backup og meta

ကလေးငယ်အတွက် စိတ်ချရတဲ့အသားရေထိန်းသိမ်းမှုပစ္စည်း ရွေးချယ်ကြရအောင်


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်အတွက် စိတ်ချရတဲ့အသားရေထိန်းသိမ်းမှုပစ္စည်း ရွေးချယ်ကြရအောင်

    မိဘတိုင်းက သားသမီးတွေကိုအကောင်းဆုံးဆိုတာတွေပဲပေးချင်မယ်ဆိုတာ အသေအချာပါပဲ။ ဒီအတွက် ကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ ကိုယ့်ရင်သွေးလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုပဲလိုချင်ကြမယ်ဆိုတာမေးစရာတောင်လိုမယ်မထင်ပါဘူး။ ရင်သွေးလေးတွေကို အကောင်းဆုံးတွေပဲပေးချင်တဲ့ဖေဖေမေမေတို့အတွက်ရွေးရခက်တာမျိုးမဖြစ်ရလေအောင်ဘေဘီလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်တဲ့အခါ သတိထားရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

    ကလေးတစ်ယောက်အတွက် လိုအပ်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းများ

    ကလေးတစ်ယောက်ရှိနေတဲ့အိမ်မှာ မရှိမဖြစ်ရှိထားသင့်တဲ့ ပစ္စည်းတွေကတော့ –

    • ကလေးဆပ်ပြာ
    • ရေချိုးဆပ်ပြာရည်
    • ခေါင်းလျှော်ရည်
    • ကလေးသုံး lotion
    • diaper cream
    • baby oil
    • ကလေးအဝတ်အစားတွေ အိပ်ရာတွေကိုလျှော်ဖွတ်ဖို့ ဆပ်ပြာမှုန့်
    • ကလေးပေါင်ဒါမှုန့်

    ဘယ်လိုရွေးချယ်မလဲ

    လူတိုင်းအတွက်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက ကလေးငယ်လေးတွေရဲ့ အရေပြားကို ထိခိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေဝယ်ယူတဲ့အခါ ဒီအချက်လေးတွေသတိထားပေးပါ။

    ဓာတုပစ္စည်းကင်းစင်တဲ့ အရာတွေကိုရွေးချယ်ပါ

    အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတော်တော်များများမှာ ဓာတုပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ ဓာတုပစ္စည်းလုံးဝကင်းစင်တာမျိုးကတော်တော်လေးရှားပါတယ်။ သတိထားရမှာက အရေပြားကို ယားယံပြီး ဓာတ်မတည့်တာမျိုးဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်တာမျိုးကိုရွေးချယ်မိဖို့ပါ။

    တုံ့ပြန်လွယ်တဲ့အသားအရေနဲ့ လိုက်ဖက်မယ့်ပစ္စည်းမျိုးကိုရွေးချယ်ပါ

    ကလေးငယ်လေးတွေရဲ့အသားအရေက ထိခိုက်လွယ်တာကြောင့် ရင်သွေးလေးအတွက်အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ တုံ့ပြန်လွယ်တဲ့အသားအရေအတွက်အဆင်ပြေပြီး အရေပြားဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေမပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ။ သေသေချာချာစမ်းသပ်မှုတွေလုပ်ထားပြီး ဆရာဝန်တွေထံကနေထောက်ခံချက်ရထားတဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းမျိုးကိုရွေးချယ်ပေးတာကအကောင်းဆုံးပါ။

    အနံ့မပါတဲ့ ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ

    ကလေးငယ်တွေရဲ့ အသားအရေက နူးညံ့ပြီး ဓာတ်မတည့်မှုဖြစ်လွယ်တာကြောင့် အနံ့မပါတဲ့ ပစ္စည်းတွေကိုအသုံးပြုတာက အကောင်းဆုံးပါပဲ။ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေမှာပါတဲ့ရနံ့တွေက ဓာတုပစ္စည်းတွေနဲ့လုပ်ထားတာဖြစ်သလို ရနံ့တစ်ခုရဖို့ဆိုရင် ဓာတုပစ္စည်းတွေအများကြီးသုံးထားရတာဖြစ်တာကြောင့် အရေပြားကိုခြောက်သွေ့စေနိုင်သလို ဓာတ်မတည့်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးတွေကို အနံ့မပါတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုပဲသုံးပေးသင့်ပါတယ်။

    သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတာမျိုးရွေးချယ်ပေးပါ

    ရောင်ရမ်းမှုကိုလျော့ကျစေပြီး၊ မှိုပိုးတွေကိုဖယ်ရှားပေးနိုင်တဲ့အပြင်အေးမြမှုကိုပေးစွမ်းနိုင်တဲ့ ရှားစောင်းလက်ပပ်လိုမျိုးသဘာဝအပင်ကနေထုတ်ထားတဲ့အသားအရေထိန်းသိမ်းမှုပစ္စည်းမျိုးအသုံးပြုပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်က ကလေးတွေမှာဖြစ်တဲ့နှင်းခူ (eczema) နဲ့ အသားအရေခြောက်သွေ့တာတွေကိုသက်သာစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး တုံ့ပြန်လွယ်တဲ့ အသားအရေအတွက်သင့်တော်တဲ့ နှမ်းဆီ၊ အရေပြားကိုအာဟာရဖြည့်ပေးနိုင်တဲ့ ဗာဒံစေ့ဆီ နဲ့ ပိုးမွှားတွေ၊မှိုပိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ တမာလိုမျိုး သဘာဝအပင်တွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုရွေးချယ်ပေးလို့ရပါတယ်။

    pH ပမာဏမျှတစွာပါဝင်တာမျိုးကိုရွေးချယ်ပါ

    pH ပါဝင်မှုအချိုးအစားမျှတတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေက အသားအရေကျိန်းစပ်မှုဖြစ်နိုင်ခြေကိုလျော့နည်းစေသလို အရေပြားပေါ်က သဘာဝအဆီတွေကိုပါထိန်းပေးနိုင်တာကြောင့်ဘေဘီလေးတွေကို pH ပါဝင်မှုအချိုးအစားမျှတတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေအသုံးပြုပေးတာက သင့်တော်ပါတယ်။

    တာရှည်ခံပစ္စည်းတွေမပါတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ

    အချို့ပစ္စည်းတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားတာ၊မှိုပိုးဖြစ်တာတွေကိုတားဆီးနိုင်ဖို့ တာရှည်ခံဓာတုပစ္စည်းတွေကို ထည့်ထားတတ်ကြပါတယ်။ တာရှည်ခံပစ္စည်းတွေက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေအတွက်ကောင်းပေမယ့် အသားအရေအတွက်တော့မကောင်းပါဘူး။paraben နဲ့ phthalate တို့လိုမျိုးတာရှည်ခံပစ္စည်းတွေမပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကသာ ကလေးအသားအရေအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    အယ်လ်ကိုဟောမပါတာမျိုးကိုရွေးချယ်ပါ

    ကလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ အယ်လ်ကိုဟောမပါတာကိုရွေးချယ်မိဖို့ကလည်းတော်တော်လေးအရေးကြီးပါတယ်။ လူကြီးတွေသုံးတဲ့အလှကုန်တွေမှာတော့ အယ်လ်ကိုဟောမပါတာမရှိသလောက်ပါ။ အယ်လ်ကိုဟောက အရေပြားကိုခြောက်သွေ့စေပြီး အရေပြားဓါတ်မတည့်မှုကိုဖြစ်စေနိုင်တာကြောင့် ကလေးတွေအတွက်အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေရွေးမယ်ဆိုရင် အယ်လ်ကိုဟောမပါဝင်တာမျိုးကိုရွေးချယ်ပေးဖို့လိုပါမယ်။ ကလေးလေးတွေအတွက် ထုတ်ထားတဲ့ တစ်ရှုးအစိုမှာပါတဲ့ fatty alcohol ကတော့ အရေပြားကိုခြောက်သွေ့ယားယံတာမျိုးတွေမဖြစ်စေတာကိုတော့ သိထားဖို့လိုပါမယ်။

    ကလေးတွေအတွက်အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်တဲ့အခါ အနံ့လေးကြိုက်လို့အရောင်လေးချစ်လို့ဆိုတာမျိုးမလုပ်ဘဲ ကလေးအတွက် အမှန်တကယ်သင့်တော်မယ့်ဟာမျိုးကိုရွေးချယ်ပေးရပါမယ်။ ကလေးအတွက်ထုတ်ထားတယ်လို့ရေးသားထားတာမျိုးဆိုပိုကောင်းပါတယ်။နောက်တစ်ခုက ကျွမ်းကျင်သူတွေကထောက်ခံချက်ပေးထားတာမျိုးဖြစ်ဖို့လိုသလို ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေမပါဝင်ဘဲ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းမျိုးဖြစ်ဖို့ပါ။

    ဒီအချက်လေးတွေကမေမေဖေဖေတို့အတွက် ကလေးအသားအရေထိန်းသိမ်းမှုပစ္စည်းရွေးချယ်တဲ့အခါ အထောက်အကူပြုနိုင်ပြီး အဆင်ပြေစေမယ်လို့လည်းမျှော်လင့်ပါတယ်။ဘေဘီလေးတွေအတွက် မှန်ကန်သင့်တော်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေရွေးချယ်နိုင်ကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement