backup og meta

ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ

    ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ

    ဆယ်ကျော်သက်ဆိုတာ အင်မတန် လက်တည့်စမ်းတတ်ကြသူတွေပါ။ ဆေးလိပ်၊အရက်က စလို့ မူးယစ်ဆေးဝါးအထိလည်း အဖော်ကောင်းရင်ကောင်းသလို စမ်းတတ်ကြပါတယ်။ ဒီအရွယ်လေးတွေဖို့ မူးယစ်ဆေးဝါးအများစုဟာ ဈေးကြီးသလို လက်လှမ်းလည်း သိပ်မမှီတတ်ကြပါဘူး။ ဒါပေမယ့် မဟုတ်တဲ့နေရာမှာဆို ဉာဏ်ကောင်းလေ့ရှိကြတဲ့ ‘တလွဲဆံပင်ကောင်းတတ်သူ’တို့ ထုံးစံအတိုင်း မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးတွေကို အတတ်စမ်းကြပါတော့တယ်။ ဘယ်လိုမျိုးပါလိမ့်လို့ တွေးမနေပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    (၁) ချောင်းဆိုးပျောက်ဆေးရည်

    နှစ်နှစ်သားကလေးတောင် ပိုက်ဆံပါရင် ဆေးဆိုင်မှာ သွားဝယ်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးပုလင်း အိမ်မှာရှိနေတာကို ဘယ်မိဘမှ အထူးတလည် ဂရုစိုက်မိမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီချောင်းဆိုးပျောက်ဆေးရည်တွေကို ပမာဏများများသောက်သုံးရင် သင့်စိတ်နဲ့အာရုံကို ပြောင်းလဲစေတတ်တဲ့အပြင် ခန္ဓာကိုယ်အပြင်ကို သင့်စိတ်ဝိညာဉ်လွင့်မျောသွားသလို ခံစားရပါလိမ့်မယ်။ ချောင်းဆိုးပျောက်ဆေးရည်ဟာ စွဲတတ်ပါတယ်။ အလွန်အကျွံသောက်သုံးရင် (အထူးသဖြင့် အရက်နဲ့ တွဲစပ်သောက်သုံးရင်) သင့်နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို နှေးသွားစေတဲ့အတွက် သေတတ်ပါတယ်။

    (၂) ကော်ရှူခြင်း

    ဒါဟာ နာမည်ကြီးပြဿနာတစ်ခုပါ။ ဆင်းရဲနွမ်းပါးပြီး မိဘအုပ်ထိန်းမှုအားနည်းတဲ့ ကလေးတွေ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ စက်ဘီးကျွတ်ဖာရာမှာ သုံးတဲ့ကော်၊ ပိုက်ဆက်ကော် စတာတွေကို ရှူရှိုက်တာပါ။ ဒီလိုရှူရှိုက်ခြင်းအားဖြင့် မူးယစ်ဆေးသုံးစွဲသကဲ့သို့ ကောင်းမွန်သော ခံစားမှုကို ရရှိစေတယ်လို့ ဆိုပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်စတာတွေကိုလည်း ရှူရှိုက်တတ်ကြပါသေးတယ်။ ကော်ရှူခြင်းဟာ စွဲတတ်ပြီး တစ်ခါရှူရုံနဲ့တင် ဦးနှောက်ကို ထိခိုက်နိုင်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလို ရှူလိုက်တဲ့အငွေ့တွေဟာ သင့်နှလုံးကို ထိခိုက်စေရုံသာမက အသက်ရှူလမ်းကြောင်းကိုလည်း ပိတ်ဆို့စေနိုင်လို့ပဲ ဖြစ်ပါတယ်။

    (၃) နိုက်ထရိုက်

    ရှူဆေးဘူးယောင်ယောင်၊ ဘာယောင်ယောင်နဲ့ လူငယ်တွေ သုံးတတ်ကြတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေးကို poppers သို့မဟုတ် snappers လို့လည်း ခေါ်တတ်ကြပါသေးတယ်။ ဒီကနေ့ခေတ်စားနေတဲ့ EDM ပွဲတွေမှာ တွေ့ရတတ်ပါတယ်။ နိုက်ထရိုက်ဟာ သွေးကြောတွေကို ကျယ်စေတာမို့ လိင်မှုကိစ္စခံစားမှုကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ သူဟာလည်း စွဲတတ်တဲ့အပြင် ပထမတစ်ကြိမ်နဲ့တင် မပြန်လမ်းကို မြန်းရတာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဒါ့အပြင် ဒီဆေးရဲ့ကောင်းမှုကြောင့် အသိသတိတွေလွတ်နေ (ကောင်းနေ)တတ်တဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံဖို့ အခွင့်အလမ်းပိုများကာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ပိုမိုကူးစက်စေနိုင်ပါတယ်။

    (၄) မသောက်ဘဲ မူးတဲ့အရက်

    ဒီဟာကတော့ နည်းနည်းဆန်းပါတယ်။ စပ်စုချင်၊စူးစမ်းချင်တဲ့ ဆယ်ကျော်သက် (ကျား/မ နှစ်မျိုးလုံး)တွေဟာ အရက်ကို ပါးစပ်က မသောက်ဘဲ မူးအောင်လုပ်ဖို့ ကြံဆကြပါတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းအတောင့် (tampon)ကို ဗော့ဒ်ကာအရက်ထဲ ထည့်စိမ်လိုက်ပါတယ်။ ပြီးတဲ့အခါ အဲ့ဒီ tampon ကို မိန်းမကိုယ်ထဲ/စအိုထဲ ထည့်ကြပါတယ်။ ဒါဟာ တကယ်အလုပ်ဖြစ်မဖြစ် မသိရပေမယ့် နူးညံ့တဲ့ မိန်းမကိုယ်အတွင်းသားတွေနဲ့ စအိုအတွင်းသားတွေကိုတော့ ရောင်ရမ်းထိခိုက်စေပါတယ်။ အဆိုပါ နေရာတွေဟာ အရက်ကို သွေးကြောထဲသို့ လျင်မြန်စွာ စုပ်ယူနိုင်တဲ့အတွက် alcohol poisoning လို့ခေါ်တဲ့ အရက်အဆိပ်သင့်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရင် သေတတ်ပါတယ်။

    (၅) အမူးအမော်ပြေဆေးတွေ

    ခရီးသွားတဲ့အခါ မူးတတ်မော်တတ်သူတွေအတွက် သောက်ဆေးလေးတွေ ရှိသလို ဒီဆေးတွေကိုလည်း လူတိုင်းအလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို ပမာဏအများအပြား သောက်သုံးမယ်ဆိုရင်တော့ ‘ကောင်း’တဲ့ ခံစားချက်ကို ရရှိစေတဲ့အတွက် လူငယ်တွေ တလွဲသုံးကြပြန်ပါတယ်။ ဒီလို အလွန်အကျွံသုံးစွဲတဲ့အခါ ကြမ်းတမ်းတဲ့ ကိုယ်အမူအရာတွေကို ဖြစ်ပေါ်လာစေသလို လက်တွေ့နဲ့ကင်းကွာတဲ့ ခံစားချက်တွေလည်း ပေါ်ပေါက်လာတတ်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်များထိုင်းမှိုင်းခြင်း၊ စကားပီသစွာ မပြောနိုင်တော့ခြင်း၊ ဆီးမထိန်းနိုင်ခြင်း စတဲ့ ပြဿနာတွေနဲ့ပါ ရင်ဆိုင်လာရနိုင်ပါတယ်။ ဆေးပြားဘယ်လောက်သောက်ရင် ‘ကောင်း’တဲ့ ခံစားချက်ဖြစ်စေမယ်၊ဘယ်လောက်ဆိုရင်တော့ အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

    (၆) လက်သန့်စင်ဆေးရည်ဂျဲလ်

    လူငယ်တွေဟာ ရီဝေဝေမူးယစ်တဲ့၊ ‘ကောင်း’တဲ့ ခံစားချက်ကို ရရှိစေနိုင်ဖို့အတွက် လက်သန့်စင်ဆေးရည်ဂျဲလ် (hand gel)ကိုတောင် သောက်တတ်ကြပါတယ်။ ဒီလိုသောက်ခြင်းအားဖြင့် အယ်လ်ကိုဟောအဆိပ်သင့်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မျောခြင်းတို့သာမက အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။ လူငယ်တွေဟာ ဒီ hand gel တွေမှာ အယ်လ်ကိုဟောပမာဏ ၆၀ – ၉၅ % ထိ ပါရှိတယ်ဆိုတာကို မသိကြပါဘူး (ဗော့ဒ်ကာအရက်မှာ အယ်လ်ကိုဟော ၄၀ %၊ဘီယာမှာ ၄ – ၆ % ပါဝင်ပါတယ်)။ ဒါဟာလည်း သေတတ်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။

    လူငယ်သဘာဝ စူးစမ်းတာကောင်းပါတယ်။ ဒီလို စူးစမ်းမှုတွေကပဲ ကျွန်တော်တို့ကမ္ဘာကြီးကို ပိုမိုလှပကောင်းမွန်စေခဲ့တာပါ။ ဒါပေမယ့် တလွဲဆံပင်ကောင်းပြီး မဟုတ်တရုတ်တွေ လက်တည့်စမ်းမိရင်တော့ အလျော်အစားက ကြီးမားလှပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင် လူငယ်ဆိုရင်လည်း အဆိုပါ အရာတွေကို မစမ်းသပ်ကြည့်ဖို့နဲ့ မိဘတစ်ဦးဆိုရင်လည်း သင့်သားသမီးရဲ့ အရိပ်အခြည်ကို အကဲခတ်သိရှိစေနိုင်ဖို့ရည်ရွယ်ပြီး မျှဝေပေးလိုက်ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement