြီဆိုတော့ သူများထက်စာရင် ဆေးလိပ်ကို မြန်မြန်ဖြတ်နိုင်ကြပါတယ်။

    • ကလေးက နားပြည်ယိုပြီးသားပါ။ ဆေးလိပ်ဖြတ်ဖို့ လိုသေးလား။

    ဒါက စျေးဆစ်တာပါ။ ကလေးက နားပြည်ယိုတတ်ပေမယ့် ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် နောက်ထပ် နားပြည်မယိုအောင် ကာကွယ်နိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ နားပြည်ယိုတာရဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ နားမကြားတာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

    • နားပြည်ယိုတာကို ကာကွယ်လို့ရလား။

    နားပြည်ယိုတာကို အကောင်းဆုံးနည်းလမ်းကတော့ ကလေးကို ဆေးလိပ်ငွေ့နဲ့ မထိတွေ့အောင် ထားတာပါပဲ။ ဒီလိုဖြစ်ဖို့အတွက်

    -ကလေးနားနဲ့ သင့်အိမ်မှာ ဆေးလိပ်သောက်ဖို့ကို ခွင့်မပြုပါနဲ့။

    -ကားထဲ ကလေးရှိနေရင် ဆေးလိပ်မသောက်ပါစေနဲ့။ ပြတင်းပေါက်ချပြီးလည်း ပေးမသောက်ပါနဲ့။

    -ကလေးသွားတဲ့နေရာတွေက ဆေးလိပ်ငွေ့ကင်းမဲ့ဇုန် ဖြစ်နေပါစေ။ (ဥပမာ မူကြို)

    -အပြင်သွားလို့ ကလေးကို ခေါ်သွားရမယ်ဆိုရင်တောင် ဆေးလိပ်ငွေ့မရှိတဲ့ နေရာကိုပဲ ခေါ်သွားပါ။ တတ်နိုင်သမျှ ကလေးကို ဆေးလိပ်ငွေ့နဲ့ မထိတွေ့ပါစေနဲ့။

    ဆေးလိပ်ငွေ့ကြောင့် ကလေးနားပြည်ယိုတာက ကာကွယ်လို့ရတဲ့ ကိစ္စပါ။ မျက်စိအဆုံး နားအရှုံး မဖြစ်ရအောင် သင့်ကလေးကို ဆေးလိပ်ငွေ့တွေနဲ့ ဝေးရာမှာ ထားလိုက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement