backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Precocious puberty (စောပြီးအရွယ်ရောက်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Precocious puberty (စောပြီးအရွယ်ရောက်ခြင်း) ကဘာလဲ။

အရွယ်စောရောက်တယ်ဆိုတာဟာ ကလေးခန္ဓါကိုယ်ကနေ လူကြီးခန္ဓါကိုယ်အသွင်သို့ အချိန်စောလျင်စွာ ကူးပြောင်းခြင်းကို ခေါ်တာပါ။ မိန်းကလေးတွေမှာ ၈နှစ်မတိုင်ခင် အပျိုဖော်ဝင်ခြင်းနှင့် ယောက်ျားလေးတွေဟာ အသက်၉နှစ်မတိုင်ခင် လူပျိုဖော်ဝင်ခြင်းကို အရွယ်စောရောက်တယ်လို့ ယူဆနိုင်ပါတယ်။

အရွယ်ရောက်တယ်ဆိုတဲ့ အဓိပါယ်မှာ အရိုးနှင့်ကြွက်သားများ လျင်မြန်စွာကြီးထွားလာခြင်း၊ ခန္ဓါကိုယ်ပုံစံပြောင်းလဲခြင်းနှင့် မျိုးပွားနိုင်စွမ်းတွေ ဖွံ့ဖြိုးလာခြင်းတို့ ပါဝင်ပါတယ်။ အကြောင်းအရင်းတွေကိုတော့ များသောအားဖြင့် မတွေ့ရှိရပါဘူး။ ရှားရှားပါးပါး ဟော်မုန်းဓါတ်ဖောက်ပြန်ခြင်း၊ ကျူမာထွက်ခြင်း၊ ဦးနှောက်ချို့ယွင်းမှုရှိခြင်း၊ ဒဏ်ရာရရှိထားခြင်းတို့ကလည်း အရွယ်စောရောက်စေနိုင်ပါတယ်။ ကုသမှုကတော့ နောက်ထပ်ဖွံ့ဖြိုးမှုတွေကို တားစီးဖို့ ဆေးဝါးတွေ ပေးခြင်းပဲဖြစ်ပါတယ်။

Precocious puberty (စောပြီးအရွယ်ရောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပြီး မိန်းမတွေမှာ ရာခိုင်နှုန်းများပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Precocious puberty (စောပြီးအရွယ်ရောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မိန်းကလေးတွေမှာ အသက်၈နှစ်မတိုင်ခင်နဲ့ ယောက်ျားလေး အသက်၉နှစ်မတိုင်ခင်မှာ ထိုရောဂါအခြေအနေနှင့် ပတ်သတ်ပြီး အောက်ပါလက္ခဏာများ ပေါ်ပေါက်လာနိုင်ပါတယ်။

မိန်းကလေးများတွင်ဖြစ်သော လက္ခဏာများ။

  • ရင်သားကြီးထွားဖွံ့ဖြိုးလာခြင်း
  • ရာသီစလာခြင်း

ယောက်ျားတွေမှာ တွေရသော ရောဂါလက္ခဏာများ။

  • ဝှေးစေ့နဲ့ လိင်တံကြီးထွားလာခြင်း
  • မျက်နှာတွင် အမွှေးများပေါက်လာခြင်း (အထူးသဖြင့် နှုတ်ခမ်းမွှေး)
  • အသံအောလာခြင်း

ယောက်ျားလေးကော၊ မိန်းကလေးမှာပါ တွေ့ရသည့် လက္ခဏာများ။

  • ဆီးခုံမွှေး၊ ချိုင်းမွှေးများပေါက်လာခြင်း
  • ခန္ဓါကိုယ်ကြီးထွားနှုန်းမြင့်လာခြင်း
  • ဝက်ခြံများပေါက်လာခြင်း
  • လူကြီးနံ့ထွက်လာခြင်း

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော လက္ခဏာတွေရှိမယ် ဒါမှမဟုတ် သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ခန္ဓါကိုယ်တွေဟာ လူတစ်ယောက်နဲ့ တစ်ယောက်တုံ့ပြန်ပုံချင်း မတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

အကြောင်းရင်းများ

Precocious puberty (စောပြီးအရွယ်ရောက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရွယ်ရောက်ခြင်းဖြစ်စဉ်မှာ ဦးနှောက်မှာရှိတဲ့ ဟော်မုန်းဓါတ်တွေထိန်းချုပ်ပေးနေသော ဟိုက်ပိုသားလမတ်စ်က အဓိကဆရာကြီးပါပဲ။ ဟော်မုန်းတွေထုတ်ကာ သူ့အောက်မှာရှိတဲ့ ပစ်ကျူထရီဂလင်းကို လှုံဆော်ပါတယ်။ ထို့မှတစ်ဆင့် မိန်းကလေးတွေမှာဆို မျိုးဥအိမ်၊ ယောက်ျားလေးတွေမှာဆို ဝှေးစေ့ကို လှုံ့ဆော်ပြီး လိင်ဟော်မုန်းတွေ ထွက်စေပါတယ်။

တစ်ခါတစ်ရံမှာတော့ အရွယ်စောရောက်ရခြင်း အကြောင်းအရင်းတွေက ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ဦးခေါင်းထိခိုက်မိခြင်းနဲ့ ဦးနှောက်ကျူမာတွေလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ဦးနှောက်ပြဿနာတွေမှာ မြစ်ဖျားခံတာဖြစ်ပါတယ်။ မမျိုးဥအိမ် ဒါမှမဟုတ် သိုင်းရွိုက်ဂလင်းတွေမှာ ပြဿနာရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သိပ်တော့ ကိစ္စမရှိပါဘူး။ မိန်းကလေးအများစုကတော့ ကျန်းမာရေးချို့ယွင်းချက်တွေမရှိကြပဲ သူ့ဘာသာ ဘာအကြောင်းအရင်းတိတိပပမရှိလျက် အပျိုဖော်စောဝင်ကြတာပါ။

ယောက်ျားလေးတွေမှာတော့ အခြားကျန်းမာရေးချို့ယွင်းချက်တွေကြောင့် အဖြစ်များပါတယ်။ ယောက်ျားလေး၅ရာခိုင်နှုန်းဟာ မျိုးရိုးလိုက်တာကြောင့် လူပျိုဖော်စောဝင်ကြတာပါ။ အဖေကနေသားကိုသွားနိုင်သလို အမေဘက်ကအဖိုးကနေလည်း အမေကိုကြားခံထားပြီး ထိုအခြေအနေကို ရရှိနိုင်ပါတယ်။ အမေမှာတော့ ရောဂါဖြစ်စေမှာ မဟုတ်ပါဘူး။

ဖြစ်နိုင်ခြေများ

Precocious puberty (စောပြီးအရွယ်ရောက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အန္တရယ်ရှိအချက်များမှာ အောက်ပါတို့ပဲဖြစ်ပါတယ်။

  • မိန်းကလေးဖြစ်နေခြင်း။ အပျိုဖော်စောဝင်တာက မိန်းမတွေမှာ အဖြစ်များပါတယ်။
  • အာဖရိကန်-အမေရိကန်လူမျိုးဖြစ်နေခြင်း။ အခြားလူမျိုးကလေးတွေထက် ထိုလူမျိုးကလေးတွေမှာ အရွယ်စောရောက်နိုင်ခြေများပါတယ်။
  • အဝလွန်ခြင်း။ သိသိသာသာဝနေတဲ့ကလေးတွေမှာ အရွယ်စောရောက်နိုင်ခြေများပါတယ်။
  • လိင်ဟော်မုန်းများဖြင့်ထိတွေ့နေခြင်း။ အီစထိရိုဂျင်၊ တက်စရိုစတီရုန်းလိမ်းဆေးများ ဒါမှမဟုတ် ဟော်မုန်းတွေပါဝင်တဲ့ အခြားပစ္စည်းများဖြင့် ထိတွေ့နေမယ်ဆိုရင် အရွယ်စောရောက်နိုင်ခြေများပါတယ်။
  • အခြားကျန်းမာရေးချို့ယွင်းချက်များရှိနေခြင်း။ အရွယ်စောရောက်ခြင်းဟာ McCune-Albright syndrome ရောဂါနဲ့ မွေးရာအက်ဒရီနယ်ဖွံ့ဖြိုးလွန်ရောဂါ(ကျားဟော်မုန်းထုတ်လုပ်မှု ပုံမှန်မဟုတ်သောရောဂါ)တို့ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလည်းဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။
  • ပင်မအာရုံကြောစနစ်ကို ဓါတ်ရောင်ခြည်ကုထုံများ ပြုလုပ်ခြင်း။ ကျူမာတွေ၊ သွေးကင်ဆာတွေနဲ့ အခြားသော ရောဂါတွေမှာသုံးတဲ့ ဓါတ်ရောင်ခြည်ကုထုံးတွေကြောင့် အရွယ်စောရောက်ခြင်း ဖြစ်နိုင်ခြေရာခိုင်နှုန်းများစေပါတယ်။
  • ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Precocious puberty (စောပြီးအရွယ်ရောက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ရင်သားဖွံ့ဖြိုးခြင်း၊ အချိန်တိုအတွင်းမှာ အရပ်ရှည်ထွက်လာခြင်း၊ ရာသီလာခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝှေးစေ့၊လိင်တံတို့ ကြီးထွားလာခြင်း၊ ဆီးခုံမွှေး၊ ချိုင်းမွှေးတို့ပေါက်လာခြင်းတို့လိုမျိုး လက္ခဏာတွေ ကလေးမှာ အချိန်မတိုင်ပဲပြလာခဲ့မယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။ လူပျိုဖော်၊အပျိုဖော်ဝင်တဲ့ လက္ခဏာတွေဟာ ဆရာဝန်စစ်ဆေးတဲ့နေရာမှာ များသောအားဖြင့် သိသာလှပါတယ်။ စစ်ဆေးမှုကို အတည်ပြုဖို့ သွေးထဲ၊ဆီးထဲမှာ လိင်ဟော်မုန်းမြင့်မားနေမှုကို ဓါတ်ခွဲခန်းမှာ ရှာဖွေခိုင်းပါလိမ့်မယ်။ လက်နဲ့လက်ကောက်ဝတ်ဓါတ်မှန်ရိုက်ခြင်းက အရိုးတွေ လျင်မြန်စွာကြီးထွားမှုရှိမရှိကို စစ်ဆေးနိုင်ပါလိမ့်မယ်။

    စီတီစကင်၊ MRI နဲ့ အာထရာဆောင်းလိုမျိုး ပုံရိပ်ဖော်နည်းပညာတွေက ဦးနှောက်၊ မမျိုးဥအိမ်နဲ့ ဝှေးစေ့ကျူမာတို့ကဲ့သို့သော အကြောင်းအရင်းတွေကို ဝေဖန်ပိုင်းခြားစေနိုင်ပါလိမ့်မယ်။

    Precocious puberty (စောပြီးအရွယ်ရောက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသမှုကွဲပြားပါလိမ့်မယ်။ ကုသမှုရဲ့ အဓိကလိုရင်းကတော့ ကလေးကို ပုံမှန်အရပ်အမြင့်နဲ့ပဲ ကြီးထွားစေဖို့ ဖြစ်ပါတယ်။

    • ပင်မအာရုံကြောစနစ်ကြောင့်အရွယ်စောရောက်ခြင်း

    အခြားဘာကျန်းမာရေးချို့ယွင်းမှမရှိသော သူတွေမှာတော့ ထိုရောဂါကို ထိထိရောက်ရောက်ကုသနိုင်ပါတယ်။ ကုသမှုကတော့ နောက်ထပ်ဖွံ့ဖြိုးမှုတွေ နှေးကွေးသွားအောင် GnRHဟော်မုန်းအားဆန့်ကျင်သည့် Leuprolide(Lupron Depot) လိုမျိုးဆေးဝါးတွေကို လစဉ်ထိုးပေးခြင်းဖြစ်ပါတယ်။ ဆေးဝါးအသစ်တွေရဲ့ ဖော်မျူလာတစ်ချို့က ဒီထက်တောင် ကြာကြာခံပါသေးတယ်။

    လူပျိုဖော်၊အပျိုဖော်ဝင်သင့်တဲ့ အရွယ်မရောက်မချင်း ထိုဆေးဝါးတွေကို အသုံးပြုနေရမှာဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ဆေးအသုံးပြုခြင်းအား ရပ်တန့်ပြီး ၁၆လအကြာမှာ အရွယ်ရောက်ခြင်း ပြန်လည်စတင်လာပါလိမ့်မယ်။

    • ငုပ်လျှိုးနေသောရောဂါများအားကုသခြင်း

    အရွယ်စောရောက်ခြင်းအား အခြားသော ကျန်းမာရေးအခြေအနေချို့ယွင်းမှုတွေက ဖြစ်စေနေမယ်ဆိုရင် ထိုရောဂါတွေကို ကုသဖို့လိုအပ်ပါတယ်။ အသားပိုထွက်နေပြီး ထိုအသားပိုကထုတ်နေတဲ့ ဟော်မုန်းတွေကြောင့်ဆိုရင် ခွဲထုတ်ပြစ်မှသာ သက်သာပါလိမ့်မယ်။

    လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

    လူပျိုဖော်၊အပျိုဖော်စောဝင်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

    အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းတွေက လူပျိုဖော်၊အပျိုဖော်စောဝင်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

    အရွယ်စောရောက်တဲ့သူတွေဟာ သက်တူရွယ်တူတွေနဲ့ ကွဲပြားနေတယ်လို့ခံစားရပါလိမ့်မယ်။ လေ့လာမှုတွေများများစားစားမပြုလုပ်ရသေးသော်လည်း လိင်ကိစ္စတွေစမ်းသပ်ကြည့်ချင်စိတ်ရှိလာခြင်းလိုမျိုး လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုဆိုင်ရာပြဿနာတွေ ရှိလာပါဖို့များမယ်။ မိဘတစ်ယောက်အနေနဲ့လည်း ကိုင်တွယ်ရ ခက်ခဲပါလိမ့်မယ်။

    သင်၊ သင့်ကလေးနဲ့ အခြားမိသားစုဝင်တွေဟာ အဖြေရှာရခက်ခဲနေပြီဆိုရင် စိတ်ပညာရှင်တွေဟာ ထိုအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။ ပညာရှင်ကောင်းတစ်ယောက်နဲ့ တိုင်ပင်ချင်တယ်ဆိုပါက ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ အရင်ဆုံးဆက်သွယ်ပေးပါ။ အရွယ်စောရောက်ခြင်းရဲ့ အန္တရယ်ရှိအချက်တွေထဲမှာ ပါဝင်နေတဲ့ ယောက်ျား၊မိန်းမဖြစ်ခြင်းနဲ့ လူမျိုးစုအချက်အလက်တွေဟာ ရှောင်လွှဲလို့မရနိင်ပါဘူး။ ဒါပေမယ့်လည်း ဖြစ်နိုင်ခြေရာခိုင်နှုန်းလျော့ချပေးနိုင်မယ့် အရာတွေတော့ ရှိပါတယ်။ အောက်ပါတို့ပဲဖြစ်ပါတယ်။

    • ပြင်ပမှရရှိသောအီစထရိုဂျင်၊တက်စထရိုစတီရုန်းများနဲ့ ကလေးကို ဝေးဝေးထားပါ။ ထိုအရာတွေမှာ လူကြီးများအတွက်ဟော်မုန်းဆေးများအပြင် အီစထရိုဂျင်၊တက်စထရိုစတီရုန်းပါဝင်သော ဖြည့်စွက်စာတွေလည်း ပါဝင်ပါတယ်။
    • ကလေးကို ကိုယ်အလေးချိန် ထိန်းဖို့ တိုက်တွန်းပါ။

    မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement