backup og meta

မေမေ့ရဲ့ ဆယ်ကျော်သက်လေးတွေ ပင်ပန်းနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေ့ရဲ့ ဆယ်ကျော်သက်လေးတွေ ပင်ပန်းနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

    မေမေတို့ အိမ်က သားသားမီးမီး ဆယ်ကျော်သက်လေးတွေ ကို သတိထားကြည့်ဖူးလား။ ကလေးတုန်းက သွက်သွက်လက်လက် တက်တက်ကြွကြွရှိပေမယ့် အရွယ်လေးလည်း ရောက်လာရော တစ်ခုခုကို အလိုမကျ မှုန်ကုပ်နေပြီး အမြဲတမ်း ပင်ပန်းနေတတ်တဲ့ ပုံလေးတွေ ပေါက်နေတယ်လေ။ သူတို့လေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေ၊ ဘာလုပ်ပေးရင် ကောင်းမလဲဆိုတဲ့ အတွေးတွေ မေမေတိုင်းမှာ ရှိမယ်လို့ထင်ပါတယ်။

    ဆယ်ကျော်သက်လေးတွေ ကို ကြည့်လိုက်ရင် ဘာကြောင့် ပင်ပန်းနေတဲ့ ပုံပေါက်နေတာလဲ။ 

    ဆယ်ကျော်သက်လေးတွေ ဆိုတာ အရာရာပြောင်းလဲမှုကို ကြုံတွေ့ရတတ်တဲ့ အချိန်ပါ။ ကိုယ်ခန္ဓာပေါ်မှာလည်း ပြောင်းလဲမှုတွေရှိမယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေမယ့်အပြင် ကျောင်းဆိုလည်း မူလတန်းကနေ အလယ်တန်း၊ အထက်ကျောင်းကို ပြောင်းရတဲ့အတွက် ကျောင်းအသစ် အပေါင်းအသင်းအသစ် ပတ်ဝန်းကျင်အသစ် အတွေ့အကြုံအသစ်တွေနဲ့ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရတဲ့အချိန်ပါ။ ဒါတွေတင်မကပါဘူး။ မေမေတို့ရဲ့ ရင်သွေးလေးတွေကို ပင်ပန်းအောင်လုပ်နေတဲ့ အခြား အချက်တွေလည်းရှိပါသေးတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

  • ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် ပင်ပန်းတဲ့ ပုံပေါက်နေတတ်ပါတယ်။
  • ကျောင်းနဲ့ အိမ် အိမ်နဲ့ ကျောင်း၊ ကျူရှင် ပြီးတော့ ဂိုက် ဆိုပြီး တစ်ချိန်လုံး စာထိုင်သင်နေရတဲ့သူတို့မှာ ကိုယ်လက်လှုပ်ရှားမှုတို့ လေ့ကျင့်ခန်းတို့ လုပ်ဖို့အချိန် ဘယ်မှာလဲ။

    အိပ်ရာထ ကျောင်းသွား ထိုင်ပြီးစာသင် ကျောင်းပြန် ကျူရှင်တက်ထိုင်ပြီးစာသင့် အိမ်ပြန်ရောက် ထမင်းစား ဖုန်းပွတ် စာလုပ် အိပ်ရာဝင် နဲ့ ကိုယ်လက်လှုပ်ရှား အားကစားကို အချိန်မပေးနိုင်ကြပါဘူး။

    ဒီလို လှုပ်ရှားမှု များများစားစားမရှိလို့ ကလေးတွေအညောင်းမိပြီး ထိုင်းမှိုင်းနေတတ်ကြတာပါ။ ဒ့ါကြောင့် အားကစားတစ်မျိုးမျိုး ကို ( လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီး) လိုက်စားဖို့ ကလေးတွေကို အားပေးသင့်ပါတယ်။

    • စိတ်ဖိစီး နေများနေလို့ လန်းဆန်းမှုတွေ ပျောက်နေတတ်ပါတယ်။ 

    အပျိုဖော်ဝင်ခါစ ဟော်မုန်း အပြောင်းအလဲလည်းဖြစ်တော့ စိတ်တွေလည်း မတည်ငြိမ်၊ ပြောင်းလဲမှုတွေ အများကြီးလည်း ကြုံတွေ့နေရမှာပါ။ အဲ့ဒါတွေကို နားလည်အောင် သင်ယူနေတဲ့အချိန်လည်းဖြစ်၊ ဆယ်ကျော်သက် ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း လိုချင်နေတဲ့အချိန်ဆိုတော့ အိမ်နဲ့လည်း အဆင်မပြေတဲ့သူတို့လေးတွေမှာ စိတ်ဖိစီးမှုတွေများပြီး ပင်ပန်းတဲ့ရုပ်ပေါက်နေတတ်ပါတယ်။ ဒီလို အရွယ်တွေ အတင်းအကြပ် ချုပ်ချယ်ထားမယ့်အစား အထိုက်လျောက် လွတ်လပ်ခွင့်ပေးပြီး ထိန်းကျောင်းသင့်ပါတယ်။

    • အိပ်ရေးမဝတာကြောင့်လည်း ထိုင်းမှိုင်းတတ်ပါတယ်။ 

    သူများနည်းတူ ဖုန်းကိုင်ချင်တယ်ဆိုတော့ ဆယ်ကျော်သက် လေးပဲ ရှိသေးပေမယ့် ဖုန်းကိုင်ခွင့်ပေးထားရမှာပါ။ ဒီခေတ်ကြီးမှာ အင်တာနက်တွေ၊ ဂိမ်းတွေက ကလေးတွေဆီက အိပ်ချိန်တွေကို လုယူနေပါတယ်။

    အိပ်ရေးမဝတဲ့ ကလေးတစ်ယောက်က ဘယ်လိုမှ လန်းလန်းဆန်းဆန်းမရှိနိုင်ပါဘူး။ ဒါ့ကြောင့် မေမေတို့ အိပ်ချိန် စားချိန် ဆော့ချိန် စာလုပ်ချိန်တွေကို ကလေးတွေအတွက် သေချာသတ်မှတ်ပေးထားသင့်ပါတယ်။

    • ရာသီသွေးဆင်းတာကလည်း ကလေးတွေကို ပင်ပန်းစေတဲ့ အချက်တစ်ခုပါ။ 

    ရာသီသွေးဆင်းလို့ အလုပ်ရှုပ်တာက တစ်ကြောင်း၊ ရာသီ ကြောင့် ကိုက်ခဲနေတာကတစ်ကြောင်း၊ ရာသီသွေးဆင်းခြင်းရဲ့ နောက်ဆက်တွဲ သံဓာတ်ချို့တဲ့ သွေးအားနည်းတဲ့ ဝေဒနာခံစားရတာ တစ်ကြောင်းနဲ့ မေမေ့ သမီးလေးတွေ အဲဒီ အချိန်ဆို နုံးနေတတ်ပါတယ်။

    ဒီ အချိန်မှာ ဖြစ်တတ်တဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်း ပြဿနာကိုဖြေရှင်းဖို့အတွက် မေမေတို့ဘက်က သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးတာမျိုး၊ သံဓာတ်ပါတဲ့ ဖြည့်စွက်အားဆေးတွေ တိုက်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

    • ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာကို စိတ်တိုင်းမကျတာကြောင့်လည်း ပင်ပန်းနေတတ်ပါတယ်။

    သူများတွေအားလုံးက ထွားလာလှလာကြပေမယ့် ကိုယ်က ရွယ်တူတွေကြားထဲ ပုသေးညှက်နေတဲ့အခါ လှောင်ပြောင်ကြတာတွေကို မခံစားနိုင် ဘာမှလည်း ပြောလို့မရ ဒေါသထွက် အလိုမကျဖြစ်တတ်တာလည်း ဒီအရွယ်ပါပဲ။

    ဒါ့ကြောင့် ကိုယ့်ကလေး အာဟာရပြည့်ဝပြီး ရွယ်တူတွေနဲ့ တန်းတူ ကြီးထွားစေဖို့ အစားအသောက်ပိုင်းရော၊ ဖြည့်စွက်အားဆေးအပိုင်းမှာရော မလစ်ဟင်းရလေအောင် မေမေတို့ ဂရုစိုက်သင့်ပါတယ်။

    ကဲ မေမေရဲ့ ဆယ်ကျော်သက်လေးတွေကို ပင်ပန်းစေတဲ့ ဒီအချက်တွေ ရှိတယ်ဆိုတာ သိထားမှ ကိုယ့်ကလေး ခံစားနေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement