backup og meta

ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား

    မွေးကာစ ကလေးလေး တွေကို ဖယောင်းရုပ်လေးတွေ လို့ ခေါ်ကြတယ်နော်။ လိုသလို ပုံသွင်း လို့ ရတဲ့အရွယ်ပါတဲ့။ ဒီအရွယ်လေးမှာ နှာတံ ပေါ်အောင် ဆွဲပေးရတယ်၊ နှာခေါင်း ထိပ်လေး ညှစ်ဆွဲပေးရတယ် နဲ့ မေမေတို့ အလုပ်ကို ရှုပ်နေပါရောလား။ ဘေဘီလေး ကို ချောစေ၊ လှစေချင်တာကိုး။ ဒါနဲ့ ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား ….

    ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား

    ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလားဆိုတော့ နိုးပါ။ ကလေး ရဲ့ နှာခေါင်းပုံစံက သူ့ရဲ့ မျိုးဗီဇ အရ သတ်မှတ်ထားပြီးသားပါ။ နှာခေါင်းလေးကို ညှစ်တာ၊ ဆွဲတာ၊ နှိပ်နယ်တာတွေ နဲ့ သူ့ရဲ့ပုံစံကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။

    နှာခေါင်း ကို ညှစ်ဆွဲကာမှ ကလေးမှာ နာကျင်စေတာပဲ အဖတ်တင်မှာပါနော်။

    ဘေဘီလေး ရဲ့ နှာခေါင်းဟာ အမေ့ဝမ်းထဲ ပထမဆုံး စတင်ဖြစ်တည်တဲ့ အစိတ်အပိုင်းတွေထဲ ပါဝင်သလို ကိုယ်ဝန် ၇ ပတ် ကနေ ၈ ပတ်ဝန်းကျင်မှာ ပုံစံ စပေါ်ပါတယ်။

    ကိုယ်ဝန် လစေ့ခါနီးမှာ အပြည့်အဝတော့ မဟုတ်ပေမယ့် နှာခေါင်း ရဲ့ အခြေခံအစိတ်အပိုင်း အများစုက ဖွဲ့စည်းပြီးသား ဖြစ်နေလောက်ပါတယ်။

    နှာခေါင်း ပြားနေတာ ဘယ်လိုလုပ်မလဲ

    မွေးစမှာ နှာတံ ပေါ်ပေါ်လေးနဲ့ ကလေးတွေ ရှိပေမယ့် တချို့မှာတော့ နှာတံ ပြားပြားလေးတွေ နဲ့ မွေးဖွားလာတတ်ပါတယ်။ တကယ်တော့ နှာတံ ပြားပြားလေးနဲ့ မွေးဖွားလာတာ ကလည်း ကလေးပေါက်စ တွေရဲ့ သဘာဝဖြစ်စဉ် လို့ ဆိုနိုင်ပါတယ်။

    ဒါကို တချို့မိသားစုဝင်တွေ (အထူးသဖြင့် ရှေးအယူအဆ နဲ့ ဘိုးဘိုးဘွားဘွား တွေ) က ကလေးကို ရေချိုးပေးတိုင်း၊ သတိရတိုင်း နှာတံ ဆွဲဖို့၊ နှိပ်နယ်ပေးဖို့ အကြံပြုတတ်၊ ကြိုးစားတတ်ကြပါတယ်။ ဆရာဝန်တွေ ကတော့ ဒီလိုလုပ်တာကို အားမပေးကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ –

    သေချာ မဖွံ့ဖြိုးသေးတဲ့ ဘေဘီလေး ရဲ့ နှာတံလေးက အပြည့်အဝ ဖွံ့ဖြိုးလာဖို့က တစ်ပတ်ကနေ လအနည်းငယ် အတွင်း ကြာနိုင်ပါတယ်။ နှာတံပေါ်ဖို့၊ နှာခေါင်း ချွန်ဖို့ ပုံသဏ္ဍာန် ရှိပြီးသား ကလေးက မွေးစမှာ နှာတံ ပြားနေရင်တောင် အချိန်တန်ရင် အလိုလို ပြောင်းလဲလာမှာပါ။

    ဒီလိုအချိန်မှာ ညှစ်ဆွဲတာ၊ ပုံသွင်းတာတွေဟာ သူ့ရဲ့ နှာခေါင်းရိုး နုနုလေးကို ဒဏ်ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် ပွန်းပဲ့ပျက်စီးတာ တွေပါ ဖြစ်လာနိုင်တာ သတိပြုစရာပါ။

    ဒါ့ကြောင့် မေမေတို့ လုပ်ပေးရမှာက ကလေးရဲ့ ဖွံ့ဖြိုးမှု အသွင်သဏ္ဍာန်ကို အတင်း ပုံသွင်း ယူဖို့ မဟုတ်ပါဘူး။ ကလေး အတွက် လိုအပ်တဲ့ အာဟာရတွေ ပေးရင်း ၊ ပြုစုဂရုစိုက် ပေးရင်းနဲ့မှ သူ့အလိုလို ကြီးထွားဖွံ့ဖြိုးလာတာ ကို စောင့်ကြည့်ပါ။

    ဖွံ့ဖြိုးမှု မှာ မူမမှန်တာ တစ်ခုခုရှိလာမှသာ ကျွမ်းကျင်ဆရာဝန် နဲ့ တိုင်ပင်ပြီး အကြံပြုချက် ရယူတာ ကောင်းပါတယ်။

    သိပ်ကို နုနယ်သေးတဲ့ ဘေဘီလေး တွေကို ကိုယ့်သဘောနဲ့ ကိုယ် ဟိုနှိပ်၊ ဒီနှိပ်၊ ဟိုဆွဲဆန့်၊ ဒီဆွဲဆန့် မလုပ်ပါနဲ့နော်။ အခန့်မသင့်လို့ အဆစ်လေးတွေ ထိခိုက်သွား၊ လွဲသွားခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ် လို့ သတိပေးလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement