backup og meta

မေမေတို့သိချင်တဲ့ ဝက်သက် ရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေတို့သိချင်တဲ့ ဝက်သက် ရောဂါ

    ဝက်သက် ရောဂါ ဟာ measlesဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ကလေးတွေမှာ အတွေ့ရများပါတယ်။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် ၅နှစ်အောက်ကလေးတွေ သေရတဲ့အကြောင်းထဲမှာသူလည်းပါခဲ့ပါတယ်။ အခုတော့ ကာကွယ်ဆေးတွေကြောင့် ကလေးတွေ ဝက်သက်ရောဂါဖြစ်နှုန်း၊ ဝက်သက်ရောဂါကြောင့်သေနှုန်း သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ဝက်သက်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ကာကွယ်ဆေးကို ဘယ်လိုထိုးကြမှာလဲ။ ကာကွယ်ဆေးထိုးပြီးရင်ရော ဝက်သက်ပေါက်ဦးမှာလား စသဖြင့် စိတ်ဝင်စားစရာ မေးခွန်းတွေကို ဖြေပေးသွားပါမယ်။

    ကလေးက ဝက်သက်ပေါက်နေတာလား။

    ဒါကို ဖြေဖို့ အောက်ကလက္ခဏာတွေကို သိထားရပါမယ်။ ဝက်သက်ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး ၁၀ရက် ၁၄ရက်နောက်နေရင် ရောဂါလက္ခဏာစပြပါပြီ။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

    • ဖျားတာ
    • ချောင်းခြောက်ဆိုးတာ
    • နှာရည်ယိုတာ
    • လည်ပင်းနာ
    • မျက်စိနာတာ
    • ပါးစောင်ထဲမှာ အဖြူစက်လေးတွေ ပေါ်လာတာ
    • ကိုယ်မှာ အနီစက်လေးတွေထွက်လာတာ  စတာတွေပဲဖြစ်ပါတယ်။

    နောက်ထပ် ဝက်သက်ရဲ့ ထူးခြားချက်တစ်ခုက ၂ပက် ၃ပက်အတွင်းမှာ ရောဂါက အဆင့်ဆင့်ပြောင်းလဲလာတာပါပဲ။

    • ရောဂါပျိုးချိန်

    ဗိုင်းရပ်စ်ဝင်ပြီး ၁၀ရက်က ၁၄ရက်ထိ ရောဂါပျိုးချိန်ဖြစ်ပြီး အဲ့အချိန်မှာ ဘာလက္ခဏာမှမပြတက်ပါဘူး။

    • သာမန်လက္ခဏာများ

    ပြီးရင်တော့ ဖျားမယ်၊ ချောင်းဆိုးမယ်၊ နှာရည်ယိုမယ်၊ မျက်စိနာမယ်၊ လည်ပင်းနာပါမယ်။ ဒါကလည်း ၂ရက် ၃ရက်လောက်ပဲကြာတာပါ။

    • အနီစက်တွေထွက်မယ်

    အနီစက်ဆိုပေမယ့် ခြင်ကိုက်ဖုလို အနီကွက်တွေထွက်လာပါမယ်။ ဒီအဆင့်ရောက်မှ မေမေတွေ ဝက်သက်လားဆိုပြီး စပြီးသတိထားမိတာပါ။ သူ့ရဲ့ထွက်ပုံက မျက်နှာက စပါတယ်။ ပြီးမှလက်၊ ကိုယ်၊ ခြေထောက်ကို ပျံ့သွားတာပါ။ အပေါ်ကနေ အောက်ကို ပျံ့တာပါ။ အဲ့ဒီအချိန်မှာ အဖျားက ၁၀၄၊ ၁၀၅ထိတက်ပါတယ်။ ပြီးရင်တော့ အစဥ်အတိုင်း မျက်နှာကနေ ခြေထောက်အထိ သူ့အလိုလိုပျောက်သွားပါတယ်။

    • ကူးစက်နိုင်တဲ့ အချိန်

    ဝက်သက်ပေါက်တဲ့သူက အနီစက်မပေါ်ခင် ၄ရက် ပျောက်ပြီး၄ရက် စုစုပေါင်း၈ရက်အတွင်းသူများကိုကူးနိုင်ပါတယ်။

    ဝက်သက် ဘာလို့ပေါက်တာလဲ။

    ဝက်သက်က measlesဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ နှာချေ၊ ချောင်းဆိုးရာက ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိတာဖြစ်ဖြစ်၊ အမှုန်အမွှားတွေကို ထိထားတဲ့လက်နဲ့ မျက်လုံး၊နှာခေါင်း၊ ပါးစပ်ကို ပွတ်မိရင်ပဲဖြစ်ဖြစ် ကူးတက်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတဲ့ လူ၁၀၀မှာ ၉၀လောက်က ဝက်သက်ပေါက်ပါတယ်။ ဒီလောက်ထိကို ကူးစက်မြန်တာပါ။ ဒါကြောင့် မဖြစ်မနေ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနေရတာပါ။

    ဘယ်သူတွေ ဝက်သက် ပေါက်နိုင်လဲ။

    • ကာကွယ်ဆေးမထိုးထားတဲ့သူတွေ
    • ဗီတာမင်အေချို့တဲ့ တဲ့သူတွေ
    • ခုခံအားကျတဲ့သူတွေ
    • ဝက်သက်ရောဂါရှိတဲ့သူတွေ ထိတွေ့တဲ့သူတွေ

    ဝက်သက် ကိုဘယ်လိုကုရမလဲ။

    ဝက်သက်က ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့လို့ တိကျတဲ့ကုသနည်းမရှိပါဘူး။ အချိန်တန်ရင် အလိုလိုပျောက်သွားပါတယ်။ ရောဂါဖြစ်နေတဲ့ အချိန်အတွင်းမှာ ကိုယ်ခံအားကောင်းအောင် နေဖို့လိုပါတယ်။ ခံစားရတဲ့ လက္ခဏာသက်သာအောင် ဖျားရင် အဖျားကျဆေး၊ ဗီတာမင်အေနည်းရင် ဗီတာမင်အေဖြည့်စွက်စာ ပေးရပါမယ်။ ပိုးသတ်ဆေးကတော့ နောက်ဆက်တွဲပိုးဝင်မှပဲ ပေးရတာပါ။

    ဝက်သက် က နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

    ကာကွယ်ဆေးထိုးတဲ့အကြောင်းလေးသိချင်ပါတယ်။

    အခုလက်ရှိမြန်မာနိင်ငံမှာ ကလေးအသက်၉လမှာတစ်ကြိမ်၊ ၁နှစ်ခွဲမှာတစ်ကြိမ် ၂ကြိမ်ထိုးပေးနေပါတယ်။ ဝက်သက်-ဂျိုက်သိုးအတွဲလိုက်ထိုးပေးတာပါ။

    ၉လမတိုင်ခင်ထိုးလို့မရဘူးလား။

    ကလေးအသက် ၉လမတိုင်ခင် အမေ့ဆီကရတဲ့ ခုခံအားနဲ့တင်ကာကွယ်နိုင်ပါတယ်။ နောက်ပိုင်းမှ ခုခံအားက တဖြည်းဖြည်းနည်းလာတာကြောင့် ကလေးအသက်၉လလောက်ဆို ကာကွယ်ဆေးထိုးရပါတယ်။

    ၂ခါထိုးရုံနဲ့ လုံလောက်ပါ့မလား။

    လုံလောက်ပါတယ်။ ပထမတစ်ခါထိုးရင် ၉၃ရာခိုင်နှုန်းကာကွယ်နိုင်ပြီး ဒုတိယတစ်ခါထိုးရင်၉၇ရာခိုင်နှုန်းအထိကာကွယ်နိုင်ပါတယ်။

    ကာကွယ်ဆေးထိုးထားရင် ဝက်သက်ဖြစ်နိုင်သေးလား။

    ဖြစ်နိုင်ပေမယ့် ဖြစ်ခဲပါတယ်။ ၉၇ရာခိုင်နှုန်းပဲ ကာကွယ်တဲ့အတွက် ကျန်တဲ့ ၃ရာခိုင်နှုန်းမှာ ဖြစ်နိုင်ခြေရှိပါသေးတယ်။ ဒါပေမယ့် ဒါဟာ တော်တော်ရှားတဲ့ အခြေအနေပါ။

    ဝက်သက်ကာကွယ်ဆေးက အော်တစ်ဇင်ဖြစ်နိုင်တယ်ဆိုတာ တကယ်လား။

    လုံးဝမဟုတ်ပါဘူး။ အမေရိကအပါအဝင် နိုင်ငံတကာက ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဝက်သတ်ကာကွယ်ဆေးနဲ့ အော်တစ်ဇင် ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။

    ဝက်သက်ကာကွယ်ဆေးကို ကလေးတိုင်းထိုးပေးရပါမယ်။ ဒါက ကိုယ့်ကိုယ်ကိုရော သူများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တချိူ့သော လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ မထိုးရတဲ့ ကလေးတွေ၊ ဆေးမတည့်လို့ မထိုးရတဲ့ ကလေးတွေရှိပါတယ်။ သူတို့လေးတွေ မကူးဖို့ဆို ပတ်ဝန်းကျင်မှာ ဝက်သက်မရှိမှဖြစ်မှာပါ။ ဝက်သက်မရှိအောင် ပတ်ဝန်းကျင်က ထိုးနိုင်တဲ့ကလေးတွေအားလုံးကာကွယ်ဆေးထိုးထားရမှာပါ။ ဒါမှ နောင်အနာဂတ်မှာ ဝက်သက်ရောဂါကင်းတဲ့ ကမ္ဘာမှာ ကလေးတွေရှင်သန်နိုင်မှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement